spot_img
Tuesday, February 17, 2026
More
    spot_img
    Homeသတင်းစစ်ကောင်စီကျင်းပမည့်ရွေးကောက်ပွဲ စစ်အာဏာရှင်စနစ်ကို ပြန်အသက်သွင်းခြင်းဟုဆို

    စစ်ကောင်စီကျင်းပမည့်ရွေးကောက်ပွဲ စစ်အာဏာရှင်စနစ်ကို ပြန်အသက်သွင်းခြင်းဟုဆို

    -

    စစ်ကောင်စီကျင်းပမည့် ရွေးကောက်သည် စစ်အာဏာရှင်စနစ်ကို ပြန်လည်အသက်သွင်းသည့် နိုင်ငံရေးထွက်ပေါက်သာဖြစ်ကြောင်း ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) မှ ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ပြောသည်။

    ပြည်သူလူထုတစ်ရပ်လုံး၏ လိုလားချက်သည် စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းပြီး ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးသာဖြစ်ကြောင်း ၎င်းက ပြောသည်။

    ခွန်မြင့်ထွန်းက “အခု ၂၀၂၃ ရွေးကောက်ပွဲဟာ ကျနော်တို့ လူထုတစ်ရပ်လုံး အသက်သွေးချွေးနဲ့ ရင်းပြီးတော့ လိုချင်တဲ့ စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေး၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး ရည်မှန်းချက်ကို အကောင်အထည်ဖော်စေမှာ မဟုတ်ဘူး။ စစ်အာဏာရှင်စနစ်ကို ပြန်လည်အသက်သွင်းမယ့် စစ်ကောင်စီရဲ့ နိုင်ငံရေးထွက်ပေါက်ဖြစ်တဲ့အတွက် ရွေးကောက်ပွဲမှာ ကျနော်တို့ ပူးပေါင်းဆောင်ရွက်မှုတွေ မလုပ်ဖို့ ပြည်တွင်းပြည်ပအားလုံး၊ ကျနော်တို့ ပြည်တွင်းမှာရှိတဲ့ ပြည်သူလူထုရော၊ နိုင်ငံတကာမှာရှိတဲ့ အစိုးရတွေရော၊ နိုင်ငံတကာအသိုင်းအဝိုင်းရော အသိအမှတ်မပြုဖို့လိုတယ်၊ ပူးပေါင်းဆောင်ရွက်မှု မလုပ်ဖို့လိုတယ်” ဟု ပြောသည်။

    ထို့အတူ စစ်ကောင်စီ ကျင်းပမည့် ရွေးကောက်ပွဲကို အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အနေဖြင့် အသိအမှတ် မပြုရန်လည်း လိုအပ်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။

    ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း ရှိ မရှိဆိုသည်ကို ပြောရန် စောသေးကြောင်း၊ မဲဆန္ဒနယ် သတ်မှတ်သည့်အပေါ် မူတည်လိမ့်မည်ဖြစ်ကြောင်း မွန်ညီညွတ်ရေးပါတီ (MUP) မှ ပြောရေးဆိုခွင့်ရှိသူ နိုင်သန်းရွှေက ပြောသည်။

    “မွန်ပြည်နယ်ကတော့ အထူးသဖြင့်တော့ မဲဆန္ဒနယ်ခွဲတဲ့ နေရာ‌ပေါ်မှာ အရေးကြီးတယ်၊ ဘာဖြစ်လို့လည်းဆိုရင် အရင်က မြို့နယ်ကို အခြေခံတဲ့ မဲဆန္ဒနယ်ဆိုလို့ရှိရင် အခုမြို့နယ်တချို့တွေမှာ မငြိမ်မသက်မှုတွေ ဖြစ်နေတယ်ဆိုတော့ ဆိုင်းငံ့ဖို့ အနေအထားတော့ ရှိတယ်ပေါ့နော်၊ ဒီအရင်က အနေအထားဆိုလို့ရှိရင် အခု အနေအထားက မဲဆန္ဒနယ်တွေကို ဘယ်လို သတ်မှတ်မလဲဆိုတာ ကျနော်တို့ မသိရသေးတဲ့အတွက် ဒါကို ကျနော်တို့ မပြောနိုင်သေးဘူး။ ဥပမာ မဲဆန္ဒနယ် အားလုံးကို ကျင်းပနိုင်မလား၊ မကျင်းပနိုင်ဘူးလားဆိုတာကတော့ ဒီမဲဆန္ဒနယ် သတ်မှတ်တဲ့အပေါ်မှာပဲ မူတည်တယ်လေ၊ ဒါပေမဲ့ မငြိမ်းချမ်းတာတော့ ကျိုကြားကျိုကြားတော့ ဖြစ်နေတာပေါ့နော်၊ ဒါတော့ ရှိတာပေါ့” ဟု ပြောသည်။

    ဒီမိုကရေစီနိုင်ငံတစ်ခုတွင် ရွေးကောက်ပွဲ ရှိသင့်ကြောင်း သို့သော်လည်း  စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲအပေါ် အမြင်ကွဲပြားမှုများရှိနေကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောသည်။

    ၎င်းက “၂၀၂၃ မှာ နစက-က လုပ်မယ့် ရွေးကောက်ပွဲအခင်းအကျင်းအနေနဲ့ ပြောမယ်ဆိုရင်တော့ ကျနော်တို့ ကြားမှာကတော့ ဆွေးနွေးတာတော့ မရှိပါဘူး။ ကိုယ်ကိုယ်တိုင်ကလည်း လွှတ်တော်ပြင်ပကနေပြီးတော့ ခုနက ဖွဲ့စည်းပုံအခြေခံဥပဒေတွေ ပြင်ဆင်ရေးဆွဲ လုပ်ဆောင်နေကြတာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျနော့်ရဲ့ အမြင်အရတော့ ကျဉ်းမြောင်းနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့လေ၊ ရွေးကောက်ပွဲကတော့ ဒီမိုကရေစီတစ်ခု၊ နိုင်ငံတစ်ခုအတွက်တော့ ရှိသင့်ရှိထိုက်တယ်ဆိုပေမယ့် တချို့ကလည်း ၂၀၂၃ ရွေးကောက်ပွဲက ရှိရင်လည်း မကောင်းဘူး။ မရှိရင်လည်း မကောင်းဘူး။ အဲဒီလို အမြင်ကွဲပြားမှုတွေတော့ အမျိုးမျိုးရှိနေပါတယ်၊ ကျနော်အနေနဲ့ကတော့ အဲဒီအပေါ်မှာကတော့ တစ်စုံတစ်ရာ မှတ်ချက်ပေးဖို့ကိုတော့ နဲနဲများစောဦးမယ်လို့ စဉ်းစားမိပါတယ်” ဟု ပြောသည်။

    စစ်ကောင်စီ ကျင်းပမည့် ရွေးကောက်ပွဲကို ပြည်သူများ ပူးပေါင်းခြင်းမပြုရန် ချင်းပြည်နယ် ပူးတွဲ ကာကွယ်ရေးကော်မတီ (CJDC)မှ ထုတ်ပြန်ထားသလို ကရင်နီပြည်နယ်အတွင်းရှိ နိုင်ငံရေးပါတီများအနေဖြင့် စစ်ကောင်စီ ကျင်းပမည့် ရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခွင့် မပြုကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)ကလည်း ပြောကြားထားသည်။

    စစ်ကောင်စီ ဥက္ကဋ္ဌကတော့ ၂၀၂၃ ခုနှစ်၊ သြဂုတ်လတွင် ရွေးကောက်ပွဲ ပြန်လည် ကျင်းပပေးမည်ဖြစ်ကြောင်း၊ အနိုင် ရရှိသည့် ပါတီကို နိုင်ငံတော်အာဏာ လွှဲပြောင်းပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ပြောကြားထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks