Homeသတင်းမုပ္ပလင်ကျေးရွာမှ ဦးမောင်မောင်တင်ဆိုသူ သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံး

မုပ္ပလင်ကျေးရွာမှ ဦးမောင်မောင်တင်ဆိုသူ သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံး

-

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်ကျေးရွာမှ ဦးမောင်မောင်တင် (ခ)သားကြီးဆိုသူ သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။

ဦး​မောင်မောင်တင်သည် ဒီဇင်ဘာ ၁ ရက်နေ့ ညနေ ၄ နာရီခန့်အချိန်တွင် မုပ္ပလင်-စွပ္ပနူး ကျေးရွာချင်းဆက်လမ်းရှိ ဇရပ်တခု၌ သေနတ်သမားတို့က လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးမောင်မောင်တင်သည် နေရာ၌ပင် ပွဲချင်းပြီး သေဆုံးခဲ့ခြင်းဖြစ်သည်။

“အဲ့ဇရပ်မှာ တခြားသူတွေရှိတယ်။ သူ့ကိုပဲ ပစ်သွားတာ။ ဇရပ်ဘေးက ထန်းရည်ဆိုင်က သူ့တပည့်ဆိုင်။ သူကလာပီး ဇရပ်ကို ဝင်တဲ့ချိန် ပစ်ခံရတာ။ ၃ချက်ထိတယ်” ဟု ဦးမောင်မောင်တင်နှင့်နီးစပ်သူ အမျိုးသားတစ်ဦးက ဆိုသည်။

အဆိုပါ ဦးမောင်မောင်တင်သည် ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်ကျေးရွာ၊ ဈေးတန်းရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး စစ်တပ်နှင့်ပေါင်းကာ မှောင်ခိုလုပ်ငန်းများ လုပ်ကိုင်နေသည်ဟု ဒေသခံများက ပြောဆိုနေကြသည်။

၎င်းပြင် မရမ်းချောင်ဂိတ် ရှောင်ကွင်းလမ်း စွပ္ပနူး-မုပ္ပလင် ကျေးရွာချင်းဆက်လမ်းတွင် ဖြတ်သန်းသွားလာနေသော မှောင်ခိုကားများ၊ နွားကား၊ သစ်ကားများကို စစ်တပ်နှင့်ပေါင်းကာ ပိုက်ဆံတောင်းနေသူတ‌စ်ဦးဖြစ်သည်ဟု ပြောဆိုနေကြသော်လည်း လွတ်လပ်သော မွန်သတင်းအေဂျင်စီအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၉ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ် လျှပ်စစ်အင်ဂျင်နီယာအရာရှိ မိုင်းအောင်နေထွန်း(ခ)ရှမ်းလေးဆိုသူ သေနတ်ဖြင့်အပစ်ခံရပြီး သေဆုံးခဲ့သေးသည်။

အဆိုပါ ပစ်ခတ်မှုများကို မည်သည့်အဖွဲ့ကလုပ်ဆောင်ခြင်းဖြစ်ကြောင်း ယနေ့အထိ တစ်စုံတစ်ရာ တရားဝင်ထုတ်ပြန်လာခြင်းမရှိသေးပေ။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts