Homeသတင်းမွန်ပြည်နယ်ဈေးကွက်တွင် ကြက်သွန်နီ‌ဈေး ထပ်မံမြင့်တက်

မွန်ပြည်နယ်ဈေးကွက်တွင် ကြက်သွန်နီ‌ဈေး ထပ်မံမြင့်တက်

-

မွန်ပြည်နယ်ဈေးကွက်အတွင်း ကြက်သွန်နီစျေး ထပ်မံမြင့်တက်လာသည်ဟု ပြည်နယ်အတွင်းရှိ ပွဲရုံလုပ်ငန်းရှင်များထံမှ သိရသည်။

ပြည်နယ်အတွင်းသို့ ကြက်သွန်နီဝင်ရောက်မှုနည်းပြီး ဝယ်လိုအားများနေသောကြောင့် ‌ကြက်သွန်နီဈေးနှုန်းများ မြင့်တက်လာသည်ဟု မော်လမြိုင် ဈေးကြိုပွဲရုံမှ လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

“တောင်သူတွေလက်ထဲမှာကိုက လက်ကျန်နည်းတော့ ကားအဝင်နည်းသွားတာပေါ့။ ရောင်းလိုအားနည်းပြီး ဝယ်လိုအားက တက်နေတော့ ဈေးက ထပ်တက်လာတာပေါ့” ဟု ၎င်းက ပြောသည်။

ကြက်သွန်နီအသစ်များ ဝင်ရောက်လာမှသာလျှင် ကြက်သွန်နီဈေး ပြန်ကျလာနိုင်သည်ဟု ကြက်သွန်ရောင်းဝယ်သူတို့က သုံးသပ်နေကြသည်။

ပြီးခဲ့သည့် အောက်တိုဘာလနောက်ဆုံးအပတ်ခန့်က ကြက်သွန်နီစျေးနှုန်း တစ်ပိဿာ ၃၉၀၀ ကျပ် ရှိခဲ့သော်လည်း နိုဝင်ဘာလတတိယအပတ်ခန့်တွင် ကြက်သွန်နီစျေး တစ်ပိဿာ ၄၆၀၀ ကျပ်အထိ ဈေးမြင့်တက်လာခဲ့သည်ဟု စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

မော်လမြိုင် ဈေးကြိုဆန်တန်းရပ်ကွက်မှ ကြက်သွန်ပွဲရုံလုပ်ငန်းရှင်တစ်ဦးကလည်း “တောင်သူတွေဆီမှာကိုက ဈေးကတက်နေပြီးသား။ နောက်ပြီး ကျွန်တော်တို့မှာ သယ်ယူပို့ဆောင်ခတွေ ထည့်တွက်ရတော့ ဈေးကပိုတက်လာတာပေါ့” ဟု ပြောသည်။

ပြီးခဲ့သည် အောက်တိုဘာလနှင့် နိုဝင်ဘာလအတွင်း အလှူအတန်းများ ပြုလုပ်ကြသောကြောင့် မွန်ပြည်နယ်ဈေးကွက်အတွင်း ကြက်သွန်နီဝယ်လိုအား မြင့်တက်လာခဲ့သည်ဟုလည်း အဆိုပါ ကြက်သွန်ပွဲရုံလုပ်ငန်းရှင်က ဆက်ပြောသည်။

မွန်ပြည်နယ်ဈေးကွက်အတွင်း ရောင်းဝယ်နေကြသည့် ကြက်သွန်နီများသည် မုံရွာ၊ ဆိပ်ဖြူ၊ မလှိုင်၊ မြစ်သာ၊ မိတ္ထီလာနှင့် မြင်းခြံမြို့တို့မှ အဓိက မှာယူကာ ရောင်းချနေကြောင်း စျေးကွက်အတွင်းမှ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts