Homeသတင်းလာမည့်ဒီဇင်ဘာလတွင် မွန်အမျိုးသားကောလိပ်ကျောင်း စတင်တည်ဆောက်မည်

လာမည့်ဒီဇင်ဘာလတွင် မွန်အမျိုးသားကောလိပ်ကျောင်း စတင်တည်ဆောက်မည်

-

မွန်ပြည်သစ်ပါတီ ထိန်းချုပ်ရာနယ်မြေ ရေးချောင်းဖျားဒေသ ညီစားစခန်းတွင် ပြီးခဲ့သည့် ဇွန်လအတွင်းက မွန်အမျိုးသားကောလိပ်ကျောင်းတစ်ခုကို ဖွင့်လှစ်ထူထောင်ထားပြီး သင်ကြားမှုများ စတင်ခဲ့ပြီး ဖြစ်သော်လည်း ကျောင်းအဆောက်အဦကို လာမည့်ဒီဇင်ဘာလတွင် စတင်တည်ဆောက်သွားမည်ဟု သိရသည်။

ယင်းသို့ မွန်အမျိုးသားကောလိပ် ထူထောင်ပြီးဖြစ်သော်လည်း ကျောင်းသား/ကျောင်းသူများ စာသင်ကြားနိုင်ရန် ကျောင်းအဆောက်အဦများ အဆင်သင့် ရှိမနေဘဲ လက်ရှိ မွန်အမျိုးသားပညာရေးကော်မတီမှ ဆောက်လုပ်ထားသည့် အဆောက်အဦများတွင် အဆင်ပြေသလိုသာ သင်ကြားနေရခြင်း ဖြစ်ပါသည်။

ထို့ ကြောင့် မွန်အမျိုးသားကောလိပ် ဦးဆောင်ကော်မတီမှ ပြည်တွင်း/ ပြည်ပရောက် မွန်ပြည်သူများနှင့် အခြားတိုင်းရင်းသားပြည်သူများမှ အလှုငွေများ ရရှိရေး ကြိုးပမ်းဆောင်ရွက်လျှက်ရှိပြီး လက်ရှိ အခြေအနေအရ အလှုငွေ ကျပ်သိန်း (၁၃၀၀) ကျော်သာ ရရှိထားပြီ ဖြစ်ကြောင်း သိရသည်။

မွန်အမျိုးသားပညာရေးဌာန တာဝန်ခံဖြစ်သူ မိစားဒါးမှ "ကျောင်းတည်ဆောက်ဖို့အတွက်ကို မြေနေရာ ၁၀ ဧကကျော်ကျော်လောက် ကျွန်မတို့ပြင်ဆင်ထားပြီး ဖြစ်ပါတယ်၊ နောက် အလှုငွေကလည်း ကျပ်သိန်း တစ်ထောင်ကျော်ကျော်လောက် ရနေပြီ ဆိုတော့ လာမဲ့ ဒီဇင်ဘာလ ၂၅ ရက်နေ့ကျရင် ပန္နက်ချနိုင်ဖို့ မှန်းထားတယ်၊ ကျောင်းအဆောက်အဦကို နှစ်ထပ်ပုံစံနဲ့ ဒီဇိုင်း ဆွဲထားတယ်၊ တစ်ဆင့်ပြီးတဆင့် လုပ်သွားမယ်၊ ကျောင်းသားတွေကတော့ ကျောင်းဆောင်အသစ်ရဖို့ မျှော်နေကြပြီ" ဟု ပြောသည်။

မွန်အမျိုးသားကောလိပ်ကျောင်းအဆောက်အဦအတွက် မြန်မာငွေကျပ်သိန်း (၆၀၀၀)၊ သို့မဟုတ် အမေရိကန်ဒေါ်လာ (၂) သိန်းကျော် လိုအပ်ပြီး နှစ်စဉ် ပညာရေးလုပ်ငန်းလည်ပတ်နိုင်ရေးအတွက် ကျပ်သိန်းနှစ်ထောင် သို့မဟုတ် အမေရိကန်ဒေါ်လာ (၆၅၀၀၀) ကျော် လိုအပ်မည်ဖြစ်ကြောင်း ရံပုံငွေ ရှာဖွေရေးကော်မတီမှ ခန့်မှန်း တွက်ချက်ထားပါသည်။

လက်ရှိ အခြေအနေအရ မွန်အမျိုးသားကောလိပ်ကျောင်းတွင် ကျောင်းသား/ကျောင်းသူများ စုစုပေါင်း ၃၀၀ နီးပါးခန့် တက်ရောက်ပညာသင်ကြားလျှက်ရှိပြီး ဘာသာရပ်တွေကို အွန်လိုင်းစနစ် Zoom ဖြင့် သင်ကြားနေရတာကြောင့် အင်တာနက်အခက်အခဲ အပါအဝင် လျှပ်စစ်မီး၊ ကွန်ပျူတာ မလုံးလောက်သည့်ပြဿနာလည်း ရှိနေကြောင်း သိရသည်။

မွန်အမျိုးသားကောလိပ်ကျောင်းအုပ်ဖြစ်သူ ဒေါက်တာပညာမွန်က “ကောလိပ်တစ်ခုတည်ဆောက် တာက တာဝန်ကြီးတယ်ဆိုတာ ကျနော်တို့အားလုံး သိပြီးသားပါပဲ။ စာသင်ကြားပေးနေတဲ့ ဆရာ/မတွေ အရည်အချင်းပြည့် မပြည့်၊ ကျောင်းပြီးရင်တော့ ဒီကော်လိပ်က ကလေးတွေ အလုပ်ရလား၊ မရလား၊ တစ်ခြား (ပြည်တွင်း/ပြည်ပ) တက္ကသိုလ်တွေလည်း ကိုယ့်ရဲ့ကောလိပ်ကျောင်းကို အသိမှတ်ပြုဖို့၊ နောက် အင်တာနက်ကိစ္စတို့၊ မီးကိစ္စတို့လည်း အခက်အခဲ အများကြီး ရှိသေးတယ်။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ကျောင်းအဆောက်အဦကို အလှူရှင်တွေကနေ ထောက်ပံ့ပေးထားတဲ့ ရံပုံငွေနဲ့ အရင်တည်ဆောက်သွားမယ်၊ ဘယ်တော့ပြီးမလဲ ဆိုတာလည်း မပြောနိုင်သေးဘူး” ဟု ပြောသည်။

ထို့ကြောင့် အဆင့်မြင့် မွန်အမျိုးသားကောလိပ်ကျောင်း ရေရှည်ရပ်တည်နိုင်ရေးနှင့် ကျောင်းအဆောက်အဦ အမြန် ပြီးစီးနိုင်ရေးအတွက် မွန်ပြည်သူတစ်ရပ်လုံးအနေဖြင့် ပူးပေါင်းပါဝင်ကူးညီပေးကြပါရန် လိုအပ်ကြောင်း ဒေါက်တာပညာမွန်က တိုက်တွန်းထားသည်။

မွန်အမျိုးသားကောလိပ်ကျောင်းတွင် ဘာသာရပ် (၆) ခုဖြစ်သည့် Social Science, Mass Media and Journalism, Leadership and Management, Education Teaching, Education Management နှင့် Mon Literature တို့ကို သင်ကြားလျှက်ရှိပြီး တွဲဖက်ဝိဇ္ဇာဒီဂရီ (Associate Degree of Art) ကို ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts