Homeသတင်းပေါင်မြို့က ဓာတ်ပုံဆရာကိုရဲဆိုသူ သေနတ်ဖြင့် ပစ်သတ်ခံရ

ပေါင်မြို့က ဓာတ်ပုံဆရာကိုရဲဆိုသူ သေနတ်ဖြင့် ပစ်သတ်ခံရ

-

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ပေါင်းရပ်ကွက်က ဓာတ်ပုံဆရာ ရဲသူကျော်(ခ)ကိုရဲဆိုသူ သေနတ်ဖြင့် ပစ်သတ်ခံရသည်ဟု ဒေသခံတစ်ဦးထံမှ  သိရသည်။

ပေါင်မြို့နယ်၊ ပေါင်းရပ်ကွက် အောက်လမ်းမတွင် နိုဝင်ဘာလ ၁၀ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်ခန့်က အမည်မသိလက်နက်သမားတို့က သေနတ်ဖြင့် လာရောက် ပစ်သတ်ခံခဲ့သည်။

အသက် ၃၀ နှစ်အရွယ် ဓာတ်ပုံဆရာကိုရဲသည် သေနတ်ဒဏ်ရာ ၆ ချက် ပစ်ခတ်ခံခဲ့ရပြီး သေဆုံးသွားသည်ဟုလည်း ဒေသခံတို့ထံမှ သိရသည်။

ဓာတ်ပုံဆရာကိုရဲသည် စစ်ကောင်စီနှင့် နီးစပ်သူတစ်ဦးဖြစ်ပြီး အများက ဒလန်ဟုလည်း သတ်မှတ်ခေါ်ဆိုနေကြသည်ဟု ဒေသခံတစ်ဦးက ဆိုသည်။

“ဓာတ်ပုံဆရာကိုရဲက စစ်တပ်နဲ့ပေါင်းတယ်၊ သူက စစ်တပ်နဲ့ အမြဲပဲ အတူသွား အတူလာနေကြတာဆိုတော့ သူများတွေက သူ့ကို ဒလန်လို့ခေါ်ကြတယ်” ဟု အထက်ပါဒေသခံက ပြောသည်။

ပစ်ခတ်ခံရမှုကြောင့် သေဆုံးသွားသည့် ကိုရဲသူကျော် (ခ) ကိုရဲ၏ ရုပ်လောင်းကို လူမူကယ်ဆယ်ရေးအဖွဲ့တို့၏အကူအညီဖြင့် ပေါင်မြို့ ပြည်သူ့ဆေးရုံ ရင်ခွဲရုံးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံဆရာကိုရဲ ပစ်သတ်ခံရသည့်ဖြစ်စဥ်နှင့် ပတ်သက်ပြီး မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်သည်ကို ထုတ်ပြန်ထားခြင်းမရှိသေးပါ။

ပြီးခဲ့သည့်  အောက်တိုဘာလ ၁၂ ရက်နေ့ကလည်း ပေါင်မြို့နယ် ကော့ကံကျေးရွာက ဦးလှမြင့်ဆိုသူ သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည့်ဖြစ်စဥ်လည်းရှိခဲ့သည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ပေါင်မြို့နယ်အတွင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ အုပ်ချုပ်ရေးမှူးတွေ စစ်ကောင်စီသတင်းပေးဆိုသူတွေနှင့် နိုင်ငံရေးပါတီဝင်တွေ မကြာခန ပစ်ခတ်ရှင်းလင်းခံရလေ့ရှိသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts