Homeသတင်းမွန်ပြည်နယ် အိမ်ခြံမြေဈေးကွက် အရောင်းအဝယ်ကျ

မွန်ပြည်နယ် အိမ်ခြံမြေဈေးကွက် အရောင်းအဝယ်ကျ

-

Photo : Google

ဒေါ်လာဈေးနှုန်း အတက်အကျ ပြန်လည် တည်ငြိမ်လာပြီးနောက် မွန်ပြည်နယ် အိမ်ခြံမြေဈေးကွက် အရောင်းအဝယ် ပြန်လည်ကျဆင်းလာသည်ဟု ပြည်နယ်အတွင်းရှိ အိမ်ခြံမြေအကျိုးဆောင်တို့ထံမှ သိရသည်။

ဒေါ်လာဈေးနှင့် ရွှေ‌ဈေး အတက်အကျ တည်ငြိမ်လာသောကြောင့် အိမ်၊ ခြံမြေအစား ရွှေကိုသာ အဓိက ဝယ်ယူနေကြကြောင်း မော်လမြိုင်မြို့ သီရီမြိုင်ရပ်ကွက်မှ အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ပြောသည်။

“အရင်တုန်းကကျတော့ ပိုက်ဆံ လက်ထဲမထားရဲကြဘူး။ ရွှေတွေ ဒေါ်လာတွေက အရမ်းတက်နေတော့။ အိမ်တွေ ခြံတွေဝယ်ထားကြတယ်။ အဲတုန်းက တောက်လျှောက် အရောင်းအဝယ် ကောင်းခဲ့တာပေါ့။ အခုကျတော့ ရွှေဘက်ပြန်လှည့်သွားကြတာပေါ့” ဟု ၎င်းက ပြောသည်။

အရောင်းအဝယ် သိသိသာသာ နည်းပါးလာသော်လည်း အိမ်ခြံမြေဈေး ကျဆင်းသွားခြင်း မရှိသေးကြောင်းလည်း အဆိုပါ အိမ်ခြံမြေအကျိုးဆောင်က ဆက်ပြောသည်။

မြို့တွင်း ခြံဈေးနှုန်းသည် ၄၀X၆၀ ပတ်လည်တစ်ကွက်လျှင် သိန်း ၄၀၀ ကျပ် မှ ၈၀၀ ကျပ်အထိ ပေါက်‌ဈေးရှိနေပြီး မြို့ပြင်တွင် သိန်း ၂၅၀ ကျပ် မှ ၄၀၀ကျပ် အကြား ပေါက်ဈေးရှိနေသည်ဟုလည်း သိရသည်။

မော်လမြိုင်မြို့ ဇေယျာ (၂) ရပ်ကွက်မှ အိမ်ခြံမြေပွဲစားတစ်ဦးကလည်း “အခုက အိမ်တွေ ခြံတွေက အဌားတွေပဲ ရှိတယ်။ ဝယ်လက်တော့ မရှိတော့ဘူး။ အခုဆို ပိုတဲ့ပိုက်ဆံကို ရွှေပဲဝယ်စုကြတော့တာ။ ထိုင်းတို့ဘာတို့က ပြန်လာတဲ့သူတွေပဲ အိမ်တွေ ခြံတွေ ဝယ်တာရှိတော့တယ်” ဟု ဆိုသည်။

ပြီးခဲ့သည်လများက အမေရိကန် တစ်ဒေါ်လာလျှင် ကျပ် ၃၀၀၀ ကျော်ထိ ဈေးမြင့်တက်ခဲ့ပြီး ရွှေတစ်ကျပ်သား ကျပ် ၃၁ သိန်းထိ ဈေးတက်ခဲ့သည်။

လက်ရှိတွင် အမေရိကန် တစ်ဒေါ်လာ ၂၈၀၀ ကျပ်နှင့် ရွှေတစ်ကျပ်သား ကျပ် ၂၅ သိန်းဝန်းကျင် ပေါက်‌ဈေးရှိနေသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts