spot_img
Monday, February 2, 2026
More
    spot_img
    Homeသတင်းကျိုက်ထီးရိုးဘုရားဖူးများအတွက် နှစ်ရက်တာ ယာဉ်စီးခနှင့် တည်းခိုခ အခမဲ့စီစဉ်

    ကျိုက်ထီးရိုးဘုရားဖူးများအတွက် နှစ်ရက်တာ ယာဉ်စီးခနှင့် တည်းခိုခ အခမဲ့စီစဉ်

    -

    ယခင်လက ကျိုက်ထီးရိုးတောင်တက်လမ်းတွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ ကျိုက်ထီးရိုးဘုရားဖူး ခရီးသည်များ နည်းပါးနေသောကြောင့် ၎င်းတို့ ကို ပြန်လည်ဆွဲဆောင်နေသည့်အနေဖြင့် မွန်ပြည်နယ် ကျိုက်ထိုမြို့ရှိ ကျိုက်ထီးရိုးဘုရား လာဖူးသူများကို ယာဥ်စီးခနှင့် တည်းခိုခအတွက် နှစ်ရက်တာ အခမဲ့ စီစဉ်ပေးထားကြောင်း ဘုရားဘဏ္ဌာတော်ထိန်းဂေါပကအဖွဲ့ထံမှ သိရသည်။

    နိုဝင်ဘာ ၃ ရက်နှင့် ၄ ရက်နေ့တို့တွင် ဘုရားလာရောက်ဖူးသူများအတွက် တောင်တက်မော်တော်ယာဉ်စီးခနှင့် ရင်ပြင်တော်စခန်းတို့တွင် အခမဲ့ တည်းခိုနိုင်ရန် စီစဉ်ပေးထားသည်ဟု ဂေါပကအဖွဲ့ခေါင်းဆောင် ဦးစိုးလှ က ပြောသည်။

    ဘုရားဖူးဧည့်သည်များ နည်းပါးနေသည်ကို ပြန်လည်ဖိတ်ခေါ်သည့်အနေဖြင့် ယခုကဲ့သို့ စီစဥ်ရခြင်းဖြစ်သည်ဟုလည်း ဘုရားဂေါပကအဖွဲ့ခေါင်းဆောင်က ဆက်ပြောသည်။

    “ဘုရားဖူးတွေကို ပြန်လည်ဖိတ်ခေါ်တဲ့အနေနဲ့ ဆောင်ရွက်ဖြစ်ကြတာဖြစ်ပါတယ်။ ဂေါပကအဖွဲ့ ဟိုတယ်နဲ့ တည်ခိုးခန်းလုပ်ငန်းရှင်တွေ၊ စားသောက်‌ဆိုင်ပိုင်ရှင်တွေ၊ ဈေးသူဈေးသားတွေ အားလုံး ဆွေးနွေးပြီးတော့ ဆောင်ရွက်ဖြစ်တာပါ” ဟု ဦးစိုးလှက ဆိုသည်။

    အဆိုပါ နှစ်ရက်အတွင်း ဘုရားဖူးလာသူများအားလုံးကို ကျိုက်ထီးရိုးတောင်တက်မော်တော်ယာဥ်များအသင်းမှ ကင်မွန်းစခန်းမှ ဘုရားရင်ပြင်တော်အထိ အခမဲ့ပို့ဆောင်ပေးမည်ဖြစ်ပြီး ရင်ပြင်တော်ပေါ်ရှိ ရိုးရိုးလေးဟိုတယ်အပါအဝင် ဟိုတယ်များ၊ တည်းခိုခန်းများနှင့် ဂေါပကအဖွဲ့ပိုင် သာသနိကအဆောက်အဦးတို့တွင် အခမဲ့တည်းခိုနိုင်မည်ဖြစ်သည်။

    ၎င်းပြင် ကင်မွန်းစခန်းရှိ ကျိုက်ထီးရိုးတောင်တက်မော်တော်ယာဉ်ဂိတ်နှင့် ရင်ပြင်တော်တို့တွင်လည်း စတုဒီသာ ကျွေးမွေးလှူဒါန်းသွားမည်ဟု ဂေါပကအဖွဲ့ထံမှ သိရသည်။

    ကျိုက်ထီးရိုးဘုရားဖူးများအတွက် လုံခြုံရေးကိုလည်း သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်းကာ လုံခြုံရေး တိုးမြှင့်ဆောင်ရွက်ထားကြောင်းလည်း ဂေါပကအဖွဲ့တာဝန်ရှိသူက ပြောသည်။

    ပြီးခဲ့သည့် အောက်တိုဘာ ၁၂ ရက်နေ့က ကင်မွန်းစခန်းရှိ တောင်တက်မော်တော်ယာဥ်ဂိတ်အနီးတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ဘုရားဖူးအမျိုးသမီး ၃ ဦးသေဆုံးခဲ့ကာ ဘုရားဖူး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရှိခဲ့သည်။

    အဆိုပါ ပစ်ခတ်မှုဖြစ်စဥ်ဖြစ်ပွားပြီးနောက် ကျိုက်ထီးရိုးဘုရား လာဖူးသည့်ဧည့်သည် မရှိသလောက် နည်းပါးသွားသည်ဟု ကျိုက်ထီးရိုးဘုရားပတ်ဝန်းကျင်တွင် နေထိုင်သူတို့ထံမှ သိရသည်။

    မွန်ပြည်နယ်မြောက် သထုံ ဘီးလင်း ကျိုက်ထိုမြို့နယ်ဒေသများတွင် ကေအန်ယူတပ်မဟာ  (၁) ပူးပေါင်းတပ်ဖွဲ့များနှင့် မြန်မာ့တပ်မတော်တို့ အကြား တိုက်ပွဲများ အမြဲတမ်းဆိုသကဲ့သို့ ဖြစ်ပွားနေခြင်းကြောင့် ပြည်သူများအတွက် လုံခြုံရေး မရှိချေ။ ထွက်ပြေးတိမ်းရှောင် အိုးအိမ်မဲ့ရသည့် ပြည်သူများလည်း ရှိသည်။

    မွန်ပြည်နယ် ကျိုက်ထိုမြို့ နယ်ရှိ ကျိုက်ထီးရိုးဘုရားဖူး ခရီးသွားလုပ်ငန်းမှ ရရှိသည့် ဝင်ငွေသည် စစ်ကောင်စီ၏ သာသနာဝန်ကြီးဌာနအတွက် အဓိက အရေးပါသည် ဝင်ငွေဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks