Homeသတင်းယခုနှစ် ဆားရာသီအစပိုင်းတွင် ဆား‌တောင်သူများ အလုပ်သမားစရိတ် ကြီးမြင့်မှု ပြဿနာနှင့် ရင်ဆိုင်နေရ

ယခုနှစ် ဆားရာသီအစပိုင်းတွင် ဆား‌တောင်သူများ အလုပ်သမားစရိတ် ကြီးမြင့်မှု ပြဿနာနှင့် ရင်ဆိုင်နေရ

-

လွတ်လပ်သော မွန်သတင်းအေဂျင်စီ

ယခုနှစ် ဆားရာသီကာလအစတွင် ဆားတောင်သူများအနေဖြင့် အလုပ်သမားစရိတ်ကြီးမြင့်မှု ပြဿနာနှင့် ရင်ဆိုင်နေရကြောင်း တောင်သူများထံက သိရသည်။

လက်ရှိ ကုန်ဈေးနှုန်းအခြေအနေများကြောင့် အလုပ်သမားခကို တိုးမြင့်ပေးထားခြင်းဖြစ်ကြောင်း ဆားတောင်သူ နိုင်ဟူက ပြောသည်။ 

“အလုပ်သမားတွေ ကျပြန်တော့လည်း ကုန်ပစ္စည်းတွေက ဈေးတက်နေတော့ မနှစ်ကဈေးနဲ့ သူတို့ကို ထားလို့ မလောက်တော့ဘူး။ အဲဒီအပေါ်မှာ ကျွန်တော်တို့က ယောင်္ကျားတစ်ယောက်ကို မနှစ်က ၆၀၀၀ ဆို ဒီနှစ် ၇၀၀၀ ပေးရတယ်။ တစ်ထောင်တိုးတာပေါ့” ဟု ၎င်းက ပြောသည်။

ဆားကွင်းတစ်ကွင်းတွင် အလုပ်သမား ဆယ်ယောက်ကျော် ရှိသောကြောင့် တစ်ရက်ကို အလုပ်သမားစရိတ် တစ်သောင်းကျော်မှာ ရှိနေကြောင်း ဆက်ပြောသည်။

လောင်စာဆီဈေးနှုန်းမြင့်တက်ခြင်း၊ အလုပ်သမားစရိတ်မြင့်တက်လာသောကြောင့် ဆားတောင်သူများအတွက် ကုန်ကျစရိတ် ကြီးမားနေကြောင်း ထပ်ပြောသည်။

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်မှ ဆားကွင်း
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်မှ ဆားကွင်း

ဆားဈေးကွက်အတွင်း ဆားဈေးနှုန်းကောင်းနေသော်လည်း ကုန်ကျစရိတ်နှင့် ပြီးခဲ့သည်ဆားရာသီတွင် ဆားပိဿာချိန်အထွက်နည်းသောကြောင့် တောင်သူများအတွက် အမြတ်မကျန်ဖြစ်နေကြောင်း ဆားတောင်သူတစ်ဦးက ပြောသည်။

” ဈေးကောင်းလည်း တောင်သူအတွက်က မကျန်ဘူး။ အခုလည်း လောင်စာဆီက တစ်ဂါလံ တစ်သောင်းကျော်နေတုန်းပဲဆိုတော့ အဆင်မပြေဘူး။ အလုပ်သမားခကတော့ မပြောတော့ပါဘူး။ မတိုးပေးလို့လည်း မရဘူး။ ဒီကုန်ဈေးနှုန်းနဲ့က သူတို့ကို တိုးပေးမှ ဖြစ်မှာလေ”ဟု ၎င်းက ပြောသည်။

စက်သုံးဆီ တစ်ဂါလံ လေးထောင်ဝန်းကျင်ခန့် ပြန်ကျမှသာ တောင်သူများအတွက် အဆင်ပြေနိုင်မည်ဖြစ်ကြောင်း ထပ်ပြောသည်။

အောက်တိုဘာ ၁၈ရက်တွင် ဆားတစ်ပိဿာ  ၂၇၃ ကျပ် ပေါက်‌ဈေးရှိကြောင်း မွန်ပြည်နယ်ကုန်စည်ဒိုင်၏ နေ့စဉ်ဈေးနှုန်းစာရင်း ထုတ်ပြန်ချက်အရ သိရသည်။

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ပငကျေးရွာတွင် ဆားကွင်းဧကပေါင်း ၂၉၀၀ ခန့်ရှိပြီး နှစ်စဉ် ဆားပိဿာချိန် ၃၀၀ နီးပါး ထွက်ရှိကြောင်း သိရသည်။

သို့သော် ပြီးခဲ့သည့်နှစ် ဆားရာသီတွင် ဆားဖျက်မိုး လေးကြိမ် ရွာသွန်းခဲ့သောကြောင့် ပုံမှန်ထွက်ရှိသော ဆားပိဿာချိန်ထက် တစ်ဝက်နီးပါး လျော့ကျခဲ့သည်။

မွန်ပြည်နယ်အတွင်း နေလှန်းဆားလုပ်ငန်းကို သံဖြူဇရပ်၊ ရေး ၊ ကျိုက္ခမီနှင့် ပေါင်မြို့နယ်တွင် လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts