Homeသတင်းသထုံမြို့နယ်တွင် ပြည်သူ့စစ် ဒု-ခေါင်းဆောင်တစ်ဦး သေနတ်ပစ်ခံရပြီး သေဆုံး

သထုံမြို့နယ်တွင် ပြည်သူ့စစ် ဒု-ခေါင်းဆောင်တစ်ဦး သေနတ်ပစ်ခံရပြီး သေဆုံး

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ စက်တင်ဘာ ၂၉)

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒေးဗရိန်းကျေးရွာတွင် ယနေ့ (စက်တင်ဘာ ၂၉ ရက်) နံနက်ပိုင်းက လက်ဖက်ရည်ဆိုင် ထိုင်နေသည့် ပြည်သူ့စစ် ဒု-ခေါင်းဆောင်တစ်ဦး သေနတ်ပစ်သတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။

ဒေးဗရိန်းကျေးရွာ၊ ရန်ကုန်-မော်လမြိုင်ကားလမ်းဘေးရှိ ဦးသိန်းဇော် ကဖီးနှင့် စားဖွယ်စုံလက်ဖက်ရည်ဆိုင်တွင် ကျေးရွာ ပြည်သူ့စစ် ဒုတိယခေါင်းဆောင် ဦးစိုးဝင်းကို အမည်မသိလက်နက်ကိုင်တစ်စုမှ ဆိုင်ထဲဝင်ရောက်လာပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

“ သူက မနက်ပိုင်းလက်ဖက်ဆိုင်မှာ ထိုင်နေတဲ့အချိန် ဆိုင်ကယ်နှစ်စီးနဲ့ လာတဲ့ လူလေးယောက်က ဆိုင်ထဲဝင်လာပြီး တစ်ယောက်က နောက်ကနေ ချုပ်ထားပြီး နဖူးတည့်တည့်ကို သေနတ်နဲ့ ချိန်ပြီး ပစ်သွားတာပါ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဦးစိုးဝင်းကို Thai Arms 9 ၊ 380 ACP Phai Arms လက်နက်အမျိုးအစားဖြင့် ပစ်ခတ်ခဲ့ရာ ရှေ့ဘယ်နဖူးမှ ညာနားရွာဖောက်ဝင်ဒဏ်ရာဖြင့် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

သေဆုံးသူမှာ PDF တပ်ဖွဲ့ဝင်များကို ချေမှုန်းပြမည်ဟု ကြွေးကြော်နေခြင်းကြောင့် ပစ်ခတ်ရှင်းလင်းခဲ့ရခြင်းဖြစ်ပြီး ၎င်းထံမှ ခြောက်လုံးပြူးသေနတ် တစ်လက်ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

ထို့နောက် အခင်းဖြစ်ပွားရာအနီးပတ်ဝန်းကျင်နှင့် သထုံမြို့ပေါ်က နေရာအများစုမှာ လုံခြုံရေးတင်းကြပ် ထားပြီး လမ်းသွားလမ်းလာပြည်သူများကို ရှာဖွေစစ်ဆေးတာတွေ လုပ်ဆောင်ခဲ့ပြီးနောက် ပြည်သူ ၃ ဦးခန့်ကို မသင်္ကာမှု ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောဆိုနေကြသော်လည်း မွန်သတင်းအေဂျင်စီအနေဖြင့် သီးခြားအတည်ပြုပေးနိုင်ခြင်း မရှိသေးပေ။

သထုံမြို့နယ်တွင် အစိုးရဌာနဆိုင်ရာရုံးများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ပြည်သူ့စစ်အဖွဲ့ဝင်များနှင့် တပ်မတော် ထောက်ခံသူများ မကြာခဏ ပစ်ခတ်ရှင်းလင်းခံရလေ့ရှိကြောင်း ဒေသခံများထံမှ သိရသည်။

ဓါတ်ပုံ – သထုံခရိုင်ရဲတပ်ဖွဲ့

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts