spot_img
Wednesday, May 8, 2024
More
    spot_img
    Homeဆောင်းပါးမွန်ပြည်နယ်ရဲ့ နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာ လေဆိပ် စီမံကိန်း ဖြစ်လာမှာလား

    မွန်ပြည်နယ်ရဲ့ နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာ လေဆိပ် စီမံကိန်း ဖြစ်လာမှာလား

    -

    ထိုက်သူစံ- (၂၀၂၂ စက်တင်ဘာ ၈)

    ဓါတ်ပုံ-အပြည်ပြည်ဆိုင်ရာလေဆိပ်တစ်ခု

    “အရင်တုန်းကလည်း ကျွန်တော်တို့ ရော်ဘာ‌ခြံမြေတွေကို သိမ်းတယ်။ အပင်တွေခုတ်တယ်။ ဘာလျော်ကြေးမှ မရခဲ့ဘူး”

    “ကျွန်မတို့ကတော့ ကျွန်မတို့မြေပေါ်မှာပဲ ဘာစိုက်စိုက် ဘာလုပ်လုပ် အဆင်ပြေပါတယ်။ ဒီမြေမှာပဲ အလုပ်လုပ်ချင်တယ်” မြေယာသိမ်းဆည်းခံရမှာ စိုးရိမ်နေကြတဲ့ ပြည်သူတွေရဲ့ စကားသံတွေပါပဲ။

    မွန်ပြည်နယ်အတွင်း နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာ လေဆိပ်အသစ် တည်ဆောက်မှာနဲ့ ပတ်သတ်ပြီး ဒေသခံတွေကြားမှာ စိုးရိမ်မှုတွေ မြင့်တက်နေတာပဲ ဖြစ်ပါတယ်။

    ယခင်စစ်အစိုးရ လက်ထက်ထဲက ဒေသခံတွေရဲ့ လယ်ယာမြေ၊ ရော်ဘာခြံ‌‌တွေသိမ်းယူခဲ့တာကို ကြုံခဲ့ရဖူးတော့ ဒေသခံတွေအတွက် စိုးရိမ်စရာတစ်ခု ဖြစ်နေတာပါ။

    မွန်ပြည်နယ်ရဲ့ မြို့တော် မော်လမြိင်မြို့နယ်၊ မော်လမြိုင်တက္ကသိုလ်အနီးနားမှာ အပြည်ပြည်ဆိုင်ရာလေဆိပ် တစ်ခုရှိနေပြီးသား ဖြစ်ပါတယ်။

    လေဆိပ်အသစ်ကို ထပ်မံ တည်ဆောက်ဖို့ဆိုတာက နစကကောင်စီအနေနဲ့ လောကွတ်ပြုလိုက်တဲ့ပုံစံဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ပြောပါတယ်။

    နစကကောင်စီနဲ့ မွန်ညီညွတ်ရေးပါတီ MUP တို့ကြား ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိတဲ့အတွက် အခုလို လုပ်ဆောင်ပေးနေတာ ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးကိုကိုနိုင်က သုံးသပ်ထားပါတယ်။

    “မွန်ပြည်နယ်က လူကြီးတွေနဲ့ လက်ရှိ နစကကောင်စီနဲ့က အဆင်ပြေတယ်လေ။ သူဘက်ကိုပါတယ်လို့ပြောလို့ရတယ်။ အဲဒါကြောင့် မွန်ပြည်နယ်ကို အခွင့်အရေးပေးတာလို့ မြင်တယ်”လို့ ဆိုပါတယ်။

    မော်လမြိုင်မြို့ပေါ်မှာ အရင်ထဲက ရှိနေတဲ့ လေဆိပ်ကိုသာ အဆင့်မြင့်တင်လိုက်တာက ပိုပြီး အသုံးဝင်နိုင်တယ်လို့ အမည်မဖော်လိုသူ မွန်နိုင်ငံရေးသမား တစ်ဦးက ပြောပါတယ်။

    “အကယ်၍ ရှိနှင့်ပြီးသား လေဆိပ်ကို ပြန်လည်မွမ်းမံမယ်၊ အဆင့်မြင့်တင်မယ်ဆိုရင်တော့ ပိုပြီး မြန်မြန်ဆန်ဆန်နဲ့ ပြီးမှာပေါ့။ နောက်ပြီး မြို့နဲ့နီးတော့ ခရီးသွားလာရေးလည်း လွယ်ကူမယ်။ နိုင်ငံအကြီးအကဲတွေလာရင်လည်း အဆင်ပြေမှာပေါ့။ ပြောရရင် အသစ်ထက် အဟောင်းကိုပဲ အဆင့်မြှင့်တင်တာ ပိုကောင်းတယ်လို့ မြင်တယ်”လို့ ထင်မြင်ချက်ပေးပါတယ်။

    ‌မော်လမြိုင်လေယာဉ်ကွင်းကို မပြင်ဘဲ အသစ်တည်ဆောက်မည်ဆိုပါကလည်း ရေးမြို့နယ်ဘက်မှာ လေယာဉ်ကွင်းအသစ်ကို တည်ဆောက်သင့်တယ်လို့လည်း သုံးသပ်ကြပါတယ်။

    လေဆိပ်အသစ် စီမံကိန်းရဲ့ အစ

    နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာလေဆိပ်အသစ် တည်ဆောက်ဖို့ ဖြစ်လာတာကတော့ နစကကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ဇွန်လ ၁ရက်နေ့က မွန်ပြည်နယ်ကို လာရောက်တဲ့ခရီးစဥ်မှာမွန်ပြည်နယ်အတွင်း နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းနဲ့ လေဆိပ် တည်ဆောက်ဖို့ မှာကြားခဲ့တာ ဖြစ်ပါတယ်။

    နစကကောင်စီဥက္ကဌ နဲ့ မွန်ပြည်နယ်နစကကောင်စီအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံပြီး လေဆိပ်အသစ်တည်ဆောက်ဖို့ကို ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

    နိုင်ငံတကာအဆင့်မီ လေဆိပ်ကို မုဒုံမြို့နယ်၊ ကော့ပရံကျေးရွာအနီးမှာ တည်ဆောက်ဖို့နဲ့ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းကို မုဒုံမြို့နယ်ရဲ့ ပင်လယ်ထွက်ပေါက်နဲ့နီးတဲ့ ဘလောက်ညောင်ဝိုင်းနဲ့ ဝဲကလိကျေးရွာတို့ကြားမှာ တည်ဆောက်သွားဖို့ မြေနေရာတွေ သတ်မှတ်ထားတာ ဖြစ်ပါတယ်။

    မွန်ပြည်နယ်စီမံခန့်ခွဲရေးကောင်စီဘက်ကတော့ လေဆိပ် နဲ့ ဆိပ်ကမ်း တည်ဆောက်ဖို့အတွက် မြေနေရာဧကပေါင်း ၄၆၀၀ ကျော် လျာထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

    မြေနေရာသတ်မှတ်ထားတဲ့ ဧက ၄၆၀၀ ကျော်ထဲမှာမှ လေဆိပ်အတွက် ၃၄၉၁ ဒဿမ ၉၃ ဧက သတ်မှတ်ပြီး ဒေသခံတွေရဲ့ မြေအားလုံးနီးပါး ပါဝင်နေတာ ဖြစ်ပါတယ်။

    မွန်ပြည်နယ်နစကကောင်စီအနေနဲ့ကတော့ မြေယာလျော်ကြေး ကိစ္စတွေကိုသာ တွက်ချက်ပေးရတာ ဖြစ်တယ်လို့ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးအောင်ကြည်သိန်းက ပြောပါတယ်။

    “လောလောဆယ်ကတော့ လေဆိပ်စီမံကိန်းရဲ့ ကုန်ကျစရိတ်ကတော့ လျာထားတာမရှိသေးဘူး။ ပြည်ထောင်စုက ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေပေါ့။ ကျွန်တော်တို့ကတော့ မြေယာလျော်ကြေးကိစ္စပဲ။ ပြည်နယ်အစိုးရအနေနဲ့က စီမံကိန်း ဧရိယာအတွင်းမှာ ပါဝင်နေတဲ့ လယ်ယာမြေအဆောက်အဦးတွေအတွက် နစ်နာကြေး၊ လျော်ကြေးကို တွက်ချက် တင်ပြထားတဲ့အဆင့်ပဲ ရှိသေးတယ်”လို့ ဆိုပါတယ်။

    လေဆိပ်အသစ်အတွက် မြေနေရာ

    လေဆိပ်မသစ်နေရာကတော့ မော်လမြိုင်မြိုနယ်ကနေ ကားနဲ့သွားမယ်ဆိုပါက ၃၂ ကီလိုမီတာခန့် ကွာဝေးပြီး အချိန်အားဖြင့် ၄၄ မိနစ်ခန့် ကြာမြင့်မှာ ဖြစ်ပါတယ်။

    လေဆိပ်အသစ်အတွက် ပြည်နယ်နစကကောင်စီက မြေနေရာလျာထားသတ်မှတ်ပြီးပြီလို့ ပြီးခဲ့တဲ့ ဩဂုတ်လအစမှာ ထုတ်ပြန်ခဲ့ပါတယ်။

    လေဆိပ်အသစ်အတွက် ပင်မလေယာဉ်ကွင်း ဧရိယာကို ၃၄၄၇ ဒဿမ ၄၂ ဧကသတ်မှတ်ထားပြီး လေဆိပ် အဝင်လမ်းကိုတော့ ၄၄ ဒဿမ ၅၁ ဧက လျာထားတာ ဖြစ်ပါတယ်။

    ‌‌လေဆိပ်ဧရိယာအတွင်း ပါဝင်နေတဲ့ ဒေသခံတွေရဲ့ သီးနှံမြေ၊ လယ်မြေ‌ တွေအတွက် နစ်နာကြေးလျော်ကြေးငွေ ၂၇ ဒဿမ ၁၂ ဘီလီယံ လျာထားတယ်လို့ ဝန်ကြီး ဦးအောင်ကြည်သိန်းက ပြောပါတယ်။

    ဒေသခံတွေရဲ့ စိုးရိမ်မှု 

    ဒေသခံတွေကတော့ သတ်မှတ်ထားတဲ့ လျော်ကြေးငွေ မရဘဲ မြေယာ၊ လယ်ယာတွေ သိမ်းဆည်းခံရမှာကို စိုးရိမ်နေတယ်လို့ ကော့ပရံ‌ ကျေးရွာ လူငယ်အဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။ 

    “လျော်ကြေးဘယ်လောက်ပေးမယ်။ ဘယ်လိုပြန်လုပ်ပေးမယ်ဆိုတာ ဘာမှမပြောသေးဘူး။ မြေနေရာ လျာလိုက်ပြီ ပြောတယ်။ ကျွန်တော်တို့ကိုလည်း သေချာမပြောထားသေးတော့ စိုးရိမ်တာတော့ အမှန်ဘဲ။ ကျွန်တော်တို့ မြေတွေ သိမ်းခံရမှာကို စိုးရိမ်နေကြတာပါ”လို့ ဆိုပါတယ်။

    ဒေသခံတွေကတော့ သူတို့ရဲ့ လယ်ယာ‌မြေတွေကို အရင် အစဉ်အဆက် လုပ်ကိုင်ခဲ့တဲ့အတိုင်း ဆက်လက်လုပ်ကိုင်ချင်နေကြတာ ဖြစ်ပါတယ်။

    “ကျွန်တော်တို့အတွက်က မနက်ဆို ရော်ဘာခြစ် ညနေသိမ်း အဲအလုပ်ပဲရှိတာ။ ကျွန်တော်တို့အတွက် ထိုက်ထိုက်တန်တန်ရမယ်ဆိုရင်တော့ အဆင်ပြေနိုင်တာပါ့။ ဒါမယ့်လည်း သူတို့က ဘယ်တုန်းက အဲလိုလုပ်ပေးခဲ့လိုလဲ။ သမိုင်းတစ်လျှောက်ပါပဲ”လို့ ဒေသခံ နိုင်စိုးနိုင်က ပြောပါတယ်။

    လက်ရှိမှာတော့ ကော့ပရံကျေးရွာမှာရှိတဲ့ လယ်သမားတွေရဲ့ လယ်ဧက၊ ရော်ဘာခြံဧက၊ စိုက်ခင်းဧကစာရင်း နဲ့ လူနေအိမ်ရှိ၊ မရှိကို စစ်တမ်းတွေ လိုက်ကောက်နေတယ်လို့ ကော့ပရံကျေးရွာရဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

    “လောလောဆယ်တော့ သူတို့ဘာမှ မလုပ်ရသေးဘူး။ ဒီဘက် ဘလောက်ညောင်ဝိုင်းမှာတော့ တူးမြောင်းတွေ လုပ်မယ်၊ နောက်သူတို့ ဝဲကလိဘက်မှာ ဆိပ်ကမ်းတွေ လုပ်မယ်၊ အဲဒီလိုစီမံကိန်းတော့ ကြားတယ်။ဒါပေမယ့် သူတို့က လယ်သမားတွေနဲ့ ညှိနှိုင်းတုန်းပဲ။ လယ်သမားတွေကို သူတို့ပေးမယ့် ဈေးနှုန်းတွေနဲ့ လယ်သမားတွေက လက်မခံတဲ့အခါကျတော့ ဘာမှ အဆင်မပြေသေးဘူး”လို့ ဆိုပါတယ်။

    လက်ရှိ မော်လမြိုင်လေဆိပ် အခြေအနေ

    ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ မော်လမြိုင်လေယာဉ်ကွင်းအနီးမှာ လုံခြုံရေးတင်းကြပ်ထားပြီး လေယာဉ်ပြေးဆွဲခြင်းလည်း ရပ်နားထားတာ ဖြစ်ပါတယ်။

    မော်လမြိုင်လေဆိပ်ကတော့ ၂၀၁၈ ခုနှစ်ထိ ပြေးလမ်း ပေ ၅၀၀၀ ရှိပြီး လူဦးရေ ၇၀ တင်ဆောင်နိုင်သည့် ATR 72 လေယာဉ်သာ ဆင်းသက်နိုင်တာ ဖြစ်ပါတယ်။

    NLD အစိုးရလက်ထက်မှာတော့  

    ပြည်ထောင်စု အစိုးရ နဲ့ ပြည်နယ်အစိုးရအဖွဲ့ ချိတ်ဆက်ပြီး မော်လမြိုင်လေဆိပ်ကို နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာ လေဆိပ်အဖြစ် အဆင့်မြင့်တင်ဖို့အတွက် ဆွေးနွေးခဲ့ကြပါတယ်။

    မော်လမြိုင်လေဆပ် အဆင့်မြင့်တင်နိုင်ရေးကို ၂၀၁၉-၂၀၂၀ ဘတ်ဂျက်မှာ ထည့်သွင်းဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ခဲ့ပါတယ်။

    လေယာဉ်ပြေးလမ်းကို ပေ ၈၅၀၀ထိ တိုးချဲ့မှာ ဖြစ်ပြီး ဘိုးအင်းလေယာဉ် 737 အမျိုးအစားအထိ ဆင်းနိုင်အောင် အဆင့်မြင့်တင်ဖို့အထိ စီစဉ်ခဲ့တာပါ။

    လေဆိပ်အနီးမှာရှိတဲ့ စိုက်ခင်း၊ ခြံ ပိုင်ရှင်တွေနဲ့တွေ့ဆုံပြီး လျော်ကြေးပေးဖို့အတွက် ဒေသခံတွေနဲ့ ညှိနှိုင်းခဲ့တဲ့အဆင့်ထိသာ လုပ်ဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အာဏာသိမ်းမှုဖြစ်ပေါ်ခဲ့ပြီး ဆက်လက်အကောင်အထည် မဖော်နိုင်ခဲ့ပါဘူး။

    အရင်က မော်လမြိုင်လေဆိပ်မှာ တနင်္လာနေ့ အပတ်တိုင်း ကော့သောင်း-မော်လမြိုင်၊ ရန်ကုန်-မော်လမြိုင်ကို ပြေးဆွဲခဲ့ပေမယ့်လည်း အခုချိန်မှာတော့ ရပ်နားထားရပါတယ်။

    “မော်လမြိုင်လေဆိပ်ကတော့ အချက်အချာနေရာကျတယ်လို့ပြောလို့ရတယ်။ ခရီးသည်တွေ ဆက်သွားဖို့အတွက်လည်း အဆင်ပြေတယ်။ လည်ပတ်ဖို့ တည်းခိုဖို့ အကုန်အဆင်ပြေတယ်။ ဒီလေယာဉ်ကွင်းကိုပဲ အဆင့်မြင့်လိုက်လို့ရတယ်။ အသစ်ဆောက်ဖို့က မလိုအပ်ပါဘူး”လို့ ဟိုတယ်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

    လေဆိပ်အသစ်ဆောက်မယ့် နေရာရွေးချယ်မှုကတော့ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ဖို့ မရှိလာနိုင်ဘူးလို့ ထင်မြင်ချက်ပေးပါတယ်။

    ကော့ပရံကျေးရွာအခြေအနေ

    အခု နစကကောင်စီက နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာ လေဆိပ်တည်ဆောက်ဖို့ ရွေးထားတဲ့နေရာကတော့ မုဒုံမြိုနယ်၊ ကော့ပရံကျေးရွာအုပ်စု၊ ကော့ပရံကျေးရွာမှာ ပါ။

    ကော့ပရံကျေးရွာဟာ ‌မော်လမြိုင်-ရေး ကားလမ်းမကြီးဘေး မုဒုံမြို့နယ်ရဲ့ အနောက်တောင်ဘက်တည့်တည့်မှာ တည်ရှိတာ ဖြစ်ပါတယ်။

    ကျေးရွာဆိုင်းဘုတ်ကနေ အထဲကို အနည်းငယ်ဝင်ရောက်ပြီးရင်တော့ ရွာထဲကို ရောက်မှာ ဖြစ်ပါတယ်။ ရွာရဲ့ပုံစံကတော့ အုန်းမှုတ်ခွက်ပုံစံ တည်ရှိတာဖြစ်ပါတယ်။

    ကော့ပရံကျေးရွာဟာ ရှေးဟောင်းမြို့တစ်မြို့ ဖြစ်ခဲ့ပြီး ဂဝံယဉ်ကျေးမှု ထွန်းကားခဲ့တဲ့နေရာလည်း ဖြစ်ပါတယ်။ ရွာရဲ့ အလည်တည့်တည့်မှာ ဂဝံစေတီတော် ၆ ခု တည်ထားတာပါ။

    ကော့ပရံကျေးရွာမှာတော့ မွန်လူမျိုး အများစုနေထိုင်တာဖြစ်ပါတယ်။ ကရင် နဲ့ ပအိုဝ့်လူမျိုးအနည်းငယ်တော့ ရှိပြီးတော့ ဗုဒ္ဒဘာသာအပြင် နတ်ကိုးကွယ်မှုလည်း ရှိပါတယ်။

    ဒေသခံအများစုက လယ်ယာကို အဓိက စိုက်ပျိုးကြတာ ဖြစ်ပါတယ်။ နောက်ပြီး ပျိုးပင် နဲ့ ဆောင်းသီးနှံအများစု စိုက်ပျိုးကြတာ ဖြစ်ပါတယ်။ ကော့ပရံကျေးရွာရဲ့ အဓိက ထွက်ကုန်ကတော့ ဆန်စပါးပဲ ဖြစ်ပါတယ်။ 

    ကော့ပရံကျေးရွာအနီးပတ်ဝန်းကျင်တွင် ဒေသခံများ၏ လယ်မြေ နှင့် ပျိုးဧက ၃၅၄၄ ဧက ရှိတယ်လို့ ‌ကျေးရွာက ဒေသခံတွေက ပြောပါတယ်။

    လေဆိပ်တည်ဆောက်မှုက ကော့ပရံကျေးရွာအတွက် ခရီးသွားဝင်ရောက်မှု တိုးတက်လာမယ်လို့ မထင်ဘဲ ဒေသခံတွေရဲ့ လယ်မြေတွေသာ ထိခိုက်သွားနိုင်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ တစ်ဦးကပြောပါတယ်။

    “နိုင်ငံတကာအဆင့်မီလေဆိပ်ကို ကော့ပရံလို့ နေရာမှာ လာဆောက်မယ်ဆိုထဲကိုက စလွဲ‌တာပဲ။ လမ်းပန်းဆက်သွယ်ရေးအရ ကြည့်မယ်ဆိုလည်း ဘယ်လိုမှအဆင်မပြေဘူး”လို့ သုံးသပ်‌ေပြာပါတယ်။

    နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာ လေဆိပ်တစ်ခုအနေနဲ့ဆိုရင်တော့ မော်လမြိုင်လေဆိပ်ရဲ့ တည်နေရာက လမ်းပန်းဆက်သွယ်ရေးအရလည်း ပိုအဆင်ပြေတာကို တွေ့ရပါတယ်။

    အာဏာသိမ်းမှုဖြစ်စဉ်ပြီးထဲက မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာလည်း ကျဆင်းလာခဲ့တာ ဖြစ်ပါတယ်။ ပြည်နယ်အသီးသီးမှာလည်း မငြိမ်သက်မှုတွေနဲ့ စစ်ဘေးရှောင်ပြည်သူတွေလည်း တိုးလာနေတာ ဖြစ်ပါတယ်။

    ဒါအပြင် မြန်မာငွေကြေးတန်ဖိုးဟာလည်း ဆက်တိုက်ကို ကျဆင်းနေတာ ဖြစ်တဲ့အတွက် ဒေသခံတွေကို ပေးရမယ့် လျော်ကြေးငွေ ၂၇ ဒဿမ ၁၂ ဘီလီလျံ ဆိုတဲ့ တန်ဖိုးငွေကို နစက ကောင်စီဘက်က အပြည့်အဝ ပေးနိုင်မလားဆိုတာကတော့ စောင့်ကြည့်ရမယ့်အနေအထား ဖြစ်ပါတယ်။

    တိုင်းပြည် သိသိသာသာ ယိုယွင်းလာပေမယ့် နစကကောင်စီကတော့ လေဆိပ်အသစ်ကို တည်ဆောက်ဖို့စီစဉ်နေတာ ဖြစ်သင့်ရဲ့လားဆိုတဲ့ မေးခွန်းတွေကတော့ ရှိနေပါတယ်။

    လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် နစကကောင်စီရဲ့ နိုင်ငံတကာအဆင့်မီလေဆိပ်တည်ဆောက်မယ့်စီမံကိန်းဟာ စိတ်ကူးယဉ်သက်သက်သာ ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။

    Topics; #နိုင်ငံတကာအဆင့်မီလေဆိပ် #မွန်ပြည်နယ် #လျော်ကြေးငွေ #ပြည်နယ်ကောင်စီ #မော်လမြိုင်လေဆိပ်

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    23,200SubscribersSubscribe
    spot_img

    Latest posts