spot_img
Sunday, February 23, 2025
More
    spot_img
    Homeသတင်း“တစ်ချိန်မဟုတ်တစ်ချိန် နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲကတော့ ရှိကိုရှိလာမယ်” ဗိုလ်မှူးကြီးစောကျော်ညွန့်

    “တစ်ချိန်မဟုတ်တစ်ချိန် နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲကတော့ ရှိကိုရှိလာမယ်” ဗိုလ်မှူးကြီးစောကျော်ညွန့်

    -

    မွန်သတင်းအေဂျင်စီ (၂၉ သြဂုတ် ၂၀၂၂)
    နစကကောင်စီနှင့် လက်ရှိငြိမ်းချမ်းရေးဆွေးနွေးလျက်ရှိသည့် ကရင်အမျိုးသား အစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်- ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)၊ ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွန့်ကို မွန်သတင်းအေဂျင်စီက ဆက်သွယ်မေးမြန်းခဲ့ပါသည်။

    မေး။    ။ ဒုတိယအကြိမ်မှာ KNU/KNLA-PC အနေနဲ့ ဘယ်အဖွဲ့တွေနဲ့အတူ ငြိမ်းချမ်းရေး သွားဆွေးနွေးဖို့ရှိသလဲခင်ဗျ။

    ဖြေ။     ။ ကျနော်တို့ New Mon State Party ရယ်၊ DKBA ရယ်၊ KNU/KNLA/PC ကိုတော့ ကြိုတင်ပြီးတော့ အကြောင်း ကြားစာတော့ ပေးပို့ထားတာ ရှိတယ်။ ဒုတိယအကြိမ်အနေနဲ့ ဒီလိုမျိုး ၃ ဖွဲ့နဲ့ ပြည်လည် တွေ့ဆုံဖို့ဆိုတာ ဒီလို စီမံ ဆောင်ရွက်ထားတာရှိတယ်ဆိုတဲ့ အကြောင်းပေါ့လေ၊ ဒါပေမဲ့ တကယ် သွားရမယ့်နေ့တွေ ဘာတွေ confirm ဖြစ် တဲ့ အခါကြရင် တစ်ပတ်ကြိုတင်ပြီးတော့ အကြောင်းကြားမယ်ဆိုတာကိုတော့ ကြိုတင် အသိပေးထားတာကို တော့ ရှိတယ်။

    မေး။    သူတို့ ဖိတ်တဲ့ ဖိတ်စာမှာ ဘာတွေ ဆွေးနွေးဖို့ အကြောင်းကြားတာမျိုး ပါလားခင်ဗျ။
    ဖြေ။     သူ့ရဲ့စာထဲမှာတော့ ဘာမှမပါသေးပါဘူး။ ဒါပေမဲ့ ကျနော်တို့ဆီမှာလည်း ဆွေးနွေးချင်တဲ့ အချက်အလက်တွေကိုလည်း ကြိုတင်ပြီးတော့ စီစဉ်ထားဖို့ အဲလိုမျိုး အကြောင်းကြားလာတာမျိုးရှိတယ်။ PPST နဲ့တော့ မဆိုင်ဘူးခင်ဗျ။ အဖွဲ့ ၃ ဖွဲ့ပေါ့၊ အရင်တုန်းက တစ်ဖွဲ့ချင်းစီကို ဖိတ်တယ်၊ ဒါပေမဲ့ ဒီတစ်ခေါက် ကြိုတင်ပြီး အကြောင်းကြားစာပို့တဲ့ အခြေအနေက ကျနော်တို့ ၃ ဖွဲ့ပေါ့။ မွန်ရယ်၊ DKBA ရယ်၊ ကျနော်တို့ PC ရယ်ပေါ့။ အဲဒီ ၃ ဖွဲ့ကို စာတစ်စောင်တည်း ပို့တယ်ဆိုတော့ ဒီ ၃ ဖွဲ့ကို စုပြီးတော့ တွေ့မယ်လို့ အကြမ်းဖျဥ်း အဲဒီလို နားလည်ထားလို့ရတယ်ခင်ဗျ။

    မေး။    နောက်ဆိုရင်ရော PPST အစုအဖွဲ့အလိုက် တွေ့ဆုံဆွေးနွေးတာမျိုး ရှိလာနိုင်လား။
    ဖြေ။     ကျနော်တို့တော့ အဲဒီလိုတော့ မျော်လင့်တာပေါ့။ မျော်လင့်တယ်ဆိုတာကလည်း ကျနော်တို့ ဒီပြည်ထောင်စု တစ်ခုလုံးနဲ့ ဆိုင်တဲ့ ကိစ္စရပ်တွေပေါ့လေ၊ ဒီနိုင်ငံရဲ့ အကျပ်အတည်း၊ အခက်အခဲတွေကို ကျော်လွှားသွားနိုင်ဖို့အတွက် ဒါက တစ်တိုင်းပြည်လုံးနဲ့ ဆိုင်တဲ့ ကိစ္စရပ်တွေ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့ ဒီလိုမျိုး တစ်ဖွဲ့ ၊ ၃ ဖွဲ့ချင်း တွေ့တာမျိုးပေါ့လေ PPST ရဲ့ နဂို NCA အနှစ်သာရ ၃ ရပ်အပေါ်မှာ ရပ်တည်ထားတဲ့ ပါဝင်သင့်သူအားလုံးပါဝင်သော အဓိပ္ပာယ်ပြည့်ဝတဲ့ နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်မြောက်ရေးဆိုတာကိုတော့ ကျနော်တို့ကတော့ အဲဒီလိုပဲ မျော်လင့်တယ်၊ အဲဒီလိုမျိုး အခင်းအကျင်း ရလာအောင်လည်း တစိုက်မတ်မတ်ကျနော်တို့ ကြိုးပမ်းဆောင်ရွက်လျက်ရှိတာပေါ့။

    မေး။    ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက PPST ဦးဆောင်နာယက တာဝန်ယူတာ ဘယ်လိုမျိုး အခြေအနေကြောင်းလဲခင်ဗျ။
    ဖြေ။     ဘယ်လိုမျိုး အခြေအနေကြောင်းထက်ပေါ့လေ။ ဒီအချိန်မှာက ကျနော်တို့ ပြီးခဲ့တဲ့ Summit အပြီးမှာဆိုလို့ရှိရင် ကျနော်တို့ PPST ရဲ့ စုဖွဲ့မှုလည်း အပြောင်းအလဲ နည်းနည်းရှိသွားတယ်၊ အရင်ကလိုမျိုး ၁၀ ဖွဲ့စုဖွဲ့တာထက်ပေါ့လေ 7 Plus 3 နဲ့ ကျနော်တို့ ဒါအသစ်ပြန်လည်စုဖွဲ့ပြီးတော့ ဆက်သွားနေတဲ့ အခင်းအကျင်းပေါ့လေ။ အဲဒီအချိန်မှာ ကျနော်တို့ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးတို့လို ပြီးခဲ့တဲ့ကာလ တစ်လျှောက်မှာလည်း ကျနော်တို့ PPST အဖွဲ့ကို တောက်လျှောက်ဦးဆောင်မှုတွေ ပြုလာခဲ့သလို သူဦးဆောင်တဲ့ အချိန်ကာလမှာဆိုရင်လည်းပဲ PPST အတွက်ကတော့ အောင်မြင်မှုတွေ အများကြီးဆောင်ကျဉ်းခဲ့တာကိုလည်း ကျနော်တို့အနေနဲ့ အသိအမှတ်ပြုတယ်၊ တန်းဖိုးလည်းထားတဲ့ အပေါ်မှာ လက်ရှိ နိုင်ငံရေးအကျပ်အတည်းကာလအတွက် လက်ရှိ ကျနော်တို့ နိုင်ငံရေးပကတိအခြေအနေအတွက် ဒီအကျပ်အတည်းအခက်အခဲကို ကျော်လွှားနိုင်ဖို့ ကျနော်တို့ ကြိုးပမ်းနေစဉ်ကာလမှာ PPST အဖွဲ့ကို ကျနော်တို့က ဦးဆောင်မှုကော်မတီဆိုပြီးတော့ ခေါင်းဆောင် ၅ ဦးနဲ့ ကျနော်တို့ စုပေါင်းဦးဆောင်မှုနဲ့ ကျနော်တို့ ကြိုးပမ်းလုပ်ဆောင်နေတဲ့ အချိန်မှာ တစ်ခါမှ မရှိခဲ့ဖူးတဲ့ ဦးဆောင်နာယကဆိုပြီးတော့ အဲဒီ PPST ရဲ့ ကြိုးပမ်းလုပ်ဆောင်မှုတွေကို လိုအပ်သလို လမ်းညွန်ပဲ့ကိုင်ထိန်းကျောင်းပေးနိုင်ဖို့အတွက် ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးလို အစဉ်အလာလည်း ကြီးတယ်၊ အတွေ့အကြုံလည်း ရှိတယ်။ ပြီးတော့ အစဉ်အလာကြီးတဲ့ တိုင်းရင်းသားခေါင်းဆောင် တစ်ယောက်လည်း ဖြစ်တဲ့အပေါ်မှာ ကျနော်တို့ PPST အနေနဲ့ အဲဒီလိုမျိုး ဦးဆောင်နာယကအနေနဲ့ လမ်းညွန်ဦးဆောင်မှုတွေ ဆက်လက်လုပ်ပေးနိုင်မယ်ဆိုရင် ကျနော်တို့ အနေနဲ့ ဒီ PPST အတွက် ဆက်သွားမယ့် ခရီးအတွက် အများကြီး ပံ့ပိုးရာကျမယ်ဆိုတဲ့ အမြင်အာရုံရှိတဲ့ အပေါ်မှာ ကျနော်တို့ အနေနဲ့ ပြီးခဲ့တဲ့ Summit အပြီးကနေ လူချင်းသော်လည်းကောင်း၊ စာအားဖြင့် သော်လည်းကောင်း ထိတွေ့ညှိနှိုင်းဆက်ဆံပြီးတော့ လက်ရှိ နောက်ဆုံးအခြေအနေအရကတော့ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ကိုယ်တိုင်ကလည်းပဲ ကျနော်တို့ရဲ့ ကမ်းလှမ်းမှုအပေါ်ကို လက်ခံပြီးတော့ PPST ရဲ့ ဦးဆောင်မှုနာယကအနေနဲ့ တာဝန်ယူဆောင်ရွက်ပေးဖို့ သဘောတူညီချက်ကို စာထဲမှာ တွေ့ရတဲ့ အတိုင်းပဲ ဒါ confirm ဖြစ်တယ်လို့ ပြောလို့ရပါတယ်ခင်ဗျ။

    မေး။    ဗိုလ်ချုပ်ကြီး ယွက်စစ် တို့ကိုရော မကမ်းလှမ်းဘူးလား။
    ဖြေ။     ကျနော်တို့ကမ်းလှမ်းတာကတော့ အဲ့ဒီခေါင်းဆောင် နှစ်ယောက်စလုံးကို ကမ်းလှမ်းတာပါဘဲ။ ဘာဖြစ်လို့လဲဆိုတော့ ဒီခေါင်းဆောင် နှစ်ယောက်လုံးကို ပြီးခဲ့တဲ့ PPST အခင်းအကျင်းတောက်လျှောက်မှာ အဖွဲ့ခေါင်းဆောင်နေနဲ့ ဆောင်ရွက်ပေးတဲ့ ပုဂ္ဂိုလ်တွေလည်းဖြစ်တယ်။ ကျနော်တို့ကမ်းလှမ်းမှုက နှစ်ယောက်စလုံးကမ်းလှမ်းတယ် ဆိုပေမယ့် လောလောဆယ်ကတော့ အဖိုး စောမူတူးစေးဖိုးကဘဲ ဒါကအဖွဲ့အစည်းကိုယ်စား ပြုတာမဟုတ်ဘဲနဲ့ မိမိရဲ့ တသိပုဂ္ဂလ ပေါ့လေ ပုဂ္ဂိုလ်ရေးလိုလိုလားလားဆုံးဖြတ်ပိုင်ခွင့်နဲ့ PPST ရဲ့ ဦးဆောင်နာယကကို ဆောင်ရွက်ပေးဖို့ သဘောတူညီချက်ရရှိတယ်။ ဗိုလ်ချုပ်ကြီးယွက်စစ် အနေနဲ့ကလည်းဘဲ အဖွဲ့အစည်းဆိုတာတော့ သူ့ရဲ့ အဖွဲ့အစည်းအလိုက် သူ့ဟာနဲ့ သူပေါ့လေ သူ့ရဲ့ သမိုင်းနောက်ခံ နောက်ပြီးတော့ ပထဝီအနေအထား အခြေအနေနဲ့ ရပ်တည်နေရတဲ့ အပေါ်မှာ ဗိုလ်ချုပ်ကြီး ယွက်စစ်အနေနဲ့တော့ လောလောဆယ်ကတော့ အဲဒီလိုမျိုး ဦးဆောင်နာယကအတွက် လုပ်ဖို့ကတော့ အခြေအနေ မပေးသေးဘူး၊ သို့သော်လည်းပဲ အဲဒီလိုမျိုး PPST အစည်းအဝေးတွေမှာ အခြေအနေပေးလို့ရှိရင် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးဖို့ဆိုတာကိုတော့ အဲဒီလိုမျိုး ပြောကြားလာတာရှိပါတယ်ခင်ဗျ။

    မေး။    လက်ရှိ ငြိမ်းချမ်းရေးဆွေးနွေးမှုကိစ္စနဲ့ ပတ်သက်ပြီး ဗိုလ်မှူးကြီး အနေနဲ့ နောက်ဆုံး ဘာမျှဖြည့်စွက်ပြောကြားလိုသေးလဲခင်ဗျ။
    ဖြေ။     နောက်ထပ် ၃ ဖွဲ့သွားမယ့် အခင်းအကျင်းကတော့ ဒါဖြည့်စွက်ပြောစရာတော့ ကျနော်တို့ အနေနဲ့တော့ သိပ်အားရစရာတော့ မရှိဘူးပေါ့လေ။ PPST အနေနဲ့က ပြီးခဲ့တဲ့ တစ်ဖွဲ့ချင်း တွေ့ဆုံမှုအပြီးမှာ ကျနော်တို့ NSPNC ကို ကျနော်တို့ မေတ္တာရပ်ခံတယ်၊ ဘယ်လို မေတ္တာရပ်ခံသလဲဆိုတော့ ကျနော်တို့ တစ်ဖွဲ့ချင်းစီတွေ့တာကနေပြီးတော့ သက်ဆိုင်သူတွေ အားလုံးပါဝင်နိုင်တဲ့ တွေ့ဆုံမှုတွေ မဖြစ်ခင်စပ်ကြားမှာ PPST အစုအဖွဲ့အနေနဲ့သော်လည်းကောင်း ပြီးတော့ သွားတွေ့ပြီးသား ၇ ဖွဲ့အနေနဲ့ စုပေါင်းသွားတွေ့ခြင်းအားဖြင့် သော်လည်း ကျနော်တို့ မေတ္တာရပ်ခံခဲ့တယ်၊ သို့သော်လည်းပဲ အဲဒီအဆင့်တော့ မရောက်သေးဘူးပေါ့လေ၊ အဲဒီလောက် အထိတော့ ကျနော်တို့ မရသေးဘူး။ သို့သော်လည်းပဲ အရွေ့တစ်ခုတော့ ရှိတယ်လို့ နားလည်ပါတယ် ခင်ဗျ၊ တစ်ဖွဲ့ချင်း တွေ့ဆုံရာကနေပြီးတော့ ၃ ဖွဲ့တွေ့ဆုံနိုင်တဲ့ အခင်းအကျင်းကို ကျနော်တို့ ကြိုးပမ်းလာနိုင်တယ်၊ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့လေ PPST အနေနဲ့ကတော့ လက်ရှိ အကျပ်အတည်း အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ ကျနော်တို့ ပြည်ထောင်စု အတွက်က‌တော့ တစ်ချိန်မဟုတ်တစ်ချိန် နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲကတော့ ရှိကိုရှိလာမယ်လို့ အဲဒီလို ယုံကြည်ချက်ရှိတဲ့အပေါ်မှာ ကျနော်တို့ တစ်ဖွဲ့ပဲ ဖြစ်ဖြစ်၊ ၃ ဖွဲ့ပဲဖြစ်ဖြစ် တွေ့ဆုံမှု အခင်းအကျင်း ကနေပြီး တော့ ဒီပြည်ထောင်စုရဲ့ ငြိမ်းချမ်းရေးကို အာမခံချက်ပေးနိုင်တဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကို အခြေခံ သော ပြည်ထောင်စု တည်ဆောက်ရေးအတွက် လိုအပ်တဲ့ အားလုံးပါဝင်သော နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု အခင်း အကျင်း ပေါ်ပေါက်လာနိုင်အောင် ကျနော်တို့ ဒီကနေအစပျိုးပြီးတော့ ဘယ်လို လမ်းစဖော်လို့ရမလဲဆိုတာကို တစိုက်စိုက်မတ်မတ် ဆက်လက်ကြိုးပမ်း လုပ်ဆောင်သွားမယ် ဆိုတာကိုတော့ ကျနော့်အနေနဲ့ အဲဒီလိုပဲ PPST ရဲ့ ကြိုးပမ်းဆောင်ရွက်မှုကို ပြောချင်ပါတယ်ခင်ဗျ။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    33,200SubscribersSubscribe
    spot_img

    Latest posts