Homeသတင်းသံဖြူဇရပ်မြို့မရဲစခန်း ပစ်ခတ်မှု ဆက်စပ်သူများ ဖမ်းဆီးရမိဟု ထုတ်ပြန်

သံဖြူဇရပ်မြို့မရဲစခန်း ပစ်ခတ်မှု ဆက်စပ်သူများ ဖမ်းဆီးရမိဟု ထုတ်ပြန်

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ ဩဂုတ် ၂၇)

သံဖြူဇရပ်မြို့မရဲစခန်းကို အမည်မသိလက်နက်ကိုင်၄ ဦးမှ ဝင်ရောက်ပစ်ခတ်မှုနှင့် ပတ်သက်၍ဆက်စပ်သူများကို ဖမ်းဆီးရမိခဲ့ကြောင်း အာဏာပိုင်တို့၏ ထုတ်ပြန်ချက်အရ  သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၇ ရက်နေ့ ညပိုင်းက သံဖြူဇရပ်မြို့မရဲစခန်းကို ဆိုင်ကယ်နှစ်စီးဖြင့် သေနတ်သမား ၄ ဦး လာရောက်ပစ်ခတ်ခဲ့ရာတွင် ရဲကပြန်လည်ပစ်ခတ်သဖြင့် အမည်မသိသေနတ်သမားတစ်ဦး သေနတ်ထိမှန် ပွဲချင်းပြီးသေဆုံးခဲ့သည်။

အဆိုပါရဲစခန်း ပစ်ခတ်မှုနှင့်ဆက်စပ်၍ ဩဂုတ်လ ၂၅ ရက်နေ့က သံဖြူဇရပ်မြို့၊ ကြံခိုင်ရေးရပ်ကွက်၊ မြတ်လေးလမ်းနေ လင်းထွဋ်ဝင်း (ခ) ကိုပု (ခ) တရုပ်ပု ကို ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထို့နောက် ပါဝင်ပတ်သက်သူ ဇေယျာဝင်း (ခ) အသေးလေး (ခ) ဖရဲသီး (၂၅) နှစ်၊ ဆက်နိုင်ဦး (ခ) ဆက်နိုင်  (၂၇)နှစ်၊ ထွန်းထွန်းလင်း (ခ) ရှမ်းလေး (ခ) မျိုးနိုင် (၂၅)နှစ်၊ ဇော်ဦး (၂၈)နှစ်၊ ဝင်းမင်းထွန်း (ခ) သားငယ်လေး (ခ) ကျန်ကျောင်း (၂၅) နှစ်တို့အား ထပ်မံ ဖမ်းဆီးရမိခဲ့ကြောင်း ဓါတ်ပုံနှင့်တကွ ထုတ်ပြန်ထားသည်။
အဆိုပါဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူ ၆ ဦးတို့အား အကြမ်းဖက်ဉပဒေ ပုဒ်မ ၅၀(က)၊ ၅၀(ဈ) ဖြင့် သံဖြူဇရပ်မြို့မ ရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ဖမ်းဆီးမိသူများအား ဆက်လက်စစ်ဆေးရာ သံဖြူဇရပ် မြို့မရဲစခန်းအား ပစ်ခတ်တိုက်ခိုက်ရန် ပိုင်စိုး (ခ) ပိုင်စိုးဦးက စေခိုင်းခဲ့သောကြောင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ထွက်ဆိုခဲ့ကြောင်း ထုတ်ပြန်ချက်က ဖော်ပြသည်။ 

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts