Homeသတင်းလူမှုကွန်ယက် Facebook  ခြိမ်းခြောက်မှုများကြောင့် ရေးမြို့နယ်ရှိ အစိုးရစာသင်ကျောင်းတချို့ ပုံမှန်မဖွင့်လှစ်နိုင်

လူမှုကွန်ယက် Facebook  ခြိမ်းခြောက်မှုများကြောင့် ရေးမြို့နယ်ရှိ အစိုးရစာသင်ကျောင်းတချို့ ပုံမှန်မဖွင့်လှစ်နိုင်

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ သြဂုတ် ၂၅)

လူမှုကွန်ယက် Facebook ပေါ်က ခြိမ်းခြောက်နေမှုများကြောင့်  ရေးမြို့နယ်ရှိ အစိုးရစာသင်ကျောင်းတချို့ ယခုလအတွင်း ကျောင်းပုံမှန်မဖွင့်လှစ်နိုင်တော့ကြောင်း သတင်းရရှိသည်။


ကျောင်းဖွင့်သော်လည်း ကျောင်းသား/သူများ ကျောင်းမတက်ခြင်း၊ ကျောင်းချိန်အတွင်း ကျောင်းသားမိဘများ အိမ်ပြန်ခေါ်သွားခြင်းနှင့် ကောလာဟာလသတင်းများကြောင့်  ဆရာဆရာမများအနေဖြင့် ကျောင်းစိမ်းဝတ်စုံကိုပင် ဝတ်ဆင်ရန်ဝန်လေးလာခြင်း

တို့ဖြစ်လာကြောင်း မော့ကနင်ကျေးရွာမှ ဆရာမတစ်ဦးက ပြောသည်။


“ကျောင်းဖွင့်ရက်မှာ လာတက်တဲ့ကျောင်းသား နည်းနည်းပါးပါးပဲရှိတယ်၊ စာလည်းကောင်းကောင်းမသင်ရဘူး၊ ကျောင်းသားမိဘတွေက သူတို့ခလေးတွေကို ကျောင်းမလာစေချင်ဘူး၊ တချို့ကျောင်းတက်နေရင်း အိမ်ကလာခေါ်တော့ပြန်သွားတဲ့အခါ တခြားကျောင်းသားတွေလည်း လန့်ဖြန့်၊ ဆရာဆရာမတွေတောင် ကျောင်းဝတ်စုံမဝတ်ရဲတဲ့အထိ ဖြစ်နေပြီ”ဟု ၄င်းက ဆိုသည်။  

ရေးမြို့အတွင်းရှိ အထက်တန်းကျောင်းများတွင် တာဝန်ထမ်းဆောင်နေသည့် ပညာရေးဝန်ထမ်းများ ကျောင်းမတက်ရန် ရေဘီးလူးအဖွဲ့ဝင်က  လူမူကွန်ယက်စာမျက်နှာပေါ်တွင် သတိပေးစာ ထုတ်ပြန်ခဲ့ပြီးနောက် ကျောင်းသားမိဘများ စိုးရိမ်စိတ်ပို၍ ဖြစ်ပေါ်လာကြောင်း သိရသည်။

ကျောင်းသားမိဘတစ်ဦးက “ကလေးမိဘတွေ ပိုပြီး စိတ်ပူကြတာပေါ့။ စိတ်ပူတော့ တချို့ကလေးတွေ ကျောင်းထွက်ခံရတဲ့ အခြေနေအထိ ရှိခဲ့တယ်” ဟု ပြောသည်။

ရေးမြို့နယ်တွင် မကြာခဏ ပစ်ခတ်လုပ်ကြံမှုများ ဖြစ်ပွားခဲ့ပြီး လူသေဆုံးမှုများလည်း ရှိနေသဖြင့်

လုံခြုံရေး စိုးရိမ်ရမှုနှင့် လူမှုရေး အခက်အခဲများကြောင့် မိမိတို့၏ သားသမီးများကို အခြားမြို့နယ်များသို့ ကျောင်းပြောင်းထားလိုက်ရကြောင်း ကျောင်းသားမိဘတစ်ဦးက ဆိုသည်။

“ကျမက အလုပ်ကလည်းတစ်ဖက် ကလေးကို သီးသန့် ကြိုပို့ပေးမယ့် လူကမရှိ။ အဲလိုဖြစ်နေတော့ အခက်ခဲတော်တော်ဖြစ်တော့ သမီးကို အခြားမြို့မှာ ကျောင်းပြောင်းပေးလိုက်ရတာပေါ့” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ၃ ရက်နေ့က ရေးမြို့လဝကရုံးကို ရေးဘီးလူအဖွဲ့ဝင်ရောက် ပစ်ခတ်မှုကြောင့် လဝကအရာရှိသုံးဦးနှင့် အရပ်သားတစ်ဦးသေဆုံးခဲ့သည်။

စစ်အာဏာသိမ်းပြီး တစ်နှစ်ခွဲကျော်ကာလ၌ ရေးမြို့နယ်အတွင်း ရပ်ကျေးအုပ်ချုပ်ရေးမှူး၊ ပြည်ခိုင်ဖြိုးပါတီဝင်၊ လုံခြုံရေးအဖွဲ့ဝင်ပြည်သူ့စစ်နှင့် အရပ်သားစုစုပေါင်း ၃၀ ဦးထက်မနည်း လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရကြောင်း သတင်းမှတ်တမ်းများက ဖော်ပြနေသည်။

ရေးမြို့နယ်တွင် အထက၊ အလကကျောင်းနှင့် ကျောင်းခွဲ (၄၂) ကျောင်း၊ အမကကျောင်း (၇၆) ကျောင်းရှိကြောင်း ရေးမြို့နယ်ဒေသဆိုင်ရာအချက်အလက်များ ဖော်ပြချက်အရ သိရသည်။  

Topics; #မွန်ပြည်နယ် #ရေးမြို့နယ် #ရေးဘီလူး #စာသင်ကျောင်း #ပစ်ခတ်တိုက်ခိုက်

ရေးမြို့အဝင် ဆိုင်းပုဒ်

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts