Homeသတင်းရေးဒေသထွက် ကွမ်းသီး ကျပ် ၇ ထောင်ကျော်အထိ ဈေးမြင့်တက်

ရေးဒေသထွက် ကွမ်းသီး ကျပ် ၇ ထောင်ကျော်အထိ ဈေးမြင့်တက်

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ ဩဂုတ် ၂၄)

မွန်ပြည်နယ်၊ ရေးဒေသမှ ထွက်ရှိသော ကွမ်းသီးခြောက် တစ်ပိဿာ ငွေကျပ် ၇၃၀၀ အထိ ဈေးနှုန်း မြင့်တက်လာခဲ့ကြောင်း ကွမ်းသီးရောင်းဝယ်ရေးလုပ်ကိုင်သူများထံက သိရသည်။

ပြီးခဲ့သည်နှစ် ကာလတူအချိန်တွင် ရေးဒေသထွက် ကွမ်းသီး တစ်ပိဿာ ၅၀၀၀ ကျပ်ထိသာ ဈေးနှုန်း ရရှိခဲ့ကြောင်း ယခုနှစ်တွင် ကွမ်းသီးနု အဝယ်လိုက်သောကြောင့် ကွမ်းသီးခြောက်များ ပြတ်လပ်သွားသည့်အထိ ဖြစ်ခဲ့‌ရကြောင်း ‌ကွမ်းသီးရောင်းဝယ်နေသူ တစ်ဦးက ပြောသည်။

“ကွမ်းသီးက စိုက်တောင်သူတွေဆီမှာရော အမတို့ လက်ထဲမှာပါ ပြတ်တဲ့အထိ ဖြစ်သွားတယ်။ အခုလည်း ကုန်သလောက်ရှိနေပြီ”ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ရေးကွမ်းသီး တစ်ပိဿာ ၇၃၀၀ ကျပ်၊ မော်လမြိုင်ကွမ်းသီး အညိုသီး တစ်ပိသာ ၆၃၀၀ ကျပ်နှင့် မော်လမြိုင်ပါးပုပ်သီး တစ်ပိဿာ ၇၃၀၀ ကျပ် ထိ ဈေးမြင့်တက်လာခဲ့ခြင်း ဖြစ်ကြောင်း ဆက်ပြောသည်။

ဈေးကွက်အတွင်း ဝယ်လိုအား မြင့်တက်‌ နေသေးသောကြောင့် ကွမ်းသီးဈေးနှုန်းများ ထပ်မံမြင့်တက်လာနိုင်ကြောင်း ကွမ်းသီးနှင့် ကွမ်းရွက် လက်လီ လက္ကားရောင်းချနေသူ တစ်ဦးက ပြောသည်။

“တောင်သူတွေလက်ထဲမှာ မကျန်တော့ဘဲ ဈေးကွက်ထဲမှာက အဝယ်လိုက်နေတယ်ဆိုရင်တော့ ဈေးကဆက်တက်နေဦးမှာပဲ”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်း မော်လမြိုင် အညိုသီး တစ်ပိဿာ ၅၁၀၀ ကျပ်၊ မော်လမြိုင် ပါးပုတ်သီး တစ်ပိဿာ ၆၁၀၀ ကျပ်နှင့် ရေးကွမ်းသီး တစ်ပိဿာ ၆၂၀၀ ကျပ် အထိ ပေါက်ဈေးရှိခဲ့သည်။

မွန်ပြည်နယ်မှ ထွက်ရှိသော ကွမ်းသီးခြောက်များကို ရန်ကုန်၊ ပဲခူးနှင့် တစ်ခြားသော ပြည်နယ်များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

Topics; #မွန်ပြည်နယ် #ရေးမြို့နယ် #ကွမ်းသီး #ဈေးမြင့်တက်

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts