မွန်သတင်းအေဂျင်စီ (၂၀၂၂ ဩဂုတ် ၁၂)
မွန်ပြည်နယ်အတွင်း ဩဂုတ် ဒုတိယအပတ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့နယ်တစ်ချို့ ရေကြီးမှုများဖြစ်ပေါ်နေကြောင်း သိရသည်။
ဩဂုတ်လ ၁၂ရက် မနက်ပိုင်းတွင် ဘီးလင်းမြို့နယ်၊ သထုံမြို့နယ်၊ ပေါင်မြို့နယ် နှင့် ရေးမြို့နယ်တို့တွင် ရေကြီးမှုများ ဖြစ်ပေါ်နေကြောင်း ဒေသခံများထံက သိရသည်။
မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေးမြို့နယ် ဟံဂံကျေးရွာတွင် ဩဂုတ် ၁၂ ရက် နံနက်အစောပိုင်းအချိန်မှစတင်ကာ ရေကြီးရေလျှံမှုဖြစ်ပွားနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“မိုးက မနေ့ကလည်း တစ်နေကုန်ရွာတယ်။ ညကလည်း တစ်ညလုံးရွာတယ်။ အခုလည်းရွာနေတုန်းပဲ။ မိုးများတော့တောင်ကျရေဆင်းတယ်။ ချောင်းတွေရေလျှံပြီး ရွာထဲကိုရေတွေဝင်လာတာပါ”ဟု ၎င်းက ပြောသည်။
လက်ရှိတွင် တစ်ရွာလုံး ရေကြီးမှု ဖြစ်ပေါ်နေပြီး ဒီရေတက်ချိန်နှင့် ဆုံပါက ရေပိုကြီးလာနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။
အလားတူ သထုံမြို့နယ် လိပ်အင်း၊ ရွာဦး၊ ပေါ်တော်မူ၊ အောက်ကျင်းရပ်ကွက် နှင့် သုဓမ္မဝတီမြို့သစ်ဘက်တွင်ရေကြီးမှုများ ဖြစ်ပေါ်နေကြောင်း သထုံမြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။
“မနက် ဆယ်နာရီလောက်ကမှ ရေက တက်လာတာ။ အိမ်ရှေ့ ဖိနပ်ချွတ်ထိ ရောက်လာတယ်။ ညက မနေ့ကရောမနေ့ညကလည်းတစ်ညလုံးရွာထားတော့ ရေကြီးလာတာ မြောင်းတွေလည်းရေပြည့်နေတော့ ရေက ဆင်းစရာမရှိတော့ဘူးလေ”ဟု ပြောသည်။
မိုးဆက်လက် ရွာသွန်းနေမည်ဆိုပါက ရေထပ်ကြီးလာနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။
ပေါင်မြို့နယ် ဇင်းကျိုက်ရေတံခွန်အနီး ရပ်ကွက် နှင့် ရန်ကုန် – မော်လမြိုင်ကားလမ်းပေါ်တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်နေကြောင်း သိရသည်။
မွန်ပြည်နယ်အတွင်းက အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များမှလည်း အကူညီလိုအပ်ပါက ချက်ချင်းဖုန်းဆက်ကြရန်Facebook စာမျက်နှာပေါ်တွင် ဖုန်းနံပါတ်များကို ထုတ်ပြန်ခဲ့သည်။
Topics ; #မွန်ပြည်နယ် #ရေကြီး #အရေးပေါ်ကယ်ဆယ်ရေး #အကူအညီ
