မွန်သတင်းအေဂျင်စီ (၂၀၂၂ ဇူလိုင် ၂၂)
မော်လမြိုင်မြို့၊ ရွှေတောင်ရပ်ကွက်ရှိ အ.ထ.က (၅) ကျောင်း၏ အုတ်တံတိုင်း ယနေ့နံနက်ပိုင်းတွင် ပြိုကျမှုကြောင့် လူ ငါးဦး သေဆုံးခဲ့ကြောင်း ကယ်ဆယ်ရေးအဖွဲ့ဝင်များထံက သိရသည်။
ကျောင်းအုတ်တံတိုင်းဘေးတွင် ဖွင့်လှစ်ထားသော လက်ဖက်ရည်ဆိုင်ပေါ်သို့ မနက် ၉ နာရီ ၁၅ အချိန်ခန့်က ပြိုကျခဲ့ခြင်းဖြစ်ကြောင်း ကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။
“၉ နာရီ ၂၀ လောက်မှာ ကျွန်တော်တို့ဆီ ဖုန်းဝင်လာတယ်ပေါ့။ အထက ၅ ကျောင်း ဘေးနံရံပြိုတယ်ဆိုပြီး ပြောတယ်။ ကျနော်တို့ ရောက်တဲ့အချိန်မှာထိ လွန်ခဲ့တဲနာရီဝက်အထိကို သေဆုံးသူ ငါးဦး အသက်ရှင် တစ်ဦး အားလုံး ဆေးရုံကြီးတော့ ရောက်ပြီ”ဟု ၎င်းက ပြောသည်။
လက်ရှိအချိန်ထိ သေဆုံးသူ ငါးဦး၊ အသက်ရှင် တစ်ဦးအပြင် ထိခိုက်ဒဏ်ရာ ရရှိသူ တစ်ဦးကို ဆက်လက် ရှာဖွေတွေ့ရှိခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
မော်လမြိုင်မြို့တွင် မိုးဆက်တိုက်ရွာသွန်းနေသောကြောင့် မိုးရွာချိန်ကြောင့် မြေကြီးလျော့ကျကာ အုတ်တံတိုင်းပြိုကျခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်ပြောသည်။
သေဆုံးသူများတွင် ကျောင်းဝင်းအုတ်နံရံ အပြင်ဘက်ရှိ မာလာဝင်းလမ်းသွယ်ပေါ်တွင် ဖွင့်လှစ်ထားသည့် လ္ဘက်ရည်ဆိုင်ပေါ်သို့ ပြိုကျခဲ့ရာ လ္ဘည်ရည်ဆိုင်ပိုင်ရှင် ဒေါ်သီတာ၊ ဆိုင်အတွင်းရှိ အငယ်လေး(ခ)ဟိန်းစိုး၊ စလင်း(ခ)သိန်းအောင်၊ လက်ချမီးနှင့် တက္ကစီမောင်းသူတစ်ဦးပေါ်သို့ ပိကျခဲ့မှုကြောင့် သေဆုံးခဲ့ရသည်ဟု ပြောသည်။
သေဆုံးသူ ငါးဦးမှာ ရပ်ကွက်အတွင်း နေထိုင်သူများ ဖြစ်ရာ လက်ရှိမှာ ကျောင်းအုတ်တံတိုင်းဘေးတွင် ဖွင့်လှစ်ထားသော ဆိုင်များကို ရွေ့ဆိုင်းထားရန် ညွှန်ကြားထားကြောင်း၊ ကယ်ဆယ်ရေးအဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်နေပြည်သူများ ပူးပေါင်းကာ ရှာဖွေမှုများ ဆက်လက်ပြုလုပ်နေကြောင်း သိရသည်။
ယခင်နှစ်ဦးပိုင်းတွင်လည်း မော်လမြိုင်မြို့ စစ်ကဲကုန်းရပ်ကွက်ရှိ မြေသားနံရံပြိုကျမှုကြောင့် လူတစ်ဦး မြေပိသေဆုံးခဲ့ပြီး နေအိမ် သုံးလုံး ထိခိုက်ပျက်စီးခဲ့သည်။
