Homeသတင်းဘုရားသုံးဆူမြို့ လူသတ်မှုဖြစ်စဥ်တစ်ခုတွင် သံသယတရားခံဖမ်းမိကြောင်း သတင်းထွက်ပေါ်ခဲ့သော်လည်း မြန်မာအာဏာပိုင်လက်ထဲမရောက်

ဘုရားသုံးဆူမြို့ လူသတ်မှုဖြစ်စဥ်တစ်ခုတွင် သံသယတရားခံဖမ်းမိကြောင်း သတင်းထွက်ပေါ်ခဲ့သော်လည်း မြန်မာအာဏာပိုင်လက်ထဲမရောက်

-

မွန်သတင်းအေဂျင်စီ (၁၂ ဇူလိုင် ၂၀၂၂)

ထိုင်းမြန်မာနယ်စပ် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့၌ ဇူလိုင် ၁၀ ရက်နေ့ နံနက်ပိုင်းတွင် အမျိုးသားတစ်ဦး ဓါးဖြင့်ခုတ်ခံရသည့်လူသတ်မှုတစ်ခုဖြစ်ပွားခဲ့ပြီးနောက် သံသယတရားခံဆိုသူအား ထိုင်းနယ်မြေအတွင်း ဖမ်းဆီးမိကြောင်း သတင်းထွက်ပေါ်ခဲ့သော်လည်း မြန်မာအာဏာပိုင်လက်ထဲမရောက်သေးဟု စုံစမ်းသိရှိရသည်။

ဘုရားသုံးဆူမြို့အကြောင်း သတင်းများတင်ပြလေ့ရှိသည့် “အောင်စိုး Facebook” အကောင့်က တရားခံဟု ယူဆရသူအား ထိုင်းနိုင်ငံဘက်အခြမ်း PTK အရှေ့ဇရပ်တွင် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးမိသည်ဆို၍ ဓါတ်ပုံနှင့်တကွဖော်ပြခဲ့ကြောင်း၊ သို့ရာတွင် အဆိုပါသတင်း မည်မျှမှန်ကန်မှုရှိမရှိဆိုသည်ကို မွန်သတင်းအေဂျင်စီအနေဖြင့် သက်ဆိုင်ရာထိုင်းအာဏာပိုင်သို့ ဆက်သွယ်မေးမြန်းအတည်ပြုနိုင်ခြင်းမရှိသေးပါ။

“ထိုင်းရဲဖမ်းမိပြီး မနေ့မနက်က လွှဲပေးလိုက်တယ်လို့ Facebook သတင်းမှာ ထွက်နေတယ်၊ ဒါပေမယ့် တရားခံက သုံးဆူရဲစခန်းကိုလည်း ရောက်မလာသလို စစ်တပ်မှာလည်း ဖမ်းဆီးထိန်းသိမ်းထားတာ မကြားမိဘူး၊ ကျနော်တို့လိုက်လံစုံစမ်းပြီးပြီ၊ တရားခံ ဘယ်ရောက်နေသလဲ မသိဘူး၊ နာမည်လည်းမသိရသေးဘူး” ဟု အမည်မဖော်လိုသော ဘုရားသုံးဆူမြို့ခံ တစ်ဦးက ပြောသည်။

ဘုရားသုံးဆူမြို့ အမှတ်(၁) ရပ်ကွက် အထကကျောင်းရှေ့၌ မိသားစုနှင့်အတူနေထိုင်လျက်ရှိသော ကိုပိုင်စိုး အသက် (၄၄) နှစ်သည် နေအိမ်ခြံဝင်းအတွင်း ငှက်ပျောပင်ကိုချိတ်ဖြင့်လှမ်းဆွဲနေစဥ် ၄င်းနေအိမ်တွင် အလုပ်လုပ်ခိုင်းနေသည့် လူငယ်တစ်ဦးက နောက်မှလာ၍ဓါးဖြင့်ရုတ်တရက်ပိုင်းခုတ်ချလိုက်သဖြင့် အခင်းဖြစ်ပွားသည့်နေရာမှာပင် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။

ထိုနောက် သေဆုံးသူကိုပိုင်စိုး၏ဇနီးဖြစ်သူ “သုလေဖော” ကိုလည်း ဓါးဖြင့်လိုက်ခုတ်ပြန်သဖြင့် ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး ဘုရားသုံးဆူလူမှုကယ်ဆယ်ရေးအသင်းက ဆေးရုံသို့အချိန်မီ ပို့ဆောင်ခဲ့ရသည်။

“သတ်တဲ့ကောင်လေးက သုံးဆူရောက်လာတာမကြာသေးဘူး၊ ထိုင်းကနေပြန်လာတဲ့ သူကောင်မလေးနဲ့ယူထားတာ၊ သေတဲ့လူရဲ့ နေအိမ်အနီး တန်းလျားမှာနေကြတယ်၊ မနေ့က သူ့မိန်းမကိုခေါ်ပြီး PTK ရာဘာခြံရှေ့မှာ ထိုင်နေတုန်း ရဲက ဖမ်းမိတာတဲ့”ဟု အထက်ပါ ဘုရားသုံးဆူမြို့ခံက ဆက်ပြောသည်။

အဆိုပါ သံသယသူသတ်တရားခံ လူငယ်မှာ အသက် ၂၀ ကျော် မုဒုံမြို့နယ်ဇာတိဖြစ်ကြောင်း စုံစမ်းသိရှိရသော်လည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။

အလားတူပြီးခဲ့သည့် ဇူလိုင် ၅ ရက် ညပိုင်းအချိန်က ဘုရားသုံးဆူမြို့  ဂေါက်ကွင်းအနီးရှိ အရက်ဆိုင်နံဘေး၌ မြန်မာစစ်တပ်မှ တပ်ကြပ်ကြီးတစ်ဦးကို အမည်မသိလူငယ် ၂ ဦးက သေနတ်ဖြင့်ပစ်သတ်လုပ်ကြံခဲ့ပြီး ပစ္စတိုနှင့် ဆိုင်ကယ်ကိုလည်း ယူဆောင်သွားကြောင်း သတင်းများက ဖော်ပြသည်။

# Topics; -ဘုရားသုံးဆူမြို့ လူသတ်မှု

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts