မွန်သတင်းအေဂျင်စီ (၂၀၂၂ ဇူလိုင် ၇)
မွန်ပြည်နယ် ရေးမြို့အထွက် ထက်ထက်ဆီဆိုင်အနားတွင် ဓါးဖြင့် လည်ပင်းလှီးကာ လုယက်သွားသည့် တရားခံကို ဖမ်းမိသွားကြောင်း သိရသည်။
အဆိုပါ တရားခံကို လမိုင်းမြို့နယ်မှာ ဇူလိုင် ၅ ရက်က ဖမ်းဆီးရမိသွားကြောင်း အသက်ဘေးမှ လွတ်မြောက်လာသူ မလင်းနီထွန်း၏ ဖခင်ဖြစ်သူက မွန်သတင်းအေဂျင်စီကို ပြောသည်။
“တရားခံကတော့ လွန်ခဲ့တဲ့ ၅ ရက်နေ့က လမိုင်းမှာပဲ ဖမ်းမိတယ်။ ဆိုင်ကယ်က မြဝတီမှာ သူရောင်းလိုက်တယ်” ဟု ၎င်းက ပြောသည်။
အဆိုပါ တရားခံမှာ ရေးမြို့ ရန်ကြီးအောင်ရပ်ကွက်တွင် နေထိုင်သူ မောင်ရာဇာထွန်းဖြစ်ပြီး ၎င်းအား တရားဥပဒေနှင့် အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
မလင်းနီထွန်းက “သူ့သူငယ်ချင်းဆီမှာ ပိုက်ဆံသွားယူရင်း ဆိုင်ကယ်နဲ့ ဆီဆိုင်အကျော်မှ ခဏ ပို့ခိုင်းတယ်။ ဟိုရောက်တော့ မိုးချုပ်နေပြီ ပြန်တော့မယ်လို့ သူ့ကိုပြောတယ်။ ဆိုင်ကယ်လှည့်တဲ့ အချိန်မှာပဲ အနောက်ကနေ ဓားနဲ့ လည်ပင်လှီးပြီး လည်ပင်းကို သူနိုပ်ထားတော့ နာရီဝက်လောက် သတိမေ့သွားတယ်။ သတိပြန်ရတဲ့အချိန်က ၇ ခွဲလောက်ပဲ။ ဆိုင်ကယ်၊ ဆွဲကြိုး၊ ပိုက်ဆံအိတ်၊ ဖုန်းတို့ မရှိတော့ဘူး ထက်ထက်ဆီဆိုင်ထဲကို ပြေးဝင်သွားတယ်။ အဲကအမတွေက လူနာတင်ကားခေါ်ပြီး ဆေးရုံပို့ပေးတယ်” ဟု ပြောသည်။
ပြီးခဲ့သည့် ဇူလိုင် ၃ ရက် ညနေ ၆ နာရီ အချိန်တွင် မောင်ရာဇာထွန်းမှ မလင်းနီထွန်းကို လိမ်လည်ခေါ်သွားကာ လုယက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး လက်ရှိတွင် မလင်းနီထွန်းမှာ ရေးမြို့ မြမြင့်မိုရ်ဆေးခန်းတွင် ဆေးကုသခံယူနေကြောင်း သိရသည်။




