spot_img
Sunday, May 5, 2024
More
    spot_img
    Homeဆောင်းပါးဥပဒေအကာကွယ်မဲ့လာတဲ့ အိမ်တွင်းအကြမ်းဖက်မှုတွေ

    ဥပဒေအကာကွယ်မဲ့လာတဲ့ အိမ်တွင်းအကြမ်းဖက်မှုတွေ

    -

    ထိုက်သူစံ -(၂၉ မေ ၂၀၂၂)

    “အလုပ်ထဲမှာအဆင်မပြေလည်း အစ်မကို ရိုက်တယ်။ အပြင်မှာ ဒေါသထွက်စရာတွေရှိခဲ့လည်း အိမ်ရောက်ရင် အစ်မကို တွေ့တာနဲ့ သူ့ဒေါသကို ပုံချလိုက်တယ်” အသက် ၃ နှစ်အရွယ် ကလေးကို ပေါင်ပေါ်မှာ ချော့သိပ်နေရင်း မအေးသက် ပြောပြပါတယ်။

    အုန်းဆီ မလိမ်းထားတဲ့ဆံပင်ကို ကလစ်နဲ့ ညှပ်တင်ထားပြီး သနပ်ခါးရေကြဲလိမ်းထားတဲ့ မအေးသက်ကတော့ အသက် ၃၂နှစ်အရွယ် အိမ်ထောင်ရှင်မတစ်ဦး ဖြစ်ပါတယ်။

    အသက် ၂ နှစ်ကြီးတဲ့ ခင်ပွန်းသည်နဲ့ အိမ်ထောင်သက် ၈ နှစ်‌ကျော်အတွင်းမှာ အရိုက်ခံရတာတွေ အိမ်ပေါ်က မောင်းချခံရတာတွေကြောင့် ရပ်ကွက်ရုံးကို တစ်ပတ် သုံးကြိမ်လောက်သွားခဲ့ရပါတယ်။

    အရင်ကတော့ ရပ်ကွက်ရုံးက တာဝန်ယူ ‌ဖြေရှင်းပေးတာတွေ၊ အမျိုးသားဖြစ်သူကို ခေါ်ယူသတိပေးတာတွေ လုပ်ပေးခဲ့ပါတယ်။ ဒါပေမယ့် အာဏာသိမ်းပြီးတဲ့ နောက်မှာတော့ ရပ်ကွက်ရုံး ဝင်ခွင့်ရဖို့ ခက်ခဲလာခဲ့ပါတယ်။

    ရပ်ကွက်ရုံးရဲ့ လုံခြုံရေးအရလို့ ပြောပြီး လူတိုင်းကို ဝင်ထွက်ခွင့်မပေးတော့ပါဘူး။ မအေးသက်အနေနဲ့ အိမ်တွင်းအကြမ်းဖက်ခံရတဲ့ ကိစ္စကို ရပ်ကွက်ရုံးကို သွားရောက်တိုင်ကြားခဲ့ပေမယ့်လည်း ရဲစခန်းကိုသာ သွားတိုင်ဖို့ ပြောပါတယ်။

    “သူတို့မှာ ဒီထက်ပိုအရေးကြီးတဲ့ အလုပ်တွေရှိတယ်လို့ ပြောတယ်။ ပြီးရင် နင့်တို့လင်မယားက လင်မယားပဲ ဘာမှ ဖြစ်မသွားဘူး။ ဒီအိမ်ပေါ်ပဲ ပြန်တက်မှာကို အလုပ်လာရှုပ်မနေနဲ့လို့ ပြောတယ်။ နင့်ယောင်္ကျားပဲ ချစ်လို့ယူထားတာ သေအောင် ရိုက်ပါ့မလားလို့ ပြောတယ်” လို့ ရပ်ကွက်အုပ်ချုပ်ရေးရုံးက ပြောတာကို ပြန်ပြောပြပါတယ်။ 

    အဲဒီနောက် မအေးသက်က ရဲစခန်းကို သွားတိုင်ပေမယ့် ရဲစခန်းက တိုင်ကြားချက်ကို လက်မခံခဲ့ပါဘူး။

    ရဲစခန်းက ပြန်ထွက်လာချိန်မှာတော့ သူတို့လို အကြမ်းဖက်ခံရသူတွေကို မယုံကြည်သလို၊ ဘာမှမဖြစ်သလိုနေဖို့ ပြောကြတဲ့ စကားတွေကိုသာ မအေးသက်နားထဲ ထပ်ခါထပ်ခါ ကြားနေမိခဲ့မိပါတယ်။ ခုလိုကာလမှာ ရဲစခန်းလို၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးလို နေရာမျိုးတွေကို သွားရောက်ခြင်းဟာ ပတ်ဝန်းကျင်ရဲ့ သင်္ကာမကင်းဖြစ်ခံရနိုင်ခြေလည်း ရှိနေတာ ဖြစ်ပါတယ်။

    အိမ်တွင်းအကြမ်းဖက်မှုတွေ နဲ့ပတ်သက်လို့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ ဌာနဆိုင်ရာတွေက အရေးမကြီးသလို လျစ်လျူရှုတာတွေကြောင့် အကြမ်းဖက်သူတွေက ပိုရဲတင်းလာပါတယ်လို့ ‌အမည်မဖေါ်လိုတဲ့ အမျိုးသမီးနဲ့ ကလေးသူငယ်အရေး ကူညီနေသူ တစ်ဦးက ပြောပါတယ် ။

    “အခုဆိုရင် တစ်ခုခုဆို မတိုင်ရဲဘူး။ ကျုးလွန်တဲ့သူတွေကလည်း ပိုပြီးတော့ ရဲတင်းလာတာပေါ့။ နင့်တို့ကြိုက်တဲ့နေရာ သွားတိုင် တကယ့်တကယ် လုပ်မှာမဟုတိဘူးဆိုတဲ့ ပုံစံမျိုးတွေရှိတယ်။ ဒါက အောက်ခြေဘက်မှာ ဖြစ်နေတဲ့ပြသာနာတွေ”လို့ အကြမ်းဖက်ခံနေရသူတွေ ကြုံတွေ့နေရတာကို ပြောပြပါတယ်။

    အိမ်တွင်းအကြမ်းဖက်မှုဆိုတာက ရင်းနှီးတဲ့ ဆက်ဆံရေးရှိနေသူတွေအကြားမှာ တွေ့ရလေ့ရှိတဲ့ ရည်ရွယ်ချက်ရှိရှိနဲ့လုပ်တဲ့ အကြမ်းဖက်မှုတွေကို ဆိုလိုတာဖြစ်ပါတယ်။

    အိမ်တွင်းအကြမ်းဖက်ရာမှာ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်တာ နဲ့ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတာ စတဲ့ ပုံစံတွေ ရှိကြပါတယ်။ အိမ်တွင်းအကြမ်းဖက်မှုကို ကျားမ မရွေး၊ အသက်အရွယ်မရွေး၊ လူမျိုးမရွေး တွေ့ကြုံခံစားရနိုင်ပါတယ်။ ဒါပေမယ့် အိမ်တွင်းအကြမ်းဖက်မှုကို ခံစားကြုံတွေ့ရသူ အများစုက အမျိုးသမီးတွေဖြစ်ကြပါတယ်။

    တည်ဆဲဥပဒေမှာ အိမ်တွင်းအကြမ်းဖက်သူက လက်နဲ့ ရိုက်ပါက သာမန်နာကျင်‌စေတဲ့ ပုဒ်မ ၃၂၃ အရ ထောင်ဒဏ် တစ်နှစ် ဖြစ်စေ၊ ငွေဒဏ် တစ်သိန်းဖြစ်စေ (သို့) ဒဏ်နှစ်ရပ်လုံး ချမှတ်နိုင်တယ်လို့ ပြဌာန်းထားပါတယ်။ တုတ်နဲ့ အကြမ်းဖက်ပါက ဘေးဖြစ်စေတဲ့ ‌ပုဒ်မ ၃၂၄ အရ ထောင်ဒဏ် သုံးနှစ် ဖြစ်စေ၊ ငွေဒဏ်တစ်မျိုးဖြစ်စေ (သို့) ဒဏ် နှစ်ရပ်လုံး ချမှတ်နိုင်တယ်လို့ ပြဌာန်းထားပါတယ်။

    အဆိုပါ အမျိုးသမီးနဲ့ ကလေးသူငယ်အရေး ကူညီပေးနေသူက “မြန်မာနိုင်ငံမှာက အိမ်တွင်းအကြမ်းဖက်ခံရမှုကို ပြစ်မှုလို့မမြင်ဘူး။ လက်ရှိ ကာကွယ်ပေးရေးဥပဒေရော၊ ရဲဌာနတွေရော၊ တရားရေးရော အမျိုးသမိးတွေ အကြမ်းဖက်ခံရတာနဲ့ ပတ်သတ်ရင် အရမ်းအားနည်းတယ်။ ထိထိရောက်ရောက်မလူပ်ပေးနိုင်ဘူး။ ကာကွယ်မပေးနိုင်ဘူး။ အဲတော့ အမျိုးသမီးတွေ အကုန် နှုတ်ဆိတ်သွားတော့မှာ သေမှာ ကြောက်လို့ မတိုင်ရဲကြတော့ဘူး။ ရှောင်ပြေးကြတယ်”လို့ ပြောပါတယ်။

    ထိခိုက်နာကျင်စေမှုနဲ့ အမှုဖွင့်တိုင်ကြားမယ်ဆိုရင်တောင် သိသာထင်ရှားတဲ့ဒဏ်ရာဒဏ်ချက်တွေကို သက်သေမပြနိုင်ပါကလည်း အမှု မဖွင့်ပေးဘူးလို့ ပြောပါတယ်။

    ဒါအပြင် မြန်မာနိုင်ငံရဲ့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုကာကွယ်ပေးရမယ့် ဥပဒေတွေက ခေတ်နောက်ကျနေပြီ ဖြစ်တယ်လို့ အမျိုးသမီးနဲ့ ကလေးသူငယ်အရေး ကူညီနေသူတွေက ပြောပါတယ်။

    အမျိုးသမီး အကြမ်းဖက်ခံရမှု ကိစ္စနဲ့ပတ်သက်လို့ ကူညီပေးနေသူ တဦးက “ထိရောက်တဲ့ ပြစ်ဒဏ်မကျဘူး။ ပထမအဆင့်ဖြစ်တဲ့ သာမန်နာကျင်စေမှုမှာပဲ အမှုက ပြီးသွားတာ များတယ်။ တစ်နှစ် မဟုတ်လည်း ငွေဒဏ်ပေါ့။ တရားမျှတမှုတော့ မရှိဘူးလေ။ ဘာလို့ဆို အကြမ်းဖက်ခံရသူတွေအတွက်ကတော့ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ အားလုံး ထိခိုက်ပျက်စီးသွားတာပါ။ သူတို့ လူတောပြန်တိုးနိုင်ဖို့ အများကြီး ကုသပေးနေရဦးမှာ။”လို့ ပြောပါတယ်။

    အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု တားဆီးရေးဥပဒေမူကြမ်း (PoVAW) ကို ပြီးခဲ့တဲ့ လွှတ်တော် သက်တမ်း ၂ကြိမ်ကာလမှာ ပြုစုဆဲ အဆင့် မူကြမ်းအဆင့်သာရှိပြီး လွှတ်တော်မှာ ဆွေးနွေးတဲ့အဆင့်ထိ မရောက်ခဲ့ပဲ အခုလို အာဏသိမ်းပြီး ကာလမှာတော့ တရားဥပဒေစိုးမိုးရေးလည်း မရှိတာကြောင့် မျှော်လင့်အားထားစရာ မမြင်တော့ပါဘူး။ 

    အရေးယူမှု မရှိတဲ့အတွက် အကြမ်းဖက်ခံရမှုတွေက တစ်ရက်ထက် တစ်ရက်ပိုများလာနေတာပါ။ အရင် အာဏာမသိမ်းခင်ကာလတုန်းက အရပ်အဖွဲ့အစည်းတွေနဲ့ သက်ဆိုင်ရာဌာနဆိုင်ရာတွေ ပူးပေါင်းပြီး ပညာပေးတာတွေ၊ ပူးပေါင်းကူညီဆောင်ရွက်တာတွေ လုပ်ခဲ့ကြပါတယ်။

    စစ်အာဏာမသိမ်းမီ ကာလတုန်းက တစ်ပတ်မှာ အကြမ်းဖက်ခံရတဲ့ အမှု ၃ မှု ကနေ ၇ မှု အထိသာ ကူညီပေးခဲ့ရတာပါ။ စစ်အာဏာသိမ်းမှု ဖြစ်စဉ်ပြီးတဲ့နောက်မှာတော့ တစ်ရက်ကို အနည်းဆုံး ၅ မှုအထိ အကူအညီ တောင်းခံလာကြတယ်လို့ အကူအညီပေးနေတဲ့အဖွဲ့အစည်းက သူတွေက ပြောပါတယ်။ 

    “ဌာနဆိုင်ရာတွေကို တိုင်ကြားတဲ့နေရာမှာ တစ်ချို့ဌာနတွေက ကူညီတာရှိတယ်။ တစ်ချို့ဌာနတွေကျတော့ အဂတိလိုက်စားမှုတွေရှိတယ်။ နောက်တစ်ခုက တကယ်တကယ့် အကြမ်းဖက်ခံရလို့ သွားတိုင်ရင် သူတို့က မောင်နှမပဲ လင်မယားပဲ အချိန်တန် ပြန်အဆင်ပြေသွားမယ်။ ငါတို့မှာက လုံခြုံရေးအခြေအနေတွေ တစ်ခြားအလုပ်တွေရှိနေတယ်ပေါ့။ အဲလိုမျိုး။ အရင်ကလောက် မြန်မြန်ဆန်ဆန် ထိထိရောက်ရောက် ရှိမနေဘူး”လို့ အမျိုးသမီးနှင့် ကလေးသူငယ်အရေး ကူညီနေသူ တစ်ဦးက ကိုယ်တိုင်ကြုံတွေ့ခဲ့ရတာကို ပြောပြပါတယ်။

    အကြမ်းဖက်ခံရသူတွေအတွက် အားကိုးရာ နေရာ၊ တရားမျှတမှု ရှာဖွေပေးမယ့်နေရာ မရှိဖြစ်နေတဲ့ အခြေအနေတွေနဲ့ ကြုံတွေ့နေရတာပါ။

    မအေးသက်လိုပဲ အမျိုးသား ဖြစ်သူရဲ့ ရိုက်နှက် အကြမ်းဖက်ခံရတဲ့အတွက် အိမ်ကနေ ထွက်ပြေးပြီး သီလရှင်ဝတ်နေသူ အသက် ၂၇နှစ်အရွယ် မစန္ဒာမြင့် (ခေါ်) ဆရာလေး စန္ဒာမဏိကလည်း “ဆရာလေးဆို အရင်တုန်းက အိမ်ပေါ်မှာတင် မဟုတ်ဘူး။ လမ်းပေါ်မှာပါ အရိုက်ခံခဲ့ရတာ။ ဘယ်သူမှ မကူညီကြဘူး။ ဘယ်သူမှ အဖက်မလုပ်ကြဘူး။ လင်မယားကိစ္စပဲ မဆိုင်ဘူးလေဆိုပြီး နေကြတဲ့လူတွေကြီးပဲ။ ရပ်ကွက်ရုံးမှာ တိုင်တယ်။ နောက်ဆုံး ရဲစခန်းထိ တိုင်တယ်။ ရဲတိုင်တာ သိတော့ ခေါင်း ဂျိုစောင်းကွဲတဲ့အထိ ရိုက်တယ်။ ရဲက သူ့သူငယ်ချင်းတဲ့။ အရက်သောက်ဖော်သောက်ဖက်တဲ့။ နင်ဘာလုပ်လည်း ငါသိတယ်တဲ့။ ငါတော့ ထောင်ထဲမရောက်ဘူး။ နင်ပဲ သေမှာတဲ့။ အဲလိုပြောတယ်”လို့ ကိုယ်တွေ့ကြုံခဲ့ရတာကို ပြောပြပါတယ်။

    နောက်ဆုံးမှာတော့ ရဲစခန်းအပါအဝင် အစိုးရဌာနတွေကို မယုံကြည်တော့တဲ့အတွက် တိုင်ကြားတာတွေ မလုပ်တော့ပါဘူး။

    တစ်နေ့မှာ ဆရာလေး စန္ဒာမဏိ တဖြစ်လဲ မစန္ဒာမြင့်က အိမ်က ထွက်ပြေးခဲ့ပြီး ရပ်ကွက်ထဲကို တစ်ပတ်တစ်ခါ အလှူလာခံတဲ့ သီလရှင်ဆရာကြီးရှိရာကို ထွက်ပြေးခဲ့ပါတယ်။

    သီလရှင်ဆရာကြီးကို အကျိုးအကြောင်း ပြောပြပြီး ရာသက်ပန် သီလရှင်ဝတ်နဲ့သာ တရားအားထုတ်လိုတယ်လို့ ပြောခဲ့ပါတယ်။

    သီလရှင်ဆရာကြီးရဲ့ ခွင့်ပြုချက်နဲ့ သီလရှင် ဝတ်ခဲ့တာ အခုဆို ၉ လ ကျော်လာပြီ ဖြစ်ပါတယ်။ အကြမ်းဖက်ခံရတဲ့ အချိန်တွေကို ပြန်တွေးမိတိုင်း ကြောက်ရွံ့နေခဲ့တာမို့ သာသနာပြုပြီးတော့ပဲ နေထိုင်တော့မှာ ဖြစ်တယ်လို့ ဆုံးဖြတ်ထားပါတယ်။

    တကယ့်လက်တွေ့ဘဝမှာ အကြမ်းဖက်ခံရဆဲ အမျိုးသမီးတွေဟာ အကာကွယ်ပေးသင့်တဲ့ အကာကွယ် ရသင့်တဲ့ သူတွေ ဖြစ်ကြပါတယ်လို့ မစန္ဒာမြင့် (ခေါ်) ဆရာလေး စန္ဒာမဏိက ပြောပါတယ်။

    “ရပ်ကွက်ထဲမှာက လင်မယားရန်ဖြစ်တယ်ပဲ ပြောတယ်။ ရန်ဖြစ်တယ်ဆိုတာက နှစ်ဦးနှစ်ဖက် အခြေအတင်ပြောရင်း ဖြစ်ကြတာပါ။ အခုကြုံနေရတဲ့ အခြေအနေအမှန်က သူ့တို့စိတ်မကျေနပ်တာ၊ အဆင်မပြေတာတွေကို ဘာမှမဆိုင်တဲ့ မိန်းမဖြစ်သူ ပုံချပြီး ရိုက်နေတာပါ။ ရန်ဖြစ်နေတာ မဟုတ်ပါဘူး။ အရိုးကွဲအောင် ရိုက်မှ အသဲစွဲအောင်ချစ်မှာတဲ့ အဲစကားက ရဲစခန်းက ပြောလာခဲ့တာ”လို့ ခံစားခဲ့ရတာတွေကို ပြောပြပါတယ်။

    သက်ဆိုင်ရာ ဌာန‌ဆိုင်ရာတွေ အနေနဲ့လည်း အကြမ်းဖက်ခံနေရတဲ့ အားကိုးရာမဲ့ အမျိုးသမီးနဲ့ ကူညီဖေးမ ကာကွယ်ဖို့ နဲ့ တရားမျှတမှု ရှာဖွေပေးဖို့ လိုအပ်ပါတယ်။

    မော်လမြိုင်မြို့မှ အမျိုးသမီးနဲ့ ကလေးသူငယ်အရေး ကူညီဆောင်ရွက်နေသူ တစ်ဦးက “ကျွန်မတို့ အဖွဲ့ကို အားကိုးပြီး လာတိုင်ရင်တော့ ကျွန်မတို့က ရအောင် ကူညီပေးတယ်။ သူကို လုံခြုံထားတယ်။ မပြန်တော့ဘူးဆိုလည်း လုံခြုံအောင် Safe House မှာ ထားပေးတယ် စောင့်ရှောက်တယ်။ တစ်ခုက သက်ဆိုင်ရာ ဌာနကို တိုင်ပြီဟေ့ဆိုရင် ကျွန်မတို့လည်း လိုက်ပါ ဆောင်ရွက်ပေးတယ်။ ဒါပေမယ့် တစ်ဖက် ငွေကြေးနဲ့ လိုက်တယ်။ အာဏာနဲ့ လိုက်တယ်ဆို ကျွန်မတို့အတွက်လည်း ရင်ဆိုင်ရ ခက်ပါတယ်။ အရင်တုန်းက တရားနည်းလမ်းကျတယ်။ တရားမျှတအောင် ကူညီပေးနိုင်ခဲ့တယ်။ အခုအခြေအနေမှာ မလွယ်တော့ဘူး။ ရဲစခန်းကို ဝင်ပေးဖို့တောင် ကျွန်မတို့အတွက်လည်း ခက်ခဲလာတယ်”လို့ ပြောပါတယ်။

    အာဏာသိမ်း ဖြစ်စဉ် ပြီးနောက်မှာတော့ ဌာနဆိုင်ရာတွေမှာ အဂတိလိုက်စားမှုတွေ ပိုများလာခဲ့ပြီး ဝန်ဆောင်မှု လုပ်ငန်းတွေမှာလည်း လုပ်ဆောင်နိုင်မှု သိသိသာသာ ကျဆင်းလာခဲ့တယ်လို့ ကြုံတွေ့ခဲ့ရတာကို ပြောပါတယ်။

    မွန်ပြည်နယ်အတွင်း ပညာပေးလုပ်ငန်း နဲ့ ဆွေးနွေးရေး၊ ပူးပေါင်းဆောင်ရွက်ရေး လူပ်ဆောင်ရာမှာလည်း လက်ရှိအခြေအနေနဲ့ လုပ်ဆောင်ဖို့ ခက်‌ခဲနေတာဖြစ်ပါတယ်။ အစစ်ဆေးခံရတာတွေ၊ ခွင့်ပြုချက် မရတာတွေနဲ့ ရင်ဆိုင်နေရတာပါ။

    ဒါအပြင် အမျိုးသမီးတွေ အကြမ်းဖက်ခံရတာနဲ့ ပတ်သက်ပြီးလည်း အရေးကြီးတဲ့ အရာတစ်ခုလို့ မမြင်ကြဘဲ လင်မယားကိစ္စမို့ ဝင်မပါဘူးဆိုတဲ့ အတွေးတွေ ရှိနေကြတာပါ။

    မော်လမြိုင်မြို့နယ်အတွင်းမှာတော့ အာဏာသိမ်းမှု ဖြစ်စဉ်ပြီးတဲ့နောက်မှာ အကြမ်းဖက်ခံရမှုတွေ ပိုတိုးလာနေခဲ့တာပါ။ အမျိုးသမီးနဲ့ ကလေးသူငယ်အရေးကူညီနေသူ‌တွေဆီကို နေ့စဉ် တိုင်ကြားလာတဲ့ အမှု ၅ မှုကနေ ၇မှုထိ ပုံမှန်ရှိတယ်လို့ ပြည်နယ် အမျိုးသမီးနှင့်ကလေးသူငယ်အရေး ကူညီနေတဲ့ အဖွဲ့အစည်းထံက သိရပါတယ်။

    အဖွဲ့အစည်းထံကို လာရောက် တိုင်ကြားသူတွေရှိသလို မတိုင်ကြားရဲတဲ့သူတွေလည်း တစ်‌နေ့ထက် တစ်နေ့ ပိုများလို့လာနေခဲ့တာ ဖြစ်ပါတယ်။

    ငွေကြေးကုန်ကျမှာ စိုးရိမ်နေကြတဲ့ အပြင် ဌာနဆိုင်ရာတွေကို မယုံကြည်တဲ့ အတွက် မတိုင်ကြားကြတာ ဖြစ်ပါတယ်။ အလားတူပဲ အမျိုးသမီးနဲ့ ကလေးသူငယ်အရေး ကူညီနေတဲ့ အဖွဲ့အစည်းတွေကိုပါ ဌာနဆိုင်ရာနဲ့ အထင်မှားကာ လာရောက် မတိုင်ကြားရဲကြတာ ဖြစ်ပါတယ်။

    “ဌာနဆိုင်ရာ ထင်ပြီး ကြောက်နေကြတာ။ ကျွန်မတို့က သေချာရှင်းပြမှ ကျွန်မတို့ကို စကားပြောရဲတယ်။ သူတို့ခံစားရတာတွေကို ပြောပြရဲတယ်။ ဒါတောင် ကြောက်နေသေးတယ်။ ဌာနဆိုင်ရာတွေကို သွားရင် သူတို့ မလုံခြုံဘူး။ သူတို့ကို မယုံဘူးဆိုတဲ့ စိတ်က စွဲနေတော့ သူတို့ မပြောရဲကြတာ။ သူတို့ဘဝလေးတွေကို ဝိုင်းပြီး ကာကွယ်ပေးဖို့ လိုပါတယ်။အားလုံးပေါ့”လို့ ပြည်နယ် အမျိုးသမီးနှင့်ကလေးသူငယ်အရေး ကူညီနေသူ တစ်ဦးက ပြောပါတယ်။

    သက်ဆိုင်ရာဌာနဆိုင်ရာတွေအနေနဲ့ လုံခြုံရေးအခြေအနေ အရေးကြီးတာ၊ အမျိုးသမီး အကြမ်းဖက်ခံရတာထက် အရေးကြီးတဲ့ လုပ်ငန်းတာဝန်တွေရှိတယ်ဆိုတဲ့ စကားတွေကို ပြောပြီး ‌ပူးပေါင်းကူညီတာ မရှိသေးဘူးလို့ ပြောပါတယ်။

    အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်းမှာ စီးပွားရေးအဆင်ပြေတာတွေ၊ စားဝတ်နေရေး အခက်အခဲတွေကြောင့် အမျိုးသမီးတွေဟာ အိမ်တွင်းအကြမ်းဖက်မှုဒဏ် ပိုခံစားလာရတာ ဖြစ်ပါတယ်။

    ဒါ့အပြင် သက်ဆိုင်ရာဌာနဆိုင်ရာတွေကလည်း အိမ်တွင်းအကြမ်းဖက်ခံရမှုကို သေချာ ကိုင်တွယ် ဖြေရှင်းပေးတာတွေ မရှိခဲ့ပါဘူး။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    23,100SubscribersSubscribe
    spot_img

    Latest posts