Homeသတင်းလုံခြုံရေးအခြေအနေကြောင့် ရော်ဘာအစေးခြစ်သမားများ သွားလာရခက်ခဲ

လုံခြုံရေးအခြေအနေကြောင့် ရော်ဘာအစေးခြစ်သမားများ သွားလာရခက်ခဲ

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ မေ ၁၂)

မွန်ပြည်နယ်တွင် ညမထွက်ရ အမိန့်အပါအဝင် လုံခြုံရေးတင်းကြပ်မှု အခြေအနေများကြောင့် ရော်ဘာခြံသို့ သွားလာရန် ခက်ခဲနေကြောင်း ရော်ဘာတောင်သူများထံက သိရသည်။

‌ရော်ဘာလုပ်သားများအနေဖြင့် အစေးခြစ်ရန် ခြံသို့သွားရောက်ကြသော်လည်း အစစ်ဆေးခံရခြင်း၊ နယ်မြေမလုံခြုံမှုများကြောင့် ခြံထဲသို့ သွားလာရန် ခက်ခဲနေကြောင်း ရော်ဘာခြံပိုင်ရှင်တစ်ဦးက ပြောသည်။

“အရင်လိုမဟုတ်တော့‌ဘူးလေ။ ညမထွက်ရ အမိန့်လည်းရှိတယ်။ ညမထွက်ရအချိန် မရောက်သေးရင်တောင် ပစ်တာခတ်တာတွေရှိနေတော့ ခြံထဲ မဆင်းရဲကြဘူး။ ပြီးတော့ ညဘက်သွားရင်လည်း အရမ်းအစစ်ခံရ မေးတာခံရတာတော့ မသွားလာရဲကြတော့ဘူး”ဟု ၎င်းက ပြောသည်။

ရော်ဘာခြံသို့ နေ့ဘက်များတွင်သာ သွားလာနေရပြီး ညဘက်တွေ ခြံကို လူစောင့်မရှိဘဲ ပစ်ထားရကြောင်း ၎င်းက ဆက်ပြောသည်။

ထို့ပြင် ရော်ဘာအစေးခြစ်သမားများဟည် ရွေ့ပြောင်းလုပ်သားများ ဖြစ်ပြီး လက်ရှိတွင်လည်း အလုပ်သမားရှားပါးမှုနှင့် ကြုံနေရကြောင်း ရော်ဘာလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

“ခရီးသွားလာရင်လည်း အရမ်းစစ်ဆေးတယ်။ လူငယ်တွေကို အဓိကစစ်တာလေ။ ရော်ဘာလုပ်သားတွေက ပဲခူး၊ ဧရာဝတီတို့က အဓိကလာကြတာဆိုတော့ သူတို့လည်း လာဖို့ခက်နေတယ်။ ဒီမှာလည်း ရှိတဲ့အလုပ်သမားတွေနဲ့ပဲ လုပ်ပေါ့”ဟု ၎င်းက ပြောသည်။

ရော်ဘာအစေးကို မနက်ပိုင်းတွင်သာ ခြံထဲသို့ သွားရောက် ခြစ်ယူရသောကြောင့် ယခင်နှစ်များထက် အထွက်နှုန်း နည်းကြောင်း ၎င်းက ဆက်ပြောသည်။

မွန်ပြည်နယ်အတွင်း ရော်ဘာစိုက်ပျိုးဧက ငါးသိန်းကျော် ရှိသော်လည်း ပိတ်သိမ်းလာကြသည့် ရော်ဘာဧကလည်း နှစ်သိန်းနီးပါး ရှိလာပြီဖြစ်ကြောင်း ပြည်နယ်ရော်ဘာလုပ်ငန်းရှင်အသင်းက သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts