မွန်သတင်းအေဂျင်စီ (၂၀၂၂ ဧပြီ ၂၉)
မွန်ပြည်နယ်အတွင်း ပြေးဆွဲနေသည့် အဝေးပြေးယာဉ်လိုင်းများ အနေဖြင့် မှတ်ပူံတင်မပြနိုင်သည့် ခရီးသည်များကို စီးခွင့် မပေးရန် နစက ကောင်စီက ဒုတိယအကြိမ် ထပ်မံ ညွှန်ကြားလာကြောင်း သိရသည်။
လမ်းခရီးတစ်ဝက်မှ တင်မည့် ခရီးသည်များကိုလည်း မှတ်ပုံတင်မပါက တင်ဆောင်ခြင်း မပြုရန် ထပ်မံ ညွှန်ကြားလာကြောင်း အဝေးပြေးယာဉ်လိုင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
“ကျွန်တော်တို့ဆီမှာ လက်မှတ်ဖြတ်ပြီးသား၊ မှတ်ပုံတင် စစ်ဆေးပြီးသား လူတွေကိုပဲ ခရီးဆုံးထိ လိုက်ပါစီးနင်းဖို့ ပြောတယ်။ လမ်းကနေ တင်မယ်ဆိုရင်လည်း မှတ်ပုံတင်ပါတဲ့လူပဲ တင်ဖို့ဆိုပြီး ထပ်ပြောလာတာပါ”ဟု ၎င်းက ပြောသည်။
မှတ်ပုံတင်မပါသည့် ခရီးသည်များကို စီးနင်းခွင့်မပြုရန် နစက ကောင်စီက မတ်လ နောက်ဆုံးအပတ်က ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။
လမ်းခရီးတွင်လည်း စစ်ဆေးရေးများ တင်းကြပ်နေသောကြောင့် မှတ်ပုံတင်ပြနိုင်သည့် ခရီးသည်များကိုသာ လက်မှတ်ရောင်းချပေးနေကြောင်း ရန်ကုန်-မော်လမြိုင် ပြေးဆွဲနေသည့် အဝေးပြေးယာဉ်လိုင်းမှ တာဝန်ရှိသူက ပြောသည်။
“အခုက မြို့တိုင်း၊ ဂိတ်တိုင်းမှာ စစ်တယ်။ ကျွန်တော်တို့ဆီက ခရီးသည်စာရင်းတွေရော မှတ်ပုံတင်တွေရော စစ်တယ်။ လက်ရှိတော့ မှတ်ပုံတင်ပြမှပဲ ကျွန်တော်တို့လည်း ရောင်းပေးနေတယ်”ဟု ၎င်းက ပြောသည်။
ထောက်ခံစာဖြင့် လာရောက်သူများကိုလည်း ရောင်းချခွင့်မပေးထားသောကြောင့် မှတ်ပုံတင်ပြနိုင်သူများကိုသာ ရောင်းပေးနေကြောင်း ဆက်ပြောသည်။
အဆိုပါ ညွှန်ကြားချက်များကြောင့် မှတ်ပုံတင် ပျက်စီး၊ ပျောက်ဆုံးနေသူများ အနေဖြင့် ခရီးသွားလာရန် အခက်အခဲရှိနေကြောင်း သိရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဧပြီ ၁ ရက်နေ့ကစပြီး မှတ်ပုံတင်အစား ထောက်ခံစာဖြင့် ခရီးသွားခြင်းကို ခွင့်ပြုမှာ မဟုတ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
