Sunday, March 8, 2026
More
    spot_img
    Homeသတင်းစီးပွားရေးကျပ်တည်းမှုကြောင့် ပရဟိတ မိဘမဲ့ကျောင်းများ ရပ်တည်ရန် ခက်ခဲ

    စီးပွားရေးကျပ်တည်းမှုကြောင့် ပရဟိတ မိဘမဲ့ကျောင်းများ ရပ်တည်ရန် ခက်ခဲ

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ ဧပြီ ၂၃)

    မွန်ပြည်နယ်အတွင်း နိုင်ငံရေးအခြေအနေနှင့် ကိုဗစ်ရောဂါ ဖြစ်ပွားမှုကြား စီးပွားရေးကျပ်တည်းမှုကြောင့် ပရဟိတ မိဘမဲ့ကျောင်းများ ဆက်လက်ရပ်တည်ရန် ခက်ခဲလာကြောင်း မိဘမဲ့ကျောင်းထံမှ သိရသည်။

    လက်ရှိတွင် စီးပွားရေးအခက်အခဲကြောင့် အလှူရှင်နည်းပါးလာပြီး မိဘမဲ့ကလေးများကို ကျွေးမွေးရန် ခက်ခဲလာကြောင်း မိဘမဲ့ကျောင်း ဆရာတော် တစ်ပါးက မိန့်သည်။

    “အစားအသောက်ကတော့ အားလုံးခက်ခဲ့တာပါပဲ။ လောလောဆယ်တော့ ဟင်းသီးဟင်းရွက်လောက်နဲ့ပဲ။ အရင်တုန်းကလို အသားငါးသိပ်မကျွေးနိုင်တော့ဘူး အရင်တုန်းကတော့ အသားကို ပုံမှန်ကျွေးနိုင်တယ်၊ အခု အသား မကျွေးနိုင်တော့ဘူး”ဟု ဆရာတော်က မိန့်သည်။

    ကျောင်းအတွင်းရှိ မိဘမဲ့ကလေးများ၏ ပညာသင်ကြားနိုင်ရေး နှင့် စားဝတ်နေရေးအပြင် နို့စို့ကလေးများကို နို့မှုန့်ကျွေးမွေးရန် မတတ်နိုင်သည့် အခြေအနေဖြစ်နေကြောင်း မိန့်သည်။

    ကလေးများကို ကျွေးမွေးနိုင်ရန်အတွက် ကျောင်းဝင်းအတွင်း သီးနှံပင်များ စိုက်ပျိုးထားပြီး ပုံမှန်ချက်ကျွေးနေကြောင်း ဆက်ပြောသည်။

    ကလေးများ၏ စားဝတ်နေရေးကိုသာ ဦးသာပေး ဖြေရှင်းနေရသောကြောင့် ကျန်းမာရေးနှင့် ပညာသင်ကြားနိုင်ရေးဘက်တွင် လတ်တလော လုပ်ပေးနိုင်မှု အားနည်းလာကြောင်း သိရသည်။

    မော်လမြိုင်မြို့နယ် မိဘမဲ့ဂေဟာမှ သီလရှင်ဆရာတော်တစ်ပါးက “ဒီလိုပဲ ရုန်းကန်နေရတာပါပဲ။ အလှူခံတယ်။ ပြီးရင် ဒီကလေးတွေကို ပြန်စောင့်ရှောက်တယ်။ အားလုံးကလည်း စီးပွားရေးခက်ခဲလာတော့ အလှူရှင်နည်းလာတယ်”ဟု ပြောသည်။

    သို့သော် စာရေးကိရိယာ ပစ္စည်းဝယ်‌ပေးရန်နှင့် အဝတ်အစား ဝယ်ပေးရန် မတတ်နိုင်သေးသောကြောင့် ပညာသင်ကြားရေးပိုင်းကို လုပ်ဆောင်ပေးနိုင်ခြင်း မရှိသေးကြောင်း ဆက်ပြောသည်။

    မွန်ပြည်နယ်အတွင်း ကုန်ဈေးနှုန်း မြင့်တက်လာခြင်းနှင့်အတူ စီးပွားရေးအကျပ်အတည်းများကြောင့် အခြေခံလူတန်းစားမိသားစုများ၊ မိဘမဲ့ကျောင်းနှင့် ဂေဟာများတွင် စားဝတ်နေရေး အခက်အခဲပြသာနာ ပိုကြီးမားလာခဲ့ကြောင်း သိရသည်။

    မော်လမြိုင်မြို့ရှိ ပရဟိတ မိဘမဲ့ကျောင်းတစ်ကျောင်း (Photo- internet)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks