မွန်သတင်းအေဂျင်စီ (၂၀၂၂ ဖေဖော်ဝါရီ ၃)
ဘီးလင်းမြို့နယ်နှင့် သထုံမြို့နယ် ကြားတွင် ယနေ့ (ဖေဖေါ်ဝါရီလ ၃ ရက်) နေ့လည် ၂ နာရီအချိန်တွင် လက်နက်ကြီးနှင့် သေနတ်သံများကြောင့် ကားရာချီ ပိတ်မိနေကြောင်း ဒေသခံများထံမှ သိရသည်။
တပ်မတော်မှ လက်နက်ကြီးများ ပစ်ခတ်နေပြီး တစ်ဖက်အဖွဲ့အစည်းကို မသိရသေးကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“စစ်တပ်ဘက်က လက်နက်ကြီးတွေ သုံးပြီးပစ်နေတာ။ သေနတ်သံတွေလည်း တော်တော်ကို ရှင်းရှင်းလင်းလင်းကြားနေရတယ်။ ဒါပေမဲ့ တစ်ဘက်က ဘယ်သူတွေလဲဆိုတာတော့ မသိရသေးဘူး။ လက်နက်ကြီးတချို့လည်း ရွာထဲကျတယ် “ဟု ဘီးလင်းဒေသခံတစ်ဦးကဆိုသည်။
အဆိုပါတိုက်ပွဲကြောင့် ရန်ကုန် – မော်လမြိုင် ကားလမ်းပေါ်မှ ခရီးသွားကားများ၊ ဘီးလင်းအထွက် ကားဂိတ်မှ ခရီးသွားကားများ ဘီးလင်းအထွက် အဝေးပြေးလမ်းမတွင် ပိတ်မိလျက်ရှိသည်။
လက်နက်ကြီးများကို ဘီးလင်းအခြေစိုက် ဇီးဝန်ကျေးရွာအနီးရှိ အမှတ် (၃၁၄) အမြှောက်တပ်နှင့် ပိန္နဲတောအခြေစိုက် တပ်စခန်းမှ ပစ်ခတ်ခြင်းဖြစ်ကြောင်း သိရသည်။
ဘီးလင်းမြို့နယ်တွင် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၁) နယ်မြေဖြစ်ကြောင်း သိရသည်။