မွန်သတင်းအေဂျင်စီ (၂၀၂၂ ဇန်နဝါရီ ၂၆)
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ မူကြို (KG) ကလေးငယ်တစ်ဦး၊ မူလတန်းကလေး တစ်ဦးအပါအဝင် ၄ ဦးတွင် ကိုဗစ် – ၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။
ပေါင်းရပ်ကွက်တွင် နေထိုင်သော အသက် ၇၀ အရွယ် အမျိုးသားတစ်ဦးသည် ဇန်နဝါရီ ၂၆ ရက်က နေမကောင်းဖြစ်သောကြောင့် ပေါင်မြို့နယ် ပြည်သူဆေးရုံရှိ Fever Clinic သို့ လာရောက်စစ်ဆေးရာမှ ကိုဗစ် ၁၉ အတည်ပြုရောဂါပိုး တွေ့ရှိခဲ့ကြောင်း ကိုဗစ်အရေးကူညီနေသူ တစ်ဦးက ပြောသည်။
“အသက် ၅ နှစ်အရွယ်ကလေးက လူမှုဝန်ထမ်းကိုယ်အားကိုယ်ကိုး မူကြိုကျောင်းမှာ တက်နေတာ။ အဲကျောင်းက ဆရာမတွေ ကျောင်းသူကျောင်းသား ၇၂ ဦးကိုလည်း စစ်ပြီးပြီ။ ၉ နှစ်ကလေး စာသင်ကြားနေတဲ့ အမက ကမ်းနားကျောင်းက ဆရာ၊ ဆရာမ ကျောင်းသူကျောင်းသား ၄၅ ကိုလည်း စစ်ပြီးပြီ အားလုံး Negative အဖြေထွက်တယ်”ဟု ၎င်းက ပြောသည်။
ကူးစက်ခံရသူ၏ မိသားစုဝင်များကို ဆက်လက်စစ်ဆေးရာ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦး၊ ၉ နှစ်အရွယ် ကျောင်းသားတစ်ဦးနှင့် မူကြိုတက်နေသော ၅ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးတို့မှာ အတည်ပြုရောဂါပိုး ထပ်မံတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
RDT နည်းဖြင့် ပထမအကြိမ် စစ်ဆေးရာတွင် Negative ထွက်ရှိခဲ့သော်လည်း PCR နည်းဖြင့် ဒုတိယအကြိမ် ထပ်မံစစ်ဆေးသွားမည် ဖြစ်ကြောင်း ဆက်ပြောသည်။
လက်ရှိတွင် ကိုဗစ်အတည်ပြုလူနာ လေးဦးကို ပေါင်မြို့နယ် Isolation ward သို့ ပို့ဆောင်ကာ ဆေးကုသမှု ပေးနေကြောင်း ရောဂါပိုး တွေ့ရှိခဲ့သော်လည်း ၄ ဦးလုံးသည် ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ အတွင်းကလည်း ပေါင်မြို့နယ် ကျားဘိုကျေးရွာ အခြေခံအထက်တန်းကျောင်းခွဲမှ ဆရာမတစ်ဦးတွင် ကိုဗစ် ၁၉ အတည်ပြုရောဂါပိုး တွေ့ရှိခဲ့ပြီး ဆရာမ၏ မိသားစုဝင်အပါအဝင် ကျောင်းသူ၊ ကျောင်းသား စုစုပေါင်း ၁၁ ဦး၌ ကိုဗစ်အတည်ပြုရောဂါပိုး ထပ်မံတွေ့ရှိခဲ့သေးသည်။
မူကြိုကလေးတစ်ဦး ကိုဗစ်ရောဂါရှိ မရှိ စစ်ဆေးနေစဉ် (ဓာတ်ပုံ- နတ်သား (ပေါင်)