မွန်သတင်းအေဂျင်စီ (၂၀၂၂ ဇန်နဝါရီ ၂၅)
လက်ရှိ ပြည်တွင်းတွင် နိုင်ငံရေးပဋိပက္ခ ပြင်းထန်နေချိန်တွင် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မည် ဆိုသည်မှာ မဖြစ်နိုင်ကြောင်း ရခိုင်အမျိုးသားပါတီ (ANP) မှ အထွေထွေအတွင်းရေးမှူး ဦးခိုင်ပြည်စိုးက ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၂၀ ရက်က နေပြည်တော်တွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ(NSPNC)နှင့် နိုင်ငံရေးပါတီအချို့ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ၅ နှစ်အတွင်း ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက် ရေး ဆွေးနွေး သဘောတူညီခဲ့ကြသည်ဟု သိရသည်။
“ကျနော်တို့ကတော့ ဒီအချိန်မှာ နိုင်ငံရေးပဋိက္ခတွေ တော်တော်လေးကို ပြင်းထန်နေတဲ့ ကာလမှာ စကားတွေချော်လွဲပြီးတော့ မဖြစ်နိုင်တဲ့ဟာတွေကို ပြောနေမယ့်အစား ဖြစ်နိုင်မယ့်ဟာကနေ စပြီးတော့ လုပ်သင့်တယ်လို့ပဲ ကျနော်မြင်ပါတယ်။ ဖြစ်နိုင်တဲ့ဟာတွေက ဘယ်လိုဟာတွေ ရှိလဲဆိုတော့ တကယ့်အင်အားကြီးတဲ့ ဘယ်လိုပဲဆိုဆိုဗျာ၊ မြန်မာနိုင်ငံမှာ အင်အားကြီးတဲ့ ဒေါ်အောင်ဆန်းစုကြည်တို့လို ပုဂ္ဂိုလ်တွေ တခြားခြားပုဂ္ဂိုလ်တွေလည်း အများကြီးရှိကြပါသေးတယ်၊ တိုင်းရင်းသားခေါင်းဆောင်ကြီးတွေ အဲလူတွေနဲ့ အကုန်လုံး တိုင်ပင်ညှိနှိုင်းပြီးတော့မှ အနာဂတ်တစ်ခုကို ဘယ်လိုသွားရင်ကောင်းမလဲဆိုတဲ့ဟာကိုပဲ အဖြေရှာသင့်တယ်လို့ မြင်ပါတယ်” ဟု ဦးခိုင်ပြည်စိုးက ပြောသည်။
သို့သော်လည်း လက်ရှိ ပဋိပက္ခများကို ငြိမ်းချမ်းသောနည်းဖြင့်သာ ဖြေရှင်းနိုင်လိမ့်မည်ဟု ယူဆကြောင်း၊ ဖက်ဒရယ် တည်ဆောက်ရေးထက် လက်ရှိနိုင်ငံတည်ငြိမ်ရေးကို လုပ်ဆောင်သင့်ကြောင်း ၎င်း ပြောသည်။
သို့ရာတွင် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို ပါးစပ်အပြောမဟုတ်ဘဲ လက်တွေ့ လုပ်ဆောင်ရန် လိုအပ်ကြောင်းနှင့် အားလုံး ကြေနပ်သည့် ဖက်ဒရယ်လုပ်ဆောင်ရန် လိုအပ်ကြောင်း တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင် တစ်ဦးဖြစ်သူ ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။
“ကျနော်မြင်တာကတော့ ပါးစပ်ရော၊ အလုပ်ရော၊ လက်တွေ့ပါလာရင်ကောင်းတယ်၊ နောက်ပြီးတော့ ဖြစ်နိုင်ချေရှိတဲ့ Practical steps ပေါ့၊ လက်တွေ့ကျတဲ့ ခြေလှမ်းတွေ ဖြစ်ဖို့တော့ လိုတာပေါ့ဗျာ၊ ကတိပေးတယ်၊ ကတိကဝတ်စာချုပ် ချုပ်တယ်ဆိုတာတော့ ကောင်းတဲ့ ကိစ္စပါပဲ။ သို့သော် ဘယ်လို သွားမလဲဆိုတာတော့ ကျနော်တို့တော့ ဆက်လေ့လာဖို့ လိုတာပေါ့။ ကျနော်တို့ ပါပြီးတော့လည်း ကျနော်တို့ တည်ဆောက်ရေးလမ်းကြောင်းကို ကျနော်တို့ ဝင်ပြီးတော့ အကြံပြုလို့ရတာပေါ့။ ဖက်ဒရယ် Deigning လို့ ခေါ်တာပေါ့ဗျာ။ ဖက်ဒရယ် ဘယ်လိုပုံစံနဲ့ ဒီဇိုင်းလုပ်သွားမလဲဆိုတာ အဲတာကတော့ အားလုံးကြေနပ်တဲ့ ဖက်ဒရယ်ဖြစ်အောင် လုပ်ရမှာပေါ့” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။
တပ်မတော်ဘက်မှ ဖက်ဒရယ်တည်ဆောက်ရေးအတွက် ကတိတစ်ခုပေးသည့်သဘော သက်ရောက်ပါက ကြိုဆိုကြောင်း၊ သို့သော်လည်း ဖက်ဒရယ်အတုအယောင်မဖြစ်ရေး စိစစ်ရန်လိုအပ်ကြောင်း ၎င်းက ဆက်ပြောသည်။
“ပြီးခဲ့တဲ့ ၂၀၁၀ ကနေ ၂၀၂၁ ကာလအထိ အရပ်သားတစ်ပိုင်းအစိုးရ အုပ်ချုပ်တဲ့ ဦးသိန်းစိန် လက်ထက်မှာပဲ ဖြစ် ဖြစ်၊ NLD အစိုးရအုပ်ချုပ်တဲ့ အချိန်မှာပဲဖြစ်ဖြစ် အစုအဖွဲ့စုံစုံညီညီနဲ့ တွေ့ဆုံဆွေးနွေးပြီးတော့မှ အစည်းအဝေးတွေ လုပ်ပြီး တော့မှ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ကိစ္စအတွက် ကြိုးပမ်းခဲ့ကြတာပေါ့နော်။
ထို့အတူ ၂၀၁၀ ခုနှစ်မှ ၂၀၂၁ ကာလအထိ ဦးသိန်းစိန် အစိုးရအုပ်ချုပ်သည့်ကာလ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရအုပ်ချုပ်သည့်ကာလများတွင် အဖွဲ့အစည်းစုံစုံညီညီနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများပြုလုပ်ခဲ့ကြောင်း၊ သို့သော်လည်း ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် သဘောတူညီမှုမရရှိခဲ့ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD) မှ အထွေထွေအတွင်းရေးမှူး စိုင်းလိတ်က ပြောသည်။
“အဲလိုမျိုး အစုအဖွဲ့စုံညီ ဘက် ပေါင်းစုံ ဝိုင်းဝန်းကြိုးပမ်းတဲ့ အချိန်ကာလမှာ တောင်မှပဲ အစုအဖွဲ့တချို့ရဲ့ နိုင်ငံရေး စိတ်ဆန္ဒ မပြည့်ဝမှုကြောင့် ဖက်ဒရယ် ပြည်ထောင်စု လမ်းကြောင်းမှန်ပေါ်ကို မရောက်ခဲ့ပါဘူး။ ဒီလိုအခြေအနေမျိုးမှာ ဒီနေ့လို အခြေအနေမျိုးမှာ အစုအဖွဲ့မစုံညီပဲ နဲ့ နိုင်ငံရေးပါတီဆိုတာလည်းပဲ အနည်းအကျဉ်းလောက် ပါဝင်ရုံနဲ့တော့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို အကောင်အထည် ဖော်နိုင်လိမ့်မယ်လို့ ကျနော် မယုံကြည်ပါဘူးခင်ဗျ”ဟု စိုင်းလိတ်က ပြောသည်။
အရပ်သားအစိုးရ၏ လုပ်ပိုင်ခွင့်အာဏာတွင် စုပေါင်းဆွေးနွေးတိုင်ပင်သည့် အနေအထားမျိုး မရှိပါက ဖက်ဒရယ်ပေါ်ပေါက်ရန် လမ်းစမရှိနိုင်ကြောင်း ၎င်းက ပြောသည်။
ဇန်နဝါရီလ ၂၀ ရက်က NSPNC နှင့် နိုင်ငံရေးပါတီများ အစုအဖွဲ့တို့ တွေ့ဆုံဆွေးနွေးမှုတွင် နိုင်ငံရေးပါတီ ၉ ပါတီ တက် ရောက်ခဲ့ပြီး NCA လမ်းကြောင်းနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှု မူဘောင်များ ပြင်ဆင်ရေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
![](https://i1.wp.com/burmese.monnews.org/wp-content/uploads/2022/01/mna.jpg?resize=696%2C467&ssl=1)