spot_img
Tuesday, December 16, 2025
More
    spot_img
    Homeငြိမ်းချမ်းရေးခရိုင်တိုးချဲ့ခြင်းအပေါ် အမျိုးမျိုးထင်ကြေးပေး၍ ယူဆပြောဆို

    ခရိုင်တိုးချဲ့ခြင်းအပေါ် အမျိုးမျိုးထင်ကြေးပေး၍ ယူဆပြောဆို

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ ဇန်နဝါရီ ၂၂)

    နိုင်ငံအဝှမ်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးကို ခရိုင်အသစ်များ ထပ်မံတိုးချဲ့မည့်အကြောင်း လူမှုကွန်ယက်စာမျက်နှာများတွင် ဇန်နဝါရီ ၂၀ ရက်က ထွက်ပေါ်လာသည့်အပေါ် အတည်ပြုနိုင်ခြင်းမရှိသေးသော်လည်း နိုင်ငံရေးသမားများက အမျိုးမျိုးထင်ကြေးပေး၍ ယူဆပြောဆိုလျက်ရှိကြောင်း တွေ့ရသည်။

    ခရိုင်များတိုးချဲ့လာခြင်းသည် ရွေးကောက်ပွဲစနစ်နှင့် မသက်ဆိုင်ဟု မြင်မိကြောင်း မွန်ညီညွတ်ရေးပါတီ (MUP) မှ ပြောရေးဆိုခွင့်ရှိသူ နိုင်တလညီက ဆိုသည်။

    “အချိုးကျကိုယ်စားလှယ်ရွေးကောက်တင်မြောက်ခြင်း(PR) စနစ်ကျင့်သုံးမယ်ဆိုရင်တော့ မဲဆန္ဒနယ်မြေကျယ်မှ ဒီ PR စနစ်က ပိုပြီးတော့ အကျိုးသက်ရောက်မှုရှိတာပေါ့။ ဒီလိုမျိုးတာ မဲဆန္ဒနယ်အရေအတွက် များသွားမယ်ဆိုရင် မဲအများဆုံးရသူကအနိုင်ရသည့်စနစ်(FPTP) ဘက်ကို ယိမ်းသွားမှာပေါ့။ အဲဒါကြောင့် ကျနော်ထင်တာ အခုခရိုင်တွေ ဖွဲ့တာကတော့ ဒီစီမံအုပ်ချုပ်မှုနဲ့တူအောင်ဆိုတဲ့ အနေအထားပဲလို့ ကျနော်မြင်တယ်။ ရွေးကောက်ပွဲနဲ့ မဆိုင်ဘူးလို့ ကျနော်မြင်တယ်” ဟု နိုင်တလညီက ပြောသည်။

    မွန်ပြည်နယ်တွင် မော်လမြိုင်နှင့် သထုံခရိုင် ၂ ခုသာရှိပြီး ယခုအခါ ကျိုက်ထိုနှင့် ရေးခရိုင် ၂ ခု ထပ်မံတိုးမြှင့်ကြောင်း စာရင်းတစ်ခုထွက်ဖော်ခဲ့သော်လည်း မွန်သတင်းအဂျင်စီက အတည်ပြုနိုင်ခြင်းမရှိခဲ့ပေ။

    သူက “ရေးမြို့ကိုတော့ ခရိုင်တိုးချဲ့မယ်ဆိုတာ ကျနော်တို့သိထားရတာ လွန်ခဲ့တဲ့ ၁၀ နှစ်၊ ၁၅ နှစ်ကတည်းက သတင်းထွက်နေတာ၊ အဓိကတော့ ရေးမြို့ဟာ သူတို့ရဲ့ စီမံအုပ်ချုပ်ရေးတွေကို အဆင်ပြေအောင်လို့ ထင်ပါတယ်” ဟု ပြောသည်။

    ရေးမြို့ဆေးရုံကိုလည်း ပြီးခဲ့သည့် NLD အစိုးရလက်ထက်တွင် ခရိုင်အဆင့်ဆေးရုံတိုးချဲ့နိုင်ရန် တည်ဆောက်ထားပြီး ဖြစ်သည်။

    သို့ရာတွင် ခရိုင်တိုးချဲ့ခြင်းက PR စနစ်၏ အခြေခံများ၊ အချက်အလက်များကြောင့် တိုးချဲ့ခြင်းဟု ယူဆကြောင်း ရခိုင်အမျိုးသားပါတီ(ANP) မှ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်က ပြောသည်။

    “ဒီဟာကြတော့ အခုကျင့်သုံးမယ့် အချိုးကျကိုယ်စားပြုစနစ်ရွေးကောက်ပွဲစနစ်အတွက် လိုအပ်တဲ့ အခြေခံတွေ၊ အချက်အလက်တွေနဲ့ အဲဒီခရိုင်တွေ တိုးချဲ့တာလဲ ပါမယ်လို့ ကျနော်တို့လည်း အသေအချာမသိသေးဘူး၊ ကျနော်တို့လည်း လေ့လာနေတုန်းပဲလေ။ PR ဆိုတာ ကျ‌နော်တို့ နိုင်ငံမှာ တစ်ခါမှ မကျင့်သုံးဖူးသေးဘူး။ အဲတော့ နိုင်ငံခြားမှာကတော့ တစ်ချို့ နိုင်ငံမှာ ဒါမျိုး တစ်ခုနဲ့ တစ်ခု ထပ်တူကျတာ မရှိဘူး။ အဲ‌တော့ သူတို့က ဘယ်လိုလုပ်မလဲဆိုတာလဲ တပ်အပ်သေချာတော့ မပြောနိုင်ဘူးပေါ့” ဟု ပြောသည်။

    ယခင်က တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ခရိုင် ၇၄ ခရိုင်သာရှိသော်လည်း လက်ရှိထွက်ပေါ်လျက်ရှိသော သတင်းများအရ နိုင်ငံအဝှမ်းတွင် ခရိုင်အသစ် ၄၂ ခရိုင် ထပ်မံသတ်မှတ်ထားသဖြင့် ၁၁၆ ခရိုင်အထိ ရှိလာမည် ဖြစ်သည်။

    ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၄ အရ “သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း (သို့မဟုတ်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း၌ ရှိသော ကျေးရွာ၊ ကျေးရွာအုပ်စု၊ ရပ်ကွက်၊ မြို့၊ မြို့နယ် (သို့မဟုတ်) ခရိုင်နယ်နိမိတ်များ ပြင်ဆင်ရန်၊ ဖွဲ့စည်းရန် (သို့မဟုတ်) အမည်ပြောင်းလဲရန် ပေါ်ပေါက်လျှင် သက်ဆိုင်ရာတိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်သမ္မတထံ ထောက်ခံတင်ပြပြီး နိုင်ငံတော်သမ္မတက လိုအပ်သလိုဆောင် ရွက်ပေးရမည်” ဟု ပြဌာန်းထားသည်။

    အုပ်ချုပ်ရေးလုပ်ငန်း ပိုမိုထိ ရောက်စေရေး ခရိုင်များ ပြင်ဆင်တိုးချဲ့ဖွဲ့စည်းနေကြောင်း ဇန်နဝါရီ ၂၀ ရက်နေ့က ပြုလုပ်သည့် နစကကောင်စီ အစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ပြီးနောက် ခရိုင်အသစ်များ ထပ်မံတိုးချဲ့မည်ဟူ၍ လူမှုကွန်ယက်စာမျက်နှာများပေါ် ပျံ့နှံ့လာကြောင်း တွေ့ရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts