Homeငြိမ်းချမ်းရေးဒုတိယအကြိမ် မွန်လူငယ်များညီလာခံတွင် မွန်လူငယ်များမူဝါဒအတည်ပြုသွားမည်

ဒုတိယအကြိမ် မွန်လူငယ်များညီလာခံတွင် မွန်လူငယ်များမူဝါဒအတည်ပြုသွားမည်

-

မွန်သတင်းအေဂျင်စီ (၂၂ ဇန် ၂၀၂၂)

 မကြာမီရက်ပိုင်းအတွင်း ကျင်းပသွားမည့် ဒုတိယအကြိမ် မွန်လူငယ်များညီလာခံတွင် မွန်လူငယ်များမူဝါဒအတည်ပြုသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့်ကာလများအတွင်း မွန်ဒေသအနှံ့တွင် ကိုဗစ်ကပ်ရောဂါပြင်းထန်စွာဖြစ်ပေါ်ခံစားလာရသကဲ့သို့ စစ်အာဏာသိမ်းမှုကြောင့် ဆန္ဒပြပွဲများလည်းဖြစ်ပေါ်ခဲ့ရာ အကြောင်းအမျိုးမျိုးကြောင့် မကျင်းပဖြစ်ခဲ့ဘဲ အကြိမ်ကြိမ်ရက်ရွှေ့ဆိုင်းလာခဲ့ရသည့် ဒုတိယအကြိမ် မွန်လူငယ်များညီလာခံကို မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေ သထုံခရိုင်၌ လာမည့် ဇန်နဝါရီ ၂၇ ရက်နေ့ကစပြီး ၃ ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း မွန်လူငယ်များဆုံရပ် MYF အကြံပေး နိုင်ဥာဏ်စိုက် ရာမာဥ်က မွန်သတင်းအေဂျင်စီသို့ ပြောသည်။

“ဒီပွဲမှာ ဦးတည်ချက် ၃ ရပ်ပဲရှိပါတယ် တစ်အချက်က မွန်လူငယ်များမူဝါဒကို ဒီညီလာခံအတည်ပြုမယ် နှစ်အချက်မှာက မွန်လူငယ်များဆုံရပ် ဘယ်လိုဖွဲ့စည်းသွားမလဲ ဆုံးဖြတ်သွားမယ် တာဝန်ယူသွားရမယ့် ပုဂ္ဂိလ်တွေကိုလည်း တခါတည်းရွေးချယ်မယ်၊ နံပါတ်သုံးအချက်မှာက လူငယ်အချင်းချင်းကြားမှာ ယုံကြည်မှု စုပေါင်းခေါင်းဆောင်မှုတွေကို ခိုင်မာအောင်တည်ဆောက်နိုင်ဖို့ လုပ်ငန်းစဥ်တွေပါ တစုံလုံးဖြစ်မြောက်သွားဖို့ ဒီနေရာမှာ ချမှတ်ဆုံးဖြတ်တာ ဖြစ်ပါတယ်” ဟု ၄င်းက ဆိုသည်။

ယနေ့မွန်လူငယ်များလှုပ်ရှားလျက်ရှိသော အဖွဲ့အစည်းများနှင့် နယ်ပယ်အသီးသီးဖြစ်သည့် နိုင်ငံရေးပါတီ၊ စာပေယဥ်ကျေးမှု၊ လက်နက်ကိုင်တော်လှန်ရေး၊ တိုးတက်သောမွန်လူငယ်အစည်းအရုံး MYPO၊ အရပ်ဖက်မွန်လူထုအဖွဲ့အစည်းများနှင့် ဒေသအခြေစိုက်လူငယ်ကိုယ်စားလှယ်များ ပေါင်းစည်းချိတ်ဆက်ထားသည့် မွန်လူငယ်များဆုံရပ် MYF က ဦးစီးပြီး ကျင်းသွားမည်ဖြစ်သည်။  

“အခု ဒီညီလာခံပြီးတာနဲ့ ကျနော်တို့ မွန်လူငယ်များအတွက် မူဝါဒတရပ် ပေါ်ပေါက်လာမှာဖြစ်တာမို့ လုပ်ငန်းကို ဦးစီးအကောင်အထည်ဖော်သွားနိုင်ဖို့ မွန်လူငယ်များဆုံရပ်ကော်မတီတစ်ခု ပေါ်လာပါလိမ့်မယ်၊ ညီလာခံက ချမှတ်တဲ့ ရှေ့လုပ်ငန်းစဥ်တွေကို ဒီကော်မတီက တာဝန်ယူပြီး အကောင်အထည်ဖော်သွားမှာပါ၊ သို့သော် ဒါက မူဝါဒသက်သက်ပဲဖြစ်နေသေးတော့ လုပ်ငန်းအဆင့်ဆင့် အကောင်အထည်ဖော်ဆောင်နိုင်ဖို့ ဗျူဟာနဲ့ နည်းဗျူဟာတွေကို အချိန်ယူပြီး ရေးဆွဲစရာတွေ ကျန်နေပါသေးတယ်၊ ဒါက ရှေ့မှာဖွဲ့စည်းသွားမယ့် ကော်မတီက တာဝန်ယူဦးဆောင်သွားမှာဖြစ်တယ်”ဟု နိုင်ဥာဏ်စိုက် ရာမာဥ်က ဆက်ပြောသည်။

ညီလာခံသို့ မွန်လူငယ်ကိုယ်စားလှယ် ၁၅၀ ဦးခန့်တို့ ပါဝင်တက်ရောက်ကြမည်ဖြစ်ပြီး ဇန်နဝါရီ ၂၉ ရက်နေ့တွင် ညီလာခံအဆုံးသတ်လိမ့်မည်ဖြစ်သည်။

ပထမအကြိမ် မွန်လူငယ်များညီလာခံကို ၂၀၁၄ ခုနှစ် မေလ ၁ ရက်မှ ၃ ရက်နေ့အထိ မော်လမြိုင်မြို့ သာသနာ့ ၂၅၀၀ မွန်ဗိမာန်တော်၌ ကျင်းပခဲ့ရာ တနင်္သာရီ၊ ပဲခူး၊ ရန်ကုန်တိုင်း၊ ကရင်နှင့် မွန်ပြည်နယ်တို့က လူငယ်ကိုယ်စားလှယ် ၅၀၀ ဝန်းကျင်တက်ရောက်ခဲ့ကြောင်း သတင်းမှတ်တမ်းများက ဖော်ပြသည်။

ထို့ပြင် မြန်မာနိုင်ငံလွတ်လပ်ရေးမရမီ ၁၉၄၆ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် မော်လမြိုင်မြို့၌ ကျင်းပခဲ့သည့် ပထမအကြိမ် မော်လမြိုင် မွန်လူငယ်နှီးနှောဖလှယ်ပွဲအပြီး မွန်လက်နက်ကိုင်တော်လှန်ရေးလမ်းစဥ် စတင်ပေါ်ပေါက်လာရကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts