spot_img
Thursday, January 16, 2025
More
    spot_img
    Homeငြိမ်းချမ်းရေး“ဖိုးကျိုင်းတုတ်ပေါ့ ရွေးကောက်ပွဲကလည်း မလုပ်ပေးနိုင်ဘူးဆိုရင် ၂၀၀၈ ကို ဖျက်လိုက်မယ်” ဦးရဲထွန်း (သီပေါ)

    “ဖိုးကျိုင်းတုတ်ပေါ့ ရွေးကောက်ပွဲကလည်း မလုပ်ပေးနိုင်ဘူးဆိုရင် ၂၀၀၈ ကို ဖျက်လိုက်မယ်” ဦးရဲထွန်း (သီပေါ)

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ ဇန် ၁၈)

    လက်ရှိဖြစ်ပေါ်နေသော နိုင်ငံတကာရေးရာ၊ ယနေ့မြန်မာ့နိုင်ငံရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဥ်များအပေါ် နိုင်ငံရေးလေ့လာသုံးသပ်သူ သီပေါအမတ်ဟောင်း ဦးရဲထွန်း (သီပေါ) အား မွန်သတင်းအေဂျင်စီ ဆက်သွယ်မေးမြန်းသည်။  


    မေး။     အခု PPST နဲ့ အလွတ်သဘောတွေ့ဆုံဖို့ နစကဖက်က စာပို့ကမ်းလှမ်းထားတယ်ဆိုတော့ မကြာခင် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြန်ဖြစ်လာနိုင်လား။ ဆရာတို့ ဘယ်လို သုံးသပ်မိလဲ။

    ဖြေ။      ငြိမ်းချမ်‌ရေးဆွေးနွေးပွဲတွေကတော့ ဖြစ်နိုင်ချေတော့ရှိပါတယ်။ ဖြစ်လာနိုင်ချေရှိပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကမ္ဘောဒီးယားဝန်ကြီးချုပ်လာတုန်းကလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ EAO တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ သူတို့ကလည်း ကြားဝင်ပြီးတော့ ဆောင်ရွက်ပေးမယ်လို့ သဘောတူထားတာရှိတယ်လေ။ ဆိုတော့ ပြန်ဖြစ်လာဖို့ အများကြီး အလားအလာရှိပါတယ်။

    မေး။     PPST ဖက်ကို မေးကြည့်လိုက်တော့လည်း NCA အရဆွေးနွေးပွဲလုပ်မယ်ဆိုရင်တော့ လွှတ်တော်ရှိမှ ဖြစ်နိုင်မယ်လို အဲလိုတွေ ပြန်ပြောပြန်တယ်ဆရာ။

    ဖြေ။      ဒါကြောင့် အဲလိုတွေ ပြောနေတော့ တပ်ဘက်က တစ်ခုခုထူးထူးခြားခြား ခြေလှမ်းတစ်ခုတော့ ဖွင့်ပေးရမယ်ထင်တယ်။ ဆိုတာက အဲဒီ NCA စာချုပ်အရဆိုရင် ဟုတ်တယ်၊ သူတို့ ပြောတဲ့အတိုင်း ပါဝင်ရမယ့် Stakeholder တွေက မစုံလင်ဘူးပေါ့နော်။ မစုံလင်ဘူး။ ဒါကြောင့်မို့လို့ မတွေ့နိုင်ဘူး သူတို့ပြောတာလည်း အကျိုးအကြောင်းရှိနေတော့ တပ်ဘက်ကလည်း ဒီလာမယ့် ၂၀၂၂ မှာ ငြိမ်းချမ်းရေးအတွက် ခြေလှမ်းသစ်တွေ ထူးထူးခြားခြားစမယ်ဆိုတဲ့အခါကြတော့ တစ်ခုခု ထူးထူးခြားခြား ထူးခြားတဲ့ အဆိုပြုမှု တစ်ခုခုမရှိပဲနဲ့တော့ မဖြစ်နိုင်ဘူးထင်တယ်။ ဆိုလိုတာက သူတို့က ရည်မှန်းချက်က အခု ၂၀၀၈ အခြေခံဥပဒေကို ပြင်ပေးဖို့ပဲကိုး ပြင်ပေးဖို့ပဲဆိုတော့ ဗိုလ်ချုပ်ဇော်မင်းထွန်းပြောသွားတဲ့အထဲမှာတော့ ပြည်နယ်တိုင်းဒေသကြီးတွေရဲ့ အစိုးရဝန်ကြီးချုပ်တွေကို သက်ဆိုင်ရာလွှတ်‌တော်တွေက ရွေးချယ်ခွင့်ပေးဖို့တို့ နောက်တစ်ခါ ပြည်နယ်တိုင်းဒေသကြီးတွေရဲ့ လုပ်ပိုင်ခွင့်အာဏာတွေကို တိုးချဲ့ပေးဖို့တို့ အဲတာတွေတော့ ပြောသွားတာရှိတယ်။

    အဲပြောသွားတာရှိတော့ ဝန်ကြီးချုပ်တွေကို သူတို့လွှတ်တော်ကနေ သူတို့ ရွေးချယ်ခန့်အပ်ခွင့်ပေးဖို့ဆိုတာက အခြေခံဥပဒေနဲ့တော့ ညိနေတယ်။ အခြေခံဥပဒေနဲ့ ညိနေတဲ့ အခါကြတော့ အဲဒီလိုဟာမျိုးကို သူက အခိုင်အမာ အဆိုပြုချက်အနေနဲ့ ဒါတွေကို ထုတ်ပြောလာတယ်ဆိုရင် ဟိုဖက်ကလည်း သူတို့စိတ်ဝင်စားစရာ တခြားဘာတွေရှိလဲ၊ ဘာတွေတောင်းဆိုလာနိုင်မလဲ၊ ဒီထက်ပိုပြီးတော့ ထူးထူးခြားခြား အဲဒီလိုအစပြုမှုလေးတွေနဲ့ ဆွေးနွေးပွဲကို ပြန်ပြီးတော့ စတာမျိုးပေါ့နော်။

    ကျနော်ဆိုလိုတာက အခြေခံဥပဒေကို ပြင်မှရမယ့်ဟာမျိုး ဖြစ်နေတဲ့ အခါကြတော့ ပြင်ချင်လည်း အခြေခံဥပဒေအတိုင်းပဲ သွားရမှာပဲဆိုတဲ့ NCA စာချုပ်ပါအတိုင်းကတော့ မဖြစ်နိုင်ဘူးလေ။ ဗိုလ်ချုပ်ဇော်မင်းထွန်း သတင်းစာရှင်းလင်းပွဲမှာ ပြောတဲ့ဟာမျိုးကြတော့ သူက အခြေခံဥပဒေမှာ ပြဌာန်းထားတဲ့ဟာတွေ ပြင်ပေးမယ်ဆိုတဲ့ သဘောသက်ရောက်တယ်။ ဥပမာ တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့ အစိုးရအဖွဲ့တို့ကို သူ့လွှတ်တော်ကနေသူ ရွေးချယ်တင်မြောက်ခွင့်ပြုဖို့တို့ ဆိုတဲ့ကိစ္စတွေလေ။ ဆိုတော့ အဲလိုဟာမျိုးပေါ့နော် ထူးထူးခြားခြား အဆိုပြုချက်တွေ ရှိမယ်ဆိုရင်တော့ အစည်းအဝေးပြန်ဖြစ်ဖို့ အလားအလာရှိတာပေါ့နော်။

    မေး။     NCA လမ်းကြောင်းမဟုတ်ဘဲ တခြားလမ်းကြောင်းဆိုရင်ရော ဖြစ်နိုင်ချေရှိလား။
    ဖြေ။      NCA မဟုတ်ဘဲ တခြားလမ်းကြောင်းဆိုတာမျိုးကတော့ NCA ကတော့ အခုလိုညှိနှိုင်းဆွေးနွေးရင်းနဲ့ပေါ့ဗျာ။ နောက်ဆုံး ဟုတ်ပြီ ဒါတွေဒါတွေ သဘောတူပြီဆို ပြင်မယ်ဆိုရင် ဒါဆိုလို့ရှိရင် ၂၀၀၈ ကို ပြင်ဖို့အတွက် လွှတ်တော်မှာသွား လွှတ်တော်မှာ အဲဟာတွေ ပို့လိုက်မယ် ဆိုတဲ့ဟာမျိုးပေါ့။ ဆိုတော့ အဲလိုမျိုးမဟုတ်ဘဲနဲ့ NCA ကို လမ်းကြောင်းအတိုင်း မဟုတ်ဘူးဆိုရင်တော့ အစည်းအဝေးမှာ သဘောတူတဲ့ဟာတွေကိုပဲ တစ်ခါတည်း အခြေခံဥပဒေအဖြစ်နဲ့ သတ်မှတ်ပြီးတော့ အစားထိုးလိုက်မယ်ဆိုတာမျိုး၊ အဲတာမျိုးကတော့ မလွယ်လောက်ဘူးပေါ့နော်။

    မလွယ်လောက်ဘူးဆိုတာက တစ်ထစ်ကျန်နေတယ်။ ကြားထဲမှာ ဘာတစ်ထစ်ကျန်နေတုန်းဆိုတော့ အခု ၂၀၀၈ အခြေခံဥပဒေဖျက်ပစ်ဖို့ဆိုတာ ကျန်နေတယ်။ အခုက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း သွားနေတာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း သွားနေလို့လည်း ဘယ်နေ့၊ ဘယ်ရက်ကို ငြိမ်ဝပ်ပိပြားမှုဆိုတာကို အပြီးအပြတ်လုပ်ပါမယ်။ ၂၀၂၃ ဩဂုတ်လ မတိုင်ခင် ၆ လအတွင်းမှာ ရွေးကောက်ပွဲပြီးအောင် လုပ်ပါမယ်ဆိုတဲ့ ကတိကဝတ်သူတို့ရှိနေတာ။ အဲတာ အခြေခံဥပဒေသာ မရှိဘူးဆိုရင် သူတို့ အဲဒီကတိကဝတ်လည်း ပေးစရာမလိုဘူး။ အဲထက်လည်း ပိုကြာသွားနိုင်တယ်။

    ဒါကြောင့်မို့လို့ အခြေခံဥပဒေလေးက ထိန်းထားလို့ အခြေခံဥပဒေဘောင်လေးထဲက သူက ရွေးကောက်ခံအစိုးရအဖွဲ့ကို အာဏာအပ်ပါ့မယ်ဆိုတဲ့ ကတိလေးရှိနေတာ။ ဆိုတော့ NCA ကို အဲဟာအတိုင်းမသွားဘူးဆိုလို့ရှိရင် အခြေခံဥပဒေဖျက်မှ ရမှာလေ။ အခြေခံဥပဒေဖျက်ပြီးတော့မှ ဆွေ‌နွေးညှိနှိုင်းမှု ရလဒ်တွေကို အခြေခံဥပဒေအသစ်အဖြစ်နဲ့ အတည်ပြုရမယ်ဆိုတဲ့ဟာမျိုးဆိုလို့ရှိရင် သူက အခြေခံဥပဒေမရှိမှပဲ ရမှာ။

    မေး။     ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့ရင် သူတို့ ပြောတာတော့ ထိန်းတယ်လို့ပြောတာပေါ့။ မကျင်းပနိုင်ခဲ့ရင် အာဏာထိန်းရာကနေ အာဏာသိမ်းရာဆိုတဲ့ဘက်ကိုရောက်သွားမှာ ပိုကြာသွားမှာဆိုပြီး စိုးရိမ်ချက်ရှိတာပေါ့။ အဲလိုဖြစ်လာနိုင်လား ဒါမှမဟုတ် ၆ လတစ်ကြိမ် သက်တမ်းတိုးခွင့်‌တွေရောရှိလား။

     ဖြေ။     ခုနားခင်ဗျားပြောသလို NCA လမ်းကြောင်းအတိုင်း မလျှောက်ချင်ဘူး။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေက အများစုက ခင်ဗျားတို့ NCA အတိုင်းလျှောက်မယ်ဆိုရင် လက္ခဏာမပြည်စုံဘူး။ ဒါကြောင့် NCA အတိုင်း မဟုတ်ဘဲနဲ့ အခြားနည်းနဲ့ ကျုပ်တို့ ငြိမ်းချမ်းရေးရဖို့အတွက် သွားမယ်ဆိုပြီးတော့ ပြောလာလို့ရှိရင် အဲလိုအခြေအနေမျိုး ခင်ဗျားလို့ လက်ခံနိုင်မှ သွားမယ်ဆိုပြီး ဖိအားပေးရင် အဲဖိအားက သူတို့အနေနဲ့ ၂၀၂၃ ဩဂုတ်လမှာ ရွေးကောက်ပွဲလုပ်ပေးပါ့မယ်ဆိုတဲ့ ကတိကို နစကဥက္ကဋ္ဌက ပြောထားဖူးတာရှိတယ်လေ။

    ပြည်သူလူထုကို သူတို့ တည်တည်ငြိမ်ငြိမ်ဖြစ်အောင် ထိန်းထားနိုင် မထားနိုင်၊ နိုင်ငံတကာအခြေအနေအဲအပေါ်တွေမှာ တည်ပြီးတော့ ဒီကတိအကောင်အထည်ဖော်နိုင်မဖော်နိုင်ဆိုတာ တည်လိမ့်မယ်လို့ ပြောသွားတာ။ ဆိုတော့ အဲဒီလို အချက်နှစ်ချက်အောက်မှာ ဖြစ်နိုင်တာပေါ့။ ဆိုလိုတာက အဲဒီလိုလည်း ရွေးကောက်ပွဲ မလုပ်ပေးနိုင်ဘူး။ ရက်ကလည်းကျော်သွားပြီ။ အခြေခံဥပဒေအရလည်း ဒီထက်ကျော်ပြီး အာဏာကို ကိုင်ထားလို့မရဘူး။ အဲလိုအနေအထားမျိုးမှာ ခုနားက EAO ကလည်း ခင်ဗျားပြောသလို ၂၀၀၈ အတိုင်းသွားနေရင်‌တော့ ဘာမှဆွေးနွေးစရာအကြောင်းမရှိဘူး ဘာညာဖိအားပေးလာရင် သူ့အတွက် တွန်းအားဖြစ်တာပေါ့။ အာဏာကို သိမ်းလိုက်ဖို့ တွန်းအားဖြစ်တာပေါ့။

    အာဏာသိမ်းလိုက်တာဆိုတာ အခြေခံဥပဒေကြီး ဖျက်လိုက်တာပေါ့။ ဖျက်လိုက်တယ် ဆိုတဲ့ အဓိပ္ပာယ်က သူတို့အတွက်ဆိုလို့ရှိရင်‌တော့ အကန့်အသတ်မရှိ အာဏာကို ကိုင်ထားလိုက်နိုင်တာပေါ့။ အဲတော့ ခင်ဗျားပြောတဲ့ NCA လမ်းကြောင်းအတိုင်းမသွားပဲ တခြားလမ်းကြောင်းဖြစ်နိုင်သလားဆိုတာ သူတို့က အဲလိုတွန်းအားပေးနေရင်‌တော့ နစကအတွက်က ဖိုးကျိုင်းတုတ်ပေါ့ဗျာ။ ဖိုးကျိုင်းတုတ်ပေါ့။ ရွေးကောက်ပွဲကလည်း မလုပ်ပေးနိုင်ဘူးဆိုရင် ၂၀၀၈ ကို ဖျက်လိုက်မယ်။ ကျုပ်တို့ ဒီကြားထဲမှာ အခြေခံဥပဒေအသစ်ပေါ်လာဖို့အတွက် EAO တွေနဲ့ ဆွေးနွေးပြီးတော့ ငြိမ်းချမ်းရေးလည်းရ အခြေခံဥပဒေအသစ်လည်း ပြဌာန်း အဲလိုဖြစ်ဖို့အတွက် နောက်ထပ် (၁၀) နှစ်စောင့်ကြပါ၊ (၅) နှစ်စောင့်ကြပါ ဆိုတာမျိုး ဖြစ်လာနိုင်တာပေါ့။

    မေး။     တွေ့ဆုံဆွေးနွေးရေးကိစ္စနဲ့ ပတ်သက်ပြီး ဘာများ ဖြည့်စွက်ပြောကြားလိုသေးလဲဆရာ။

    ဖြေ။      တွေ့ဆုံဆွေးနွေးရေးကိစ္စတော့ဗျာ ဘာပဲဖြစ်ဖြစ်နစကအနေနဲ့ လာမယ့်နှစ်အတွင်းမှာ တစ်ဆင့်မြင့်ပြီးတော့ ကြိုးစားမယ်ဆိုတော့ တစ်ခုခုတော့ ထူးထူးခြားခြားသူတို့ အဆိုပြုချက်ရှိလိမ့််မယ်လို့ မျော်လင့်ပါတယ်။ မျော်လင့်တယ်။ အဲမှာ EAO တွေအနေနဲ့လည်း ကိုယ်ဖြစ်ချင်တာ ‌တောင်းပေါ့ဗျာ။ ပွင့်ပွင့်လင်းလင်းပြောပေါ့ဗျာ။ အဲလိုပြောပြီးတဲ့အခါကြတော့ ဘယ်လိုဘယ်လိုဖြစ်ချင်တာ ပွင့်ပွင့်လင်းလင်းပြောပြီးတော့ ဆွေးနွေးကြရင်‌တော့ ပိုကောင်းမှာပေါ့နော့။

    ကျေးဇူးတင်ပါတယ်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    32,100SubscribersSubscribe
    spot_img

    Latest posts