Homeငြိမ်းချမ်းရေးမုဒုံမြို့နယ်မှပျောက်ဆုံးနေသူအမျိုးသမီးငယ်တစ်ဦး ပေါင်မြို့နယ်ရာဘာခြံတစ်ခုတွင် သေဆုံးလျက်တွေ့ရှိ

မုဒုံမြို့နယ်မှပျောက်ဆုံးနေသူအမျိုးသမီးငယ်တစ်ဦး ပေါင်မြို့နယ်ရာဘာခြံတစ်ခုတွင် သေဆုံးလျက်တွေ့ရှိ

-

မွန်သတင်းအေဂျင်စီ ( ၂၀၂၁ ဒီဇင်ဘာ ၂)

မုဒုံမြို့နယ် နိုင်းပြိုင်ကျေးရွာမှ ပျောက်ဆုံးနေသူ အမျိုးသမီးငယ်တစ်ဦးကို ပေါင်မြို့နယ် ကတိုက်ကျေးရွာလမ်းပိုင်းရှိ အင်းဗြောင်ကျေးရွာအဝင် ရာဘာခြံတစ်ခုထဲတွင်  ဒီဇင်ဘာလ ၁ ရက်နေ့က ပုပ်ပွလျက်ပြန်လည်တွေ့ရှိခဲ့ကြောင်း ၎င်း၏မိသားစုဝင်နှင့်နီးစပ်သူများထံမှ သိရသည်။

နိုင်းပြိုင်ကျေးရွာအလယ်ပိုင်းနေ အဖဦးရဲမြင့် အမိဒေါ်လုံးတင် (ခ)(ဒေါ်နွဒ့်)တို့၏ သမီးထွေး မအေးအေးဝင်းသည် နေအိမ်မှဆိုင်ကယ်၊ ဘဏ်စုစာအုပ်နှင့်အတူ နိုဝင်ဘာလ ၂၇ ရက်နေ့က ထွက်သွားခဲ့ပြီး မိသားစုဝင်များနှင့်အဆက်အသွယ်ပြတ်နေခဲ့သည်ဟု ဆိုသည်။

“သူ​ပျောက်သွားတုန်းကပိုစ့်က ကျွန်မတင်ပေးခဲ့တာပါ။ မနေ့က သူ့မိဘတွေအလောင်းပြန်တွေ့သွားပြီ။ နတ်တွေဘာတွေမေးနေတာလည်းတွေ့တယ်။ ဘာလို့သေသွားတာလဲတော့မသိရသေးဘူး”ဟု  နီးစပ်သူတစ်ဦးက ပြောသည်။

ဒီဇင်ဘာလ ၁ ရက်နေ့တွင် မွန်ဝတ်စုံဖြင့် မအေးအေးဝင်း၏အလောင်းကို ပုပ်ပွလျက်ပြန်လည်တွေ့ရှိခဲ့ကြောင်း၊ အလောင်းကို ​ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က တွေ့ရှိခဲ့ကြောင်း ရင်းငြိမ်ရဲကင်းမှ သိရှိရသည်။

“ကျွန်တော်တို့သွားကြည့်လာတာ အလောင်းကတော့ အသက်ငယ်သေးတယ်ထင်ရပေမယ့် ပုံကတော့ တော်တော်ပျက်နေပြီ။ အလောင်းကိုတော့ မှုခင်းရင်ခွဲရုံကို ပို့ထားပါတယ်”ဟု ဇင်းကျိုက်မြို့နယ်ရဲစခန်းမှ စခန်းမှူးက ဆိုသည်။

သေဆုံးနေသူ အမျိုးသမီးအလောင်းဘေးတွင် ဆိုင်ကယ်ဦးထုပ်နှင့် ဖုန်းဆင်းကဒ်တစ်ခုတွေ့ရပြီး ဖုန်းမတွေ့ရကြောင်း ဇင်းကျိုက်မြို့နယ်ရဲစခန်းမှ သိရသည်။

အဆိုပါအလောင်းမှာ မအေးအေးဝင်း၏ အလောင်းဟုတ်၊ မဟုတ် ရဲစခန်းမှအတည်မပြုနိုင်ကြောင်း ပြောသော်လည်း မိသားစုဝင်တစ်ဦးက ဟုတ်မှန်ကြောင်း အတည်ပြုခဲ့သည်ဟု သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts