Homeသတင်းရေးမြို့နယ်တောင်ပိုင်း ဝဲရက်ကျေးရွာ ဘုန်းကြီးကျောင်းမီးလောင်

ရေးမြို့နယ်တောင်ပိုင်း ဝဲရက်ကျေးရွာ ဘုန်းကြီးကျောင်းမီးလောင်

-

မွန်သတင်းအေဂျင်စီ( ၂၀၂၁ နိုဝင်ဘာ ၂၈)

ရေးမြို့နယ်တောင်ပိုင်း ချောင်းတောင်ကျေးရွာအုပ်စု၊ ဝဲရက်ကျေးရွာ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း နိုဝင်ဘာ ၂၇ ရက် ညနေပိုင်း ၅ နာရီခွဲကျော်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဝဲရက်ဘုန်းကြီးကျောင်းဝင်းအတွင်းရှိ ကျောင်းထိုင်ဆရာတော်ဘုရား သီတင်းသုံးနေထိုင်သည့် ဝိဟာရမင်္ဂလာ ကျောင်းဆောင်က စတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း ရေးမြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူက ပြောသည်။

ကျောင်းဆောင်အတွင်း တပ်ဆင်ထားသော ဆိုလာပြား အပူလွန်ကဲရာမှ ဝါယာ ရှော့ဖြစ်ကာ စတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း ဆက်ပြောသည်။

“ဆိုလာပြား ဝါယာရှော့ဖြစ်တာကနေ စတာ။ အပူလွန်ပြီး စလောင်တာပေါ့။ ညနေ ၅ နာရီခွဲကျော်က လောင်တယ်။ ၇ နာရီလောက်မှာတော့ အပြီးသတ် မီးငြိမ်းနိုင်ခဲ့ပါတယ်”ဟု ၎င်းက ပြောသည်။

မီးလောင်မှုကို မြိုနယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များ လုံခြုံရေးတပ်ဖွဲ့ဝင်များ နှင့် ဒေသခံပြည်သူများက ဝိုင်းဝန်း ငြိမ်းသတ်ခဲ့ကြောင်း ဆက်ပြောသည်။

မီးလောင်မှုကြောင့် အလျားပေ ၆၀ နှင့် အနံပေ ၄၀ရှိသည့် ဝိဟာရမင်္ဂလာ သစ်သားကျောင်းဆောင်တစ်ခုလုံး မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံ တစ်ဦးက ပြောသည်။

“ဆရာတော်ကြီးကတော့ အသက်တော်တော်ကြီးနေပြီ။ ဆရာတော်ကြီးတော့ ဘာထိခိုက်ဒဏ်ရာမှ မရဘူးလို့ သိရတယ်။ ကျောင်းဆောင်ကတော့ ‌လုံးဝမီးလောင် ပျက်စီးသွားတယ်”ဟု ၎င်းက ပြောသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် သံဃာတော်များနှင့် လူများ  ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်း မရှိကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts