spot_img
Saturday, January 24, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးပြဿနာများဖြေရှင်းနိုင်ရေး ကုလအထူးကိုယ်စားလှယ် နိုလင်းဟေဇာနှင့် လက်တွဲဆောင်ရွက်သွားမည်ဟု PPST ထုတ်ပြန်

    ပြဿနာများဖြေရှင်းနိုင်ရေး ကုလအထူးကိုယ်စားလှယ် နိုလင်းဟေဇာနှင့် လက်တွဲဆောင်ရွက်သွားမည်ဟု PPST ထုတ်ပြန်

    -

    မွန်သတင်းအေဂျင်စီ(၂၀၂၁ နိုဝင်ဘာ ၅)

    ပြည်တွင်းတွင် ကြုံတွေ့နေရသည့် အထွေထွေအကျပ်အတည်းများကို ဖြေရှင်းရေးကိစ္စနှင့် ပတ်သက်၍ ဒေါက်တာ နိုလင်းဟေဇာ၏ လုပ်ငန်းများကို လက်တွဲဆောင်ရွက်သွားမည်ဟု အပစ်ရပ် (၁၀) ဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦး‌ဆောင်အဖွဲ့ (PPST) က ယနေ့ထုတ်ပြန်ခဲ့သည်။

    ဒေါက်တာ နိုလင်းဟေဇာကို ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ်  ခန့်အပ်လိုက်ကြောင်း ကုလအထွေထွေ အတွင်းရေးမှူးချုပ်က အောက်တိုဘာ ၂၅ ရက်က ကြေညာခဲ့သည်။

    PPST မှ ပြောခွင့်ရ ပုဂ္ဂိုလ်  ရဲဘော်မျိုးဝင်းက “အဓိကတော့ ပုံမှန်အားဖြင့်တော့ တိုင်းပြည်ရဲ့ အခြေအနေနဲ့ ကိုက်ညီတဲ့ နိုင်ငံရေးအရ ဖြေရှင်းမှု ဦးတည်တဲ့ နိုင်ငံတကာကြိုးပမ်းမှု ဖြစ်ဖို့ လိုတာပေါ့နော်။ သူ့ကို ကိုယ်စားလှယ်စတင်ခန့်တဲ့ အပေါ်မှာလည်း ကျနော်တို့ အမြင်သဘောထားတွေလည်း စတင်မိတ်ဆက်ပေးရမှာပေါ့။ သူ့တာဝန်ပေးခန့်အပ်မှုကို ကျနော်တို့ကြိုဆိုတယ်။ တာဝန်တွေ ဆက်လက်ထမ်းဆောင်တဲ့အခါကြရင်လည်း အရင်လိုပဲ ပုံမှန်ထိတွေ့ ဆက်ဆံသွားမယ်ဆိုတဲ့ သဘောထားကို ဖော်ပြတာပေါ့” ဟု ပြောသည်။

    ပဋိပက္ခဖြစ်ပွားရာ ဒေသအသီးသီးရှိ တိုက်ပွဲရှောင်ပြည်သူများအတွက် လုံခြုံရေးအပါအဝင် လူသားချင်းစာနာမှု အထောက်အကူများ အမြန်ဆုံးရရှိနိုင်ရေးအတွက် PPST အနေဖြင့် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    ထို့အပြင် နိုင်ငံရေးမတည်ငြိမ်မှုနှင့် လက်ရှိ လူထုရင်ဆိုင်နေရသော အထွေထွေအကျပ်အတည်းကြီးသည် တိုင်းပြည်ကျဆုံးပျက်စီးရေးလမ်းကြောင်းပေါ်သို့ ရောက်ရှိနေပြီး ဒေသတွင်း တည်ငြိမ်မှုကို ခြိမ်းခြောက်လာနေသည်ဟု ဖော်ပြထားသည်။

     “ဗမာပြည်နိုင်ငံရေး ဖြေရှင်းဖို့ ကြိုးပမ်းတဲ့ နေရာမှာတော့ အထူးကိုယ်စားလှယ်တွေ ခန့်တယ်ဆိုရင်တော့ အကောင်းဆုံးကတော့ ဗမာပြည်ရဲ့ အခြေအနေကို ဗမာပြည်ရဲ့ နိုင်ငံရေး ပြဿနာကို သိရှိတဲ့နိုင်ငံ၊ အရှေ့တောင်အာရှသားတွေရဲ့ လူနေမှုဘဝကို နားလည်တဲ့ လူတွေသိရင်တော့ ပိုကောင်းတာပေါ့။ အခုကဆိုရင် စင်ကာပူနိုင်ငံသူဖြစ်တဲ့ အနေအထားပေါ်မှာရော၊ ပြီးခဲ့တဲ့ ကာလမှာလည်း ဗမာပြည်နိုင်ငံရေးအခြေအနေနဲ့ ပတ်သက်ပြီး ဆက်စပ်သိရှိခဲ့တဲ့ အနေအထားအပေါ်မှာ မူတည်ပြီးတော့ သူ့အနေနဲ့တော့ ဗမာပြည်ကိစ္စရပ်တွေကို သိရှိပြီး ဖြစ်မှာပေါ့” ဟု ပြောသည်။

    ၂၀၂၁ ခုနှစ် အောက်တိုဘာ (၂၉) ရက်က ဖြစ်ပွားခဲ့သော ချင်းပြည် ထန်တလန်ကိစ္စအပါအဝင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ကရင်နီဒေသများတွင် စစ်‌ကောင်စီက ပြည်သူလူထု၏ အိုးအိမ်များ၊ ဘာသာရေး အဆောက်အအုံများကို ပစ်မှတ်ထားတိုက်ခိုက်မှုအပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပြီး ကျူးလွန်သူများကို ပြင်းထန်စွာ အရေးယူပေးရန် တောင်းဆိုထားသည်။

    PPST အနေဖြင့် NCA အနှစ်သာရ (၃) ရပ်ကို စွဲကိုင်ပြီး ချမှတ်ထားသည့် နိုင်ငံရေးရည်မှန်းချက်အတိုင်း လက်ရှိနိုင်ငံရေးအကျပ်အတည်းဖြေရှင်းရေး၊ အနာဂတ်အသွင်သစ်နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အဖက်ဖက်နှင့် လက်တွဲပူးပေါင်းကာ ကြိုးပမ်းဆောင်ရွက်သွားမည်ဟု PPST အလုပ်အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်းက နိဂုံးချုပ်မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

    Photo- PPST အစည်းအဝေး (NCA-S EAO)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts