spot_img
Saturday, January 24, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးတပ်ရင်းမှူးအပါအဝင် မြန်မာတပ်ဖွဲ့ ၇ ဦးကျဆုံးသွားသည့်အပေါ်စိတ်မကောင်းဖြစ်၍ သိမ်းဆည်းရမိခဲ့သောလက်နက် ၇ လက်ကို KNU တပ်မဟာ ၆ ဥက္ကဌ...

    တပ်ရင်းမှူးအပါအဝင် မြန်မာတပ်ဖွဲ့ ၇ ဦးကျဆုံးသွားသည့်အပေါ်စိတ်မကောင်းဖြစ်၍ သိမ်းဆည်းရမိခဲ့သောလက်နက် ၇ လက်ကို KNU တပ်မဟာ ၆ ဥက္ကဌ ပြန်လည်အပ်နှံ

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၁ အောက်တိုဘာ ၃၀)

    ဘုရားသုံးဆူ-သံဖြူဇရပ်ကားလမ်းပေါ်ရှိ မြန်မာစစ်တပ်တောင်စွန်းရှေ့တန်းအခြေစိုက်စခန်းမှ တပ်ရင်းမှူးအပါအဝင် မြန်မာတပ်ဖွဲ့ ၇ ဦးတို့ ကျဆုံးသွားသည့်အပေါ် စိတ်မကောင်းဖြစ်မိ၍ ၄င်းတို့ထံမှသိမ်းဆည်းရမိခဲ့သည် လက်နက် ၇ လက်ကို ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ ဥက္ကဌက ဘုရားသုံးဆူမြို့ရှိ မြန်မာတပ်စခန်းထံ အောက်တိုဘာ ၂၆ ရက်တွင် ပြန်လည်အပ်နှံလိုက်ကြောင်း သတင်းရရှိသည်။

    ခလရ ၂၈၃ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး သာဝင်းထွန်းအပါအဝင် အရာခံစစ်သည် ၇ ဦးကျဆုံးသွားခြင်းအပေါ် စိတ်မကောင်းဖြစ်မိကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) ဥက္ကဌ ပဒိုစောရွှေမောင်းက အောက်တိုဘာ ၂၉ ရက်တွင် သီးခြားထုတ်ပြန်ချက်စာတစ်စောင် ထုတ်ပြန်ခဲ့သည်။

    ပဒိုစောရွှေမောင်း၏ ထုတ်ပြန်ချက်တွင် “ ပစ်ခတ်တိုက်ခိုက်ခံရသော နေရာဒေသသည် KNU နှင့် တပ်မတော် နှစ်ဖက်တပ်များ သွားလာလှုပ်ရှားသော နေရာဒေသဖြစ်သည်။ KNU နှင့် အစိုးရတပ်မတော်တို့သည် ပစ်ခတ်တိုက်ခိုက်မှု မပြုကြရန် NCA လက်မှတ်ရေးထိုးခဲ့သော အဖွဲ့အစည်းများဖြစ်သည်။ ဤကဲ့သို့ ပစ်ခတ်တိုက်ခိုက်ခြင်းများ မဖြစ်သင့်ဘဲ ဖြစ်ပေါ်လာပြီး သေကြေသွားခဲ့ကြသည်များမှ လွန်စွာ ဝမ်းနည်းကြေကွဲဖွယ်ရာများဖြစ်ပါသည်” ဟု ဖော်ပြထားသည်။

    ပြီးခဲ့သည့်အောက်တိုဘာလ ၂၀ ရက် သီတင်းကျွတ်လပြည့်နေ့တွင် တောင်စွန်းတပ်စခန်းမှ အဆိုပါတပ်ရင်းမှူးနှင့်စစ်သားတို့က အရပ်သုံးကားတစ်စီးဖြင့် အနန်းကွင်းဗျူဟာမှူးအား သွားရောက်ကန်တော့ခဲ့ကြောင်း၊ လမ်းခရီး၌ ခုံခမ်ရွာနှင့် သံပုရာရွာအကြားရောက်ရှိစဥ် KNLA တပ်ဖွဲ့က မိုင်းခွဲတိုက်ခိုက်ခဲ့ရာ တပ်ရင်းမှူးအပါအဝင် မြန်မာစစ်တပ်မှ ၇ ဦး ကျဆုံးခဲ့ကြောင်း ဘုရားသုံးဆူအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ထံမှ သိရသည်။

     “ကျနော်တို့က NCA မပျက်ပြယ်သေးဘူးဆိုတဲ့အပေါ်မှာ NCA အရပဲ ညှိနှိုင်းဆောင်ရွက်ကြတာပေါ့ အဲဒီလိုပဲ သွားလာနေတာပေါ့လေ၊ ဆက်ဆံရေးကတော့ နည်းနည်ကြဲသွားတဲ့သဘောရှိတာပေါ့ သံသယစိတ်တွေနည်းနည်း ကြီးမားလာတာကိုး၊ နှစ်ဦးနှစ်ဖက်ကတိပြုထားတဲ့အပေါ်မှာပဲ ရှေ့ဆက်သွားရမှာပေါ့၊ (သိမ်းဆည်းရမိခဲ့တဲ့လက်နက် ၇ လက် ဘုရားသုံးဆူတပ်စခန်းဆီကို ပြန်အပ်လိုက်တယ်ဆိုတာ) ဟုတ်ပါတယ်။ ကျနော်တို့ကတော့ ပြည်တွင်းငြိမ်းချမ်းရေးမရသ၍ ပြည်သူလူထုရဲ့ဘဝ မစိုပြေနိုင်ဘူးလေ၊ ဒါကြောင့်ရှေ့ဆက်ဆောင်ရွက်ဖို့ပဲ ရှိတာပေါ့၊ နှစ်ဦးနှစ်ဖက်ကတိပြုထားတဲ့အတိုင်း ကျနော်တို့နိုင်ငံ ငြိမ်းချမ်းရေးရရှိတဲ့အထိ ညှိနှိုင်းပြီးတော့ ဆောင်ရွက်သွားမှာပေါ့”ဟု ပဒိုစောရွှေမောင်းက ပြောသည်။

    အဆိုပါ အခင်းဖြစ်ပွားခဲ့ပြီးနောက် မြန်မာတပ်ဖွဲ့များ အင်အားအလုံးအရင်းဖြင့် တောင်စွန်းနှင့် အနန်းကွင်းကြား ဒေသတဝိုက်ရှိ KNU စခန်းနှင့် ကရင်ရွာများအတွင်း ထိုးစစ်ဆင်သဖြင့် ရွာသားများ နေအိမ်ကိုစွန့်ခွာ၍ ထွက်ပြေးခဲ့ရကြောင်း သတင်းဌာနများက ဖော်ပြခဲ့သည်။

    ထို့ပြင် တချိန်တည်းအတွင်းမှာပင် သံဖြူဇရပ်-အနန်းကွင်းအကြားရှိ KNU တပ်မဟာ ၆ ဝင်းရေးမြို့နယ်၏ အကြီးမားဆုံးလုံခြုံရေးဂိတ်စခန်းဖြစ်သော လွှတ်ရှမ်းဂိတ်ကိုလည်း အောက်တိုဘာ ၂၁ ရက်တွင် စစ်တပ်မှ ဝင်ရောက်ထိန်းချုပ်လိုက်ပြီး အနီးအနားတဝိုက်ရှိ လွှတ်ရှမ်း၊ တညင်နှင့် ဖားပြကျေးရွာများအတွင်း မြန်မာစစ်ကြောင်းများ ဝင်ရောက်လှုပ်ရှားခဲ့သော်လည်း တိုက်ပွဲဖြစ်စဥ်များ မကြားသိရသေးပေ။

                               
    ပဒိုစောရွှေမောင်းသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်ဖွဲ့များ KNU တပ်မဟာ ၆ နယ်မြေထဲတွင် မလှုပ်ရှားကြရန် စာထုတ်ထားပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ စက်တင်ဘာလ ၇ ရက်နေ့ အရေးပေါ်ထုတ်ပြန်ချက်ကို ပြန်ရုပ်သိမ်းဖို့လည်း တောင်းဆိုခဲ့သူဖြစ်သည်။

    တစ်နိုင်ငံလုံးအပစ်အခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် ကရင်အမျိုးသားအစည်းအရုံး(KNU) သည် တိုင်ရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများတွင် အင်အားအကြီးမားဆုံး ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts