သဒ္ဒါမန် (ဆောင်းပါး)
သိမ်းထားတဲ့ စာအုပ်စင်ထဲက “ မွန်အမျိုးသားတို၏ နောက်ခံသမိုင်း “ ဆိုတဲ့ အကြိမ်ကြိမ်အခါခါ ဖတ်နေကျ စာအုပ်လေးကို ကောက်ကိုင်မိပါတော့တယ်။
စာအုပ်သည် အားလပ်ရက်အတွက် အကောင်းဆုံးမိတ်ဆွေဟု ကျနော် လက်ခံမိသည့် အချိန်မှစ၍ အချိန်ရတိုင်း တွေ့ရာ ဗဟုသုတ ဖြစ်စေသော စာအုပ်များ၊ သမိုင်းအချက်အလက် စာအုပ်များကို အွန်လိုင်းပေါ်မှသော်လည်းကောင်း၊ သိမ်းထားတဲ့ စာအုပ်စင်ထဲက သော်လည်းကောင်း အမြဲဖတ်ဖြစ်ပါတယ်။ အထူးသဖြင့် မွန်အမျိုုးသားတို့၏ ရိုးရာဓလေ့၊ ခေတ်အဆက်ဆက် ဝတ်စားဆင်ယဉ်ပုံ၊ သမိုင်းအဖြစ်အပျက်နဲ့ သက်ဆိုင်သော စာအုပ်များကို ရှာဖွေဖတ်ရှုလေ့ ရှိပါတယ်။
မွန်ခမာအုပ်စုဝင် မွန်အမျိုးသားများသည် လွန်ခဲ့သော သမိုင်းမတင်မီခေတ် နှစ်ပေါင်းထောင်ပေါင်းများစွာက တရုတ်ပြည် ယန်စီကျန်မြစ်ဝှမ်းမှ (YANGTZEKIANG) မှ တောင်ဘက်သို့ တဖြည်းဖြည်း ဆက်သက်လာကြသည်ဟု “မွန်မျိုးသားတို့၏ နောက်ခံသမိုင်း” စာအုပ်မှ သိရှိခဲ့ရပါတယ်။
ဤစာအုပ်ထဲတွင် ထုတ်ဝေသည့် အဖွဲ့အစည်း၊ ခုနှစ်သက္ကရာဇ်၊ အုပ်ရေပေါင်း အရေအတွက် မပါရှိသော်လည်း နိုင်ငွေသိမ်း၏ “ ဇာတိမြေမှယနေ့တိုင် “ စာအုပ်ကို ဖတ်ခွင့်လိုက်ရမှ ၊ မွန်အမျိုးသားတို့၏နောက်ခံသမိုင်း စာအုပ်အား စာမျက်နှာ ၁ မှ ၁၀ အထိကို နိုင်ငွေသိမ်းက စတင်ရေးသားခဲ့ပြီး စာအုပ်ရဲ့ အဆုံးအထိကို နိုင်ထွန်းသိန်း( နာဲထဝ်သောန် )က ရေးသားခဲ့သည်ဟု သိရှိခဲ့ရပါတယ်။
“ မွန်အမျိုးသားတို့၏နောက်ခံသမိုင်း “စာအုပ်မှာ သမိုင်းမတင်မီခေတ်မှသည် ဗိုလ်ချုပ်ကြီးနေဝင်း အာဏာသိမ်းတဲ့ ၁၉၆၂ ခု၊ မတ်လ ၂ ရက်နေ့အထိ ခေတ်အဆက်ဆက် မွန်လူမျိုးတို့၏ ဘာသာ၊ စာပေ၊ ယဉ်ကျေးမှု အကြောင်းအရာကို စုံလင်စွာ လေ့လာခွင့် ရရှိခဲ့ပါတယ်။
မွန်အမျိုးသားတို့၏ နောက်ခံသမိုင်း စာအုပ်ထဲက ကျနော် အထူးဗဟုသုတ ရရှိစေခဲ့သော အကြောင်းအရာ တခုကတော့ မွန်အမျိုးသားနေ့ ဖြစ်ပေါ်လာပုံ အကြောင်းရင်းပါပဲ။ မွန်အမျိုးသားနေ့ ဖြစ်ပေါ်လာပုံ အကြောင်းရင်းကို ပြည်တွင်းက မွန်အမျိုးသားတိုင်းလိုလို ၊ မွန်ကလေးငယ်တိုင်းလိုလို အစမှအဆုံး၊ အခြေခံကအစ သိရှိနှင့်ပြီ ဖြစ်သော်လည်း မွန်အမျိုးသားနေ့ ဖြစ်ပေါ်လာပုံအား မေးလာသူ သမီးလေးနဲ့ ပြည်ပမှာ မြန်မာပြည် ဒီမိုကရေစီအရေးအတွက် ရုန်းကန်လှုပ်ရှားနေတဲ့ ဗမာတိုင်းရင်းသား မိတ်ဆွေတယောက်အား ဤစာအုပ်ကို သက်သေပြပြီး၊ အမှန်အတိုင်း ပြောပြခွင့်ရခဲ့တဲ့အတွက် စာအုပ် ရေးသားသူအား အထူးကျေးဇူးတင်မိပါတယ်။
“ မွန်အမျိုးသားတို့၏ နောက်ခံသမိုင်း” စာအုပ်ထဲက ဗမာပြည် လွတ်လပ်ရေး ရပြီးနောက် မွန်နဲ့ဗမာ ဆက်ဆံရေး၊ ကရင်နဲ့မွန် ဆက်ဆံရေးနဲ့ ၊ ဗမာနဲ့ကရင် ဆက်ဆံရေး အကြောင်းအရာများအား ပြီးပြည့်စုံလောက်အောင် လေ့လာခွင့် မရရှိခဲ့သော်ငြားလည်း အထိုက်အလျှောက် လေ့လာခွင့်တော့ ရရှိခဲ့ပါတယ်။
ကရင်တမျိုးသားလုံးရဲ့ အာဇာနည် သူရဲကောင်း၊ ဗမာအပါအဝင် အဖိနှိပ်ခံ တိုင်းရင်းသားအားလုံးတို့၏ စံပြတော်လှန်ရေးခေါင်းဆောင် စောဘဦးကြီး၏ အမျိူးသားရေးချစ်စိတ်၊ အမြော်အမြင်ကြီးမှု၊ ကိုယ်ကျိုးစွန့်မှုတို့အား အတုယူဖွယ် ကောင်းလှသလို၊ သစ္စာဖောက် ကရင်အမျိုးသားတစ်ယောက်ရဲ့ မိုက်မဲမှုကြောင့် ၁၉၅၀ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်နေ့တွင် ဗိုလ်စိန်လွင် ( ၁၉၈၈ လူထုအုံကြွမှုနဲ့အတူ သားသတ်သမားဟု နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သူ ) ၏ လက်ချက်ကြောင့် မသေသင့်ပဲ၊ သေခဲ့ရတဲ့ ကရင်အမျိုးသားတို့၏ အာဇာနည်သူရဲကောင်း စောဘဦးကြီး၏ အဖြစ်ကလည်း သံဝေဂရဖွယ် ကောင်းလှပါတယ်။
ထို့အတူ ဤစာအုပ်၏ မှတ်တမ်းအရ ဗမာတွေ အချင်းချင်းကြား အကွဲအပြဲ ဇာတ်လမ်းထဲမှာ အလိမ်ခံရသူ မွန်လူမျိုးတွေရဲ့ သမိုင်းဖြစ်ရပ်မှန်ကလည်း အထင်အရှားပါပဲ။ ဗမာအမျိုးသား နိုင်ငံရေး သန့်ရှင်းဖဆပလခေါင်းဆောင် ဦးနုရဲ့ လက်နက်နဲ့ ငြိမ်းချမ်းရေး အစီအစဉ်အရ….(၁၉၅၈) ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့မှာ မွန်ပြည်သူ့တပ်ဦးဥက္ကဌ နိုင်အောင်ထွန်း ဦးဆောင်၍ မွန်ပြည်သူ့တပ်ဖွဲ့ဝင် (၁၁၁၁) တိတိ လက်နက်အပ်နှံခဲ့ပါတယ်။
ထိုနောက်ပါလီမန် ဒီမိုကရေစီ တိုက်ပွဲအသွင်သို့ မွန်ပြည်သူ့တပ်ဦး ပြောင်းလာပြီးနောက် မွန်ပြည်သူ့တပ်ဦး၏ သေနင်္ဂဗျုဟာ ဖြစ်သော မွန်အမျိုးသား လွတ်မြောက်ရေးအတွက် အခြေခံမှ အဆင့်ဆင့် ကြိုးပမ်းခဲ့သော်လည်း ဝန်ကြီးချုပ် ဦးနု ဦးဆောင်သည့် ဖဆပလ အစိုးရ၏ နိုင်ငံရေး၊ ယဉ်ကျေးမှု စစ်မျက်နှာအောက်မှာ ဆုံးရှုံးခဲ့ရပါတယ်။
နိုင်အောင်ထွန်း အပါအဝင် မွန်အမျိုးသားခေါင်းဆောင်တစ်ချို့သည်သည် ဝန်ကြီးချုပ်ဦးနု ဦးဆောင်တဲ့ ပါလီမာန်ဒီမိုကရေစီအစိုးရလက်ထက်တွင် မွန်ပြည်နယ် ဖော်ထုတ်ရေးကို ဆောင်ရွက်နေစဉ် ၁၉၆၂ ခုနှစ်၊ မတ်လ (၂) ရက်နေ့တွင် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးနေဝင်းက တိုင်းပြည်အာဏာကို သိမ်းပိုက်ပြီး ပထစ ဝန်ကြီးတွေကို ဖမ်းဆီးရာမှာ နိုင်အောင်ထွန်းလည်း အဖမ်းခံခဲ့ရပါတယ်။
နိုင်အောင်ထွန်းသည်လည်း အဖမ်းဆီးခံရပြီးနောက် ပုံပြင်ဆန်ဆန် လုပ်ကြံခံခဲ့ရသည်ဟု ကျနော် ငယ်စဉ်အခါက တဆင့်စကားအရ ကြားသိခဲ့ရပါတယ် ( ဟုတ်မဟုတ်တော့ မသေချာပါ ) ။ မည်သို့ပင် ဖြစ်စေ (၁၉၅၈) ခုနှစ် မွန်ပြည်သူ့တပ်ဦးရဲ့ လက်နက်နဲ့ ငြိမ်းချမ်းရေး လဲလှယ်တဲ့ ကိစ္စနဲ့ ပတ်သက်၍ ယနေ့တိုင် မွန်နိုင်ငံရေးသမားများကြားမှာ ရေပန်းစားနေသော စကားလုံးတွေကတော့ “တခါအလိမ်ခံရတုန်းက သူ့ကို အပြစ်ပုံချလို့ ရပေမယ့် နောက်တခါထပ်ပြီး နှစ်ခါအလိမ်ခံရရင် သူ့အပြစ် မဟုတ်ဘဲ ကိုယ့်အပြစ်လို့သာ ပုံချပါတော့” ဆိုတာပါပဲ ။ ။