spot_img
Friday, January 23, 2026
More
    spot_img
    HomeCovid 19စစ်အာဏာသိမ်းကာလအတွင်း ခရီးသွားနှင့် ဆက်စပ်လုပ်ငန်းများ အထိအနာဆုံးဟု မွန်လုပ်ငန်းရှင်တစ်ဦးသုံးသပ်

    စစ်အာဏာသိမ်းကာလအတွင်း ခရီးသွားနှင့် ဆက်စပ်လုပ်ငန်းများ အထိအနာဆုံးဟု မွန်လုပ်ငန်းရှင်တစ်ဦးသုံးသပ်

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၁ အောက်တိုဘာ ၁၉)

    စစ်အာဏာသိမ်းမှုကြောင့် စီးပွားရေးထိခိုက်ကျဆင်းမှုတွင် မွန်ပြည်နယ်၏ ခရီးသွားလုပ်ငန်းအပါအဝင်ဟိုတယ်နှင့်ဆက်စပ်သောလုပ်ငန်းများ အထိအနာဆုံးဖြစ်သည်ဟု မွန်တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းတာဝန်ရှိသူတစ်ဦးက မွန်သတင်းအေဂျင်စီနှင့်အင်တာဗျူးတရပ်တွင် သုံးသပ်ခဲ့သည်။

    “အများဆုံးဒုက္ခရောက်တာကတော့ ခရီးသွားလုပ်ငန်းပေါ့နော်။ ခရီးသွားလုပ်ငန်းနဲ့ ဆက်စပ်တဲ့ စားသောက်ဆိုင်တွေ၊ ဟိုတယ်တွေကတော့ အဓိက အထိအနာဆုံးပေါ့လေ။ လုံးဝပျက်စီးသလောက် ဖြစ်နေတာပေါ့လေ။ မရပ်တည်နိုင်တဲ့အနေအထားတစ်ခုအထိကို ရောက်နေတယ်။ ကျန်တာအားလုံးကလည်း ထိပါတယ်။ ကောင်းသွားတာကတော့ မရှိသလောက်ပါဘဲ” ဟု မွန်တိုင်းရင်းသား လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

    ကိုဗစ်ကာလအကြပ်အတည်းဖြစ်နေချိန် နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် ငွေကြေးနှင့် ဘဏ်လုပ်ငန်းအပေါ် ယုံကြည်မှုကျဆင်းလာပြီး ရင်းနှီးမြှုပ်နှံမှုအသစ်များ မတိုးချဲ့နိုင်ဘဲ ဟိုတယ်လုပ်ငန်းများသည်လည်း လုပ်ငန်းပိတ်သိမ်းလုနီးပါး ဖြစ်ပေါ်လာရသည်ဟု၎င်းက ဆက်ပြောသည်။

    ဟော်တယ်လုပ်ငန်းများသည် ကိုဗစ်ကာလ ပထမလှိုင်း၊ ဒုတိယလှိုင်းနှင့် နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် ယခုအချိန်အထိ နလန်ပြန်မထူနိုင်ဖြစ်နေကြောင်း မွန်ပြည်နယ် ဟိုတယ်လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးချန်ထွန်းက ပြောသည်။

    ” ကိုဗစ်ပထမလှိုင်းကတည်းက အခုထိ လုံးဝကိုမကောင်းတာ။ အခုထိလဲ နလန်မထူနိုင်သေးဘူး။ ပြန်လည် ကောင်းမွန်လာဖို့ဆိုရင် အဓိက ဖြေလျော့မှုတွေ အတော်များများလုပ်ပေးဖို့လိုမယ်။ ဥပမာ ကာကွယ်ဆေးနှစ်ကြိမ်ကို မြန်မြန်နဲ့ များများထိုးပေးပြီး ကန့်သတ်ချက်တွေဖြေလျော့တာမျိုးပေါ့။ ပြီးတော့ မနက်ဖြန်ဆိုရင် သတင်းကျွတ်လပြည့်ရောက်ပြီ။ ဖြေလျော့မှုတွေလည်း တွေ့လာရတော့ မနက်ဖြန်နဲ့ သဘက်ခါကို ခရီးသွားတွေများဖို့ မျှော်လင့်ရတာပဲ” ဟု ဦးချန်ထွန်းက ဆိုသည်။

    မွန်ပြည်နယ်တွင် ဟိုတယ် ၄၄ ခု၊ မိုတယ်နှင့် အသေးစား ဧည့်ရိပ်သာ ၂၆ ခုရှိပြီး ကိုဗစ်ပထမလှိုင်းမှ ယခုအထိ ပိတ်သိမ်းခဲ့ရတာမျိုး မရှိသေးကြောင်း မွန်ပြည်နယ် ဟိုတယ်လုပ်ငန်းရှင်များအသင်းမှ သိရှိရသည်။

    အလားတူ စက်သုံးဆီဈေးမြင့်တက်လာမှုနှင့်အတူ ကုန်ပစ္စည်းပို့ဆောင်မှု နည်းပါးလာတာကြောင့် မွန်ပြည်နယ်အတွင်းမှ ကုန်တင်ယာဉ်အားလုံးနီးပါးရပ်နားထားရကြောင်း၊ တရုတ်ကုန်သွယ်ရေးဂိတ်များကို ကိုဗစ်ကြောင့်ပိတ်ဆို့ထားပြီး ပစ္စည်းတန်ဆာခဈေးတိုးမြှင့်ရန်မဖြစ်နိုင်သောကြောင့် ကုန်တင်ယာဥ်သွားလာမှုကို ယာယီရပ်နားထားရကြောင်း မွန်ပြည်နယ်ရှိ လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

    မွန်ပြည်နယ်အာဏာပိုင်များက လူမဲ့တန်ဆာပို့ဆောင်မှုကို စက်တင်ဘာလ ၂၄ ရက်နေ့ကစပြီး တင်းတင်းကြပ်ကြပ်ဆောင်ရွက်ရန်အမိန့်ထုတ်ခဲ့ပြီး စစ်ဆေးရေးဂိတ်များတွင် တန်ဆာပစ္စည်းများကို ဖောက်ဖွင့် စစ်ဆေးမှုများရှိနေသောကြောင့် အဆင်မပြေမှုများရှိနေကြောင်း ကုန်တင်ယာဉ်တစ်ခုမှ သိရသည်။

    ဘဏ်စနစ်အကျပ်အတည်း Bank Crisis ကြောင့် စီးပွားရေးလုပ်ကိုင်ရသည့်အပေါ်အခက်အခဲများစွာ ရှိနေကြောင်း၊ လုပ်ငန်းများ ပြန်လည် လည်ပတ်နိုင်ရန် အစိုးရအပေါ် ပြည်သူလူထု၏ယုံကြည်မှုရှိရန် အဓိကလိုအပ်ကြောင်း၊ ပြည်သူများ အစိုးရအပေါ် ယုံကြည်မှု မြင့်တက်လာပြီး ဘဏ်လုပ်ငန်းများ ပုံမှန်ပြန်လည် လည်ပတ်နိုင်သည့်အခါ စီးပွားရေးလုပ်ငန်းများ နလန်ထူလာနိုင်မည်ဟု မျှော်လင့်ကြောင်း  အဆိုပါမွန်လုပ်ငန်းရှင်အသင်းတာဝန်ရှိသူက ပြောသည်။

    အောက်တိုဘာလ ၂၀ ရက်နေ့တွင် ကျိုက်ထီးရိုးစေတီတောင်တော်ဖွင့်ပွဲ ကျင်းပမည်ဖြစ်ပြီး အဆိုပါပွဲများကြောင့် ခရီးသွားဦးရေ ပြန်လည်တိုးမြင့်လာရန် မွန်ပြည်နယ်ရှိ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းရှင်များ မျှော်လင့်လျက်ရှိသည်။




    Photo-မော်လမြိုင် သံလွင်ဟိုတယ် (Facebook)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts