Sunday, March 8, 2026
More
    spot_img
    HomeCovid 19ကမာဝက်မြို့ ကျိုက်တမော့ဘုရားပွဲတော်ကို ပျော်ပွဲရွှင်ပွဲမပါ ကျင်းပသွားမည်

    ကမာဝက်မြို့ ကျိုက်တမော့ဘုရားပွဲတော်ကို ပျော်ပွဲရွှင်ပွဲမပါ ကျင်းပသွားမည်

    -

    မွန်သတင်းအေဂျင်စီ (၁၈ အောက်တိုဘာ ၂၀၂၁)

    နှစ်စဉ်သီတင်းကျွတ်လပြည့်ကျော် ၆ ရက်နေ့မှစတင်၍ ကျင်းပမြဲဖြစ်သည့် ကမာဝက်မြို့ ကျိုက်တမော့ဆံတော်ရှင် ဗုဒ္ဓပူဇနိယပွဲတော်ကို ပျော်ပွဲရွှင်ပွဲနှင့် အကျွေးအမွေးများမပါဘဲ ၃ ရက်တိုင်တိုင် အကျဉ်းရုံး ကျင်းပသွားမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့မှ သိရသည်။

    ယခုနှစ်အစီအစဉ်တွင် ကျိုက်တမော့စေတီသို့ တောင်တက်ဖူးမျှော်ခြင်း၊  ဒေသစာရီ ဘုရားလှည့်လည်ခြင်း၊ ကျိုက်ဇယ်နှင့် ဓါတ်တော်ပေါင်းစုံဖူးမျှော်ခြင်းတို့ကို ကိုဗစ်စည်းကမ်းနှင့်အညီ ကြပ်မတ်၍ ကျင်းပသွားမည်ဖြစ်ကြောင်း ကျိုက်တမော့ဂေါပက ဥက္ကဌနိုင်အောင်ဗက ပြောသည်။

    “ ဒီနှစ်က ညမထွက်ရအမိန့်လည်းရှိနေသေးတော့ အစစအရာရာ သတိထားရမှာပေါ့ တောင်တက်ဘုရားဖူးတဲ့ မိဘပြည်သူတွေအနေနဲ့ လုံခြုံရေးအတွက် တောင်အောက်မှာ စစ်ဆေးခံပြီးတော့မှ ကားနဲ့ဖြစ်စေ ဆိုင်ကယ်နဲ့ဖြစ်စေ သွားပြီတော့ဖူးမျှော်နိုင်တယ်” ဟု ၎င်းကဆိုသည်။

    ကိုဗစ်ကပ်ရောဂါမဝင်ရောက်ခင်နှစ်များတွင် ကျိုက်တမော့ဘုရားပွဲကာလအတွင်း စတုဒိတာကျွေးမွေးခြင်း၊ ဇာတ်ပွဲ ၊ Stage Show ပွဲနှင့် အားကစားပွဲတို့ဖြင့်စည်ကားခဲ့ပြီး အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးဦးရေသိန်းနှင့်ချီ၍ လာရောက်ဆင်နွှဲလေ့ရှိကြောင်း သိရသည်။

    ကမာဝက်မြို့ခံ နိုင်ဗရန်က “ လုံးဝမကျင်းပရတာထက်စာရင် နည်းနည်းပါးပါးကျင်းပလိုက်ရတာက ကိုယ့်ရွာရဲ့ဘုရားပွဲဓလေ့ကို ထိန်းသိမ်းလိုက်ရတာပဲလေ အဲ့တော့ ကိုဗစ်ကာလမှာ ကိုဗစ်စည်းကမ်းနှင့်အညီ လာရောက်ဖူးမျှော်ကြမှာပါ” ဟု ပြောသည်။

    ကျိုက်တမော့စေတီသည် ကမာဝက်မြို့၏ အရှေ့ဘက် ၈ မိုင်ကျော်ရှိတောင်ထိပ်ပေါ်တည်ရှိပြီး နှစ်စဉ်နှစ်တိုင်း သီတင်းကျွတ်လပြည့်ကျော် ၆ ရက်နေ့မှ ၈ ရက်နေ့တို့တွင် ဘုရားပွဲကျင်းပပြုလုပ်လေ့ရှိပြီး မွန်တိုင်းရင်းသားတို့၏ ရိုးရာအထင်ကရစည်းကားသော ဘုရားပွဲတော်ကြီးလည်းဖြစ်သည်။

    အလားတူ မွန်ပြည်နယ်၏ အထင်ကရဘုရားပွဲတော်များဖြစ်သည့် ကျိုက်ထီးရိုးစေတီတော်နှင့် ကျိုက်ခမီရေလယ်ဘုရားပွဲတော်တို့ကိုလည်း ယခုသီတင်းကျွတ်လပြည့်နေ့မှစတင်၍ ကိုဗစ်စည်းကမ်းချက်များနှင့်အညီ အကျဉ်းရုံးကျင်းပသွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာဘုရားပွဲဂေါပကများထံမှ သိရသည်။ 

    ကျိုက်တမော့ဆံတော်ရှင် ဗုဒ္ဓပူဇနိယပွဲတော်

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks