Homeသတင်းWave money ဆိုင်များအား ၇ ရာခိုင်နှုန်းထိပေး၍ ငွေထုတ်နေရသည်မှာ ပြည်သူလူထုအဖို့ ကြီးမားသော နစ်နာဆုံးရှုံးမှုဟုဆို

Wave money ဆိုင်များအား ၇ ရာခိုင်နှုန်းထိပေး၍ ငွေထုတ်နေရသည်မှာ ပြည်သူလူထုအဖို့ ကြီးမားသော နစ်နာဆုံးရှုံးမှုဟုဆို

-


မွန်သတင်း အေဂျင်စီ (၂၀၂၁ အောက်တိုဘာ ၈)

ပြည်သူလူထုအနေဖြင့် Wave money၊ wavepay ဖြင့် ၅ ရာခိုင်နှုန်းမှ ၇ ရာခိုင်နှုန်းထိပေး၍ ငွေထုတ်ယူနေရသည်မှာ မဖြစ်သင့်သလို ကြီးမားစွာနစ်နာဆုံးရှုံးစေသဖြင့် သက်ဆိုင်ရာအာဏာပိုင်များ ထိန်းကြောင်းပေးဖို့ လိုအပ်ကြောင်း မွန်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။  

“အရင်ကဆို ၁၀ ရာခိုင်ထိနှုန်းပေးခဲ့ရတယ် တစ်သိန်းဆို တစ်သောင်းပေါ့။ အကြပ်အတည်းကာလမှာ ခဏပဲဆိုပြီး ထားလိုက်ပါတော့၊ အခုဟာက တစ်ချို့ဆိုင်တွေက ၅ ရာခိုင်နှုန်း၊ တစ်ချို့ကျတော့ ၇ ရာခိုင်နှုန်း အဲလို ပေးနေရတုန်းပဲ။ ငွေများလေ ပေးရတာတွေက အထိနာလေပဲ၊ ငွေလွှဲဌာနတွေ မတရားလုပ်ကိုင်နေပုံကို အာဏာပိုင်တွေက သူတို့နဲ့မဆိုင်သလို လုပ်နေကြတယ်”ဟု ၎င်းက ပြောသည်။

Wave money၊ wavepay ဆိုင်များ၌  ငွေထုတ် ငွေလွှဲရာတွင် ယခင်သတ်မှတ်ထားသည့် ပုံမှန်နှုန်းထားအတိုင်းသာ အဆင်ပြေနိုင်မည် ဖြစ်ကြောင်း၊ ငွေလက်ခံသူမှ ရာခိုင်နှုန်း သတ်မှတ်ချက်ပါ ထပ်မံပေးဆောင်နေရသည်မှာ လိုင်စင်ရ မတရားအမြတ်ကြီးစားလုပ်ငန်းများကို ခွင့်ပြုပေးထားသလိုဆိုနိုင်ကြောင်း ၄င်းကဆက်ပြောသည်။

“ရန်ကုန်က ငွေ ၅ သိန်းလွှဲလာတယ်၊ ဟိုမှာလွှဲခလည်းပေးခဲ့ပြီးပြီ၊ ဒီမှာထုတ်တာ ၂ သောင်းခွဲ နုတ်ပေးလိုက်ရတယ်၊ တော်တော်လေးနစ်နာပါတယ်၊ တရားလွန်လွန်းနေကြပြီ၊ ဒါသက်သက်ကို ခေါင်းပုံဖြတ် အမြတ်ကြီးစားတာပဲ” ဟု ရေးမြို့မှ လူငယ်အမျိုးသမီးတစ်ဦးက ဆိုသည်။

အလားတူ Kpay ငွေထုတ်ရာတွင်လည်း ရာခိုင်နှုန်း ၅ရာခိုင်နှုန်းပေးကာ ငွေထုတ်ယူနေရကြောင်း၊ Wave money၊ wavepay ဆိုင်များမှာသာမက online ပေါ်တွင် ရာခိုင်နှုန်းဖြင့် ငွေထုတ်ပေးသူများလည်း ရှိလာကြောင်း သိရသည်။

မော်လမြိုင်မြို့မှ Online Shopping လုပ်ကိုင်နေသူ တစ်ဦးက “အစ်မဆို wave ၊ kpay နဲ့ပဲ အလုပ်လုပ်တယ်။ ရာခိုင်နှုန်းခကို အစ်မက မယူတော့ အစ်မ ပိုက်ဆံပြန်ထုတ်ရင် ရာခိုင်နှုန်းခက ပိုကျနေတယ်။ ငွေလွှဲရင်လည်း နည်းရင်တော်သေးတယ် ငွေပမာဏများရင် အစ်မတို့အတွက်က ရာခိုင်နှုန်းခနဲ့ပါဆို တော်တော်ထိတယ်”ဟု  ပြောသည်။

သို့ရာတွင် တစ်ချို့ Wave money ဆိုင်များသည် ငွေငါးသောင်းကျပ်အထိ ငွေလွှဲငွေထုတ်ခ ပေးစရာမလိုဘဲ ထုတ်ခွင့်ရသော်လည်း ငါးသောင်းကျော်ပါက ၅ ရာခိုင်နှုန်း ပေးကာ ထုတ်နေရကြောင်း ၄င်းကဆက်ပြောသည်။

၂၀၁၆ ခုနှစ် အောက်တိုဘာလဆန်းက မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ မိုဘိုင်းလ်ငွေရေးကြေးရေးဝန်ဆောင်မှု တရားဝင်လုပ်ငန်းစတင်ချိန်တွင် မြန်မာနိုင်ငံတစ်ဝန်း ကိုယ်စားလှယ်ဆိုင်ခွဲပေါင်း ၄၀၀၀ ခန့် ဖြန့်ကျက်ထားခဲ့ရာ လက်ရှိတွင် ကိုယ်စားလှယ်ဆိုင်ခွဲပေါင်း၂၃,၀၀၀ ကျော်ရှိပြီး ငွေလွှဲခြင်းကို အဓိကဝန်ဆောင်မှုပေးသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဘဏ်များတွင်ငွေကြေးလည်ပတ်မှုရပ်တန့်ခဲ့ရာမှ ငွေထုတ်ငွေလွှဲလုပ်ငန်းများတွင် မူလနှုန်းထားကိုကျော်လွန်ပြီး ရာခိုင်နှုန်းသတ်မှတ်၍ တရားဝင်ခွင့်ပြုချက်ရရှိထားသကဲ့သို့ ဝန်ဆောင်မှုလုပ်ငန်းများကို ပေါ်ပေါ်ထင်ထင် လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts