Homeငြိမ်းချမ်းရေးငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် နိုင်ငံရေးပါတီများ မနက်ဖန်တွေ့ဆုံဆွေးနွေးမည်

ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် နိုင်ငံရေးပါတီများ မနက်ဖန်တွေ့ဆုံဆွေးနွေးမည်

-

မွန်သတင်းအေဂျင်စီ (၂၀၂၁ အောက်တိုဘာ ၈)

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် နိုင်ငံရေးပါတီအစုအဖွဲ့များ မနက်ဖန်အောက်တိုဘာ ၉ ရက်နေ့တွင် နေပြည်တော်၌ တွေ့ဆုံ၍ ဆွေးနွေးကြမည်ဟု သတင်းရရှိသည်။

ယင်း တွေ့ဆုံမှုသည် ရပ်တန့်နေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပြန်လည် ဖော်ဆောင်နိုင်ရေးနှင့် ရှေ့ဆက်နိုင်ရေးကို အဓိက ဆွေးနွေးကြမည်ဟု ဆိုသည်။

ပအိုဝ့်အမျိုးသားအဖွဲ့ချုပ်မှ အတွင်းရေးမှူး-၂ ဦးခွန်ထွန်းရွှေက “ငြိမ်းချမ်းရေးဖြစ်စဉ်က ဆွေးနွေးပွဲ မလုပ်တာကြာပြီဆိုတော့ အခုက ပဏာမ နုတ်ဆက်တာလောက်ပဲ ရှိဦးမယ်ထင်တယ်။ ကျနော့်အမြင်ပေါ့နော်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲ မလုပ်တာလည်း နှစ်နဲ့ချီရှိပြီထင်တယ်။ တော်တော်ကြာသွားပြီ။ အဲကိုဗစ် ကတည်းကလေ” ဟု ပြောသည်။

အဓိကအားဖြင့် ငြိမ်းချမ်းရေးနည်းလမ်းတွေ ပြန်စကြရန် နည်းလမ်းများ အရင်ဆွေးနွေးကြမည်ဟု ဦးခွန်ထွန်းရွှေက ပြောသည်။

၎င်း တွေ့ဆုံဆွေးနွေးပွဲသို့ မွန်ညီညွတ်ရေးပါတီ (MUP) တက်ရောက်ဆွေးနွေးခြင်း ရှိ၊ မရှိ သိရှိနိုင်ရန် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရပေ။

သို့ရာတွင် ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ KNDP ကို ဆွေးနွေးပွဲ တက်ရောက်ရန် ဖိတ်ကြားခြင်း မရှိကြောင်း  ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ KNDP ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက ပြောသည်။

“ကျနော်တို့ ပါတီကိုတော့ ဖိတ်ထားတာ မရှိဘူးလေ။ ဖိတ်မယ်ဆို သူတို့ ပြောမှာပေါ့။ မရှိဘူး။ ဟိုကလည်း မခေါ်လာဘူးလေ။ စာနဲ့ရော၊ ကြေးနန်းနဲ့ရော၊ တယ်လီဖုန်းနဲ့ရော ဘာမှ မလာဘူးလေ” ဟု ပြောသည်။

ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(SNDP)၊ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ)၊ ရှမ်းနီအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ရခိုင်အမျိုးသားပါတီ(ANP) အပါအဝင် တခြားသော နိုင်ငံရေးပါတီများကိုလည်း ဖိတ်ကြားထားသည်ဟု သိရသည်။

ဒုတိယဗိုလ်ချုပ်မှူးကြီး ရာပြည့် ဦးဆောင်သည့် NSPNC နှင့် NCA လက်မှတ်ရေးထိုးထားသည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (ငြိမ်းချမ်းရေးကောင်စီ) KNU/KNLA (PC)နှင့် မွန်ပြည်သစ်ပါတီ (NMSP) တို့သည်လည်း နေပြည်တော်တွင် နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ဖြစ်သည်။

ကိုဗစ် – ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်၊ ကုသ‌ရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရေးနှင့် ထာဝရ ငြိမ်းချမ်း ရေး ရရှိရေးအတွက် သော်လည်းကောင်း၊ မကြာမီကျရောက်မည့် ၇၅ နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုသော အားဖြင့် (၅)လကြာ စစ်ရေးလှုပ်ရှားမှုများရပ်စဲကြောင်း တပ်မတော်က စက်တင်ဘာ ၂၇ ရက်တွင် ကြေညာခဲ့သည်။

Photo- အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts