မွန်သတင်းအေဂျင်စီ(၂၀၂၁ အောက်တိုဘာ ၁)
မွန်ပြည်နယ်အတွင်း Stay at Home သတ်မှတ်ထားခြင်းမရှိသည့် မြိုနယ် စည်ပင်သာယာဈေးများကို ယနေ့ (အောက်တိုဘာ ၁ ရက်) မှစတင်ကာ ပြန်လည်ဖွင့်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ပြည်နယ်စည်ပင်သာယာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်ကိုကိုက ပြောသည်။
မွန်ပြည်နယ်တွင် မော်လမြိုင်၊ သံဖြူဇရပ်၊ သထုံ၊ ဘီးလင်း ၊ ပေါင် နှင့် ချောင်းဆုံမြိုနယ်တို့ကို Stay at Home အဖြစ် သတ်မှတ်ထားကြောင်း၊ သို့ရာတွင် Stay at Home မသတ်မှတ်ထားသည့် မြိုနယ်စည်ပင်သာယာဈေးများကိုသာ ဖြေလျော့ ပေးနိုင်ရန် အထက်သို့ တင်ပြထားပြီး ပြန်ဖွင့်ခွင့်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ မွန်ပြည်နယ်ထဲမှာ Stay at Home မသတ်မှတ်ထားတဲ့ မြိုနယ်တွေပေါ့။ အခုပထမအဆင့်အနေနဲ့ ကျိုက်ထိုကို စပေးလိုက်ပြီ။ မွန်ပြည်နယ်ထဲမှာ Stay at Home က ၆ မြိုနယ်သွားပါနေတော့အဲဒီဟာကို ၆ မြို့နယ်က သထုံနဲ့ ပေါင်တင်တာရှိတယ် ဈေးဖွင့်ခွင့်တောင်းတာ။ အဲဒါတွေကိုတော့ လောလောဆယ် မပေးသေးဘူး”ဟု ဦးတင်ကိုကိုက ပြောသည်။
Stay at Home မြိုနယ်အဖြစ်က ပယ်ဖျက်ပြီးမှသာ ဖြေလျော့ပေးနိုင်မည့် အခြေအနေဖြစ်သောကြောင့် ပြည်နယ်ကျန်းမာရေးဦးစီးဌာန နှင့် ညှိနှိုင်း ဆောင်ရွက်နေကြောင်း၊ ပြန်ဖွင့်ခွင့်ပြုခဲ့သော ဈေးများတွင်လည်း ရောင်းသူ၊ ဝယ်သူများသည် ကျန်းမာရေးဌာနက သတ်မှတ်ထားသော ကိုဗစ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာရမည်ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။
ယင်းသို့ ဈေးပြန်ဖွင့်ခွင့်ပေးသည့်အတွက် ဆိုင်ခန်းများ ပြန်ဖွင့်လှစ်ရန် ပြင်ဆင်နေကြပြီဖြစ်ကြောင်း မုဒုံမြို့မ ရွှေဟင်္သာ ဈေးမှ ဆိုင်ရှင်တစ်ဦးက ပြောသည်။
“ဈေးပြန်ဖွင့်ပေးမယ်လို့ကြားတယ်။ ဒီနေ့လို့တော့ မသိဘူး။ ဒီမနက်ကျမှ ဈေးရှေ့မှာ ဆိုင်းဘုတ်ကြီးထောင်ပြီး ရေးထားလို့တွေ့တာ။ အရမ်းဝမ်းသာတယ်ပေါ့နော်။ အလုပ်တွေပြန်ရ စားဝတ်နေရေးတွေ အဆင်ပြေတာပေါ့”ဟု ၎င်းက ပြောသည်။
ကိုဗစ်တတိယလှိုင်းမြင့်တက်လာသည့်ကာလတွင် ပြည်နယ်တဝန်းရှိ စည်ပင်သာယာဈေးများ၌ အခြေခံစားသောက်ကုန်ဆိုင်များသာ ဖွင့်ခွင့်ပေးထားပြီး ရွှေ၊ အဝတ်အထည်၊ အိမ်ဆောက်ပစ္စည်းနှင့် ကျန်သည့်ဆိုင်များကို ဇူလိုင် ၅ ရက်နေ့မှ စတင်ပိတ်ထားခဲ့ရကြောင်း သိရသည်။