မွန်သတင်းအေဂျင်စီ (၂၀၂၁ စက်တင်ဘာ ၂၇)
လုပ်ကြံခံသေဆုံးခဲ့ရသည့် ဘီးလင်းမြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီဥက္ကဌ၏ ယောက်ဖတော်စပ်သူ ဦးသန်းဝင်းထွန်း ယနေ့ (စက်တင်ဘာလ ၂၇ ရက်) နံနက်ပိုင်းတွင် သေနတ်ဖြင့် ထပ်မံလုပ်ကြံခံရပြီး သေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။
“သူ့အိမ်ရှေ့လမ်းထိပ်မှာရပ်နေတုန်းအပစ်ခံလိုက်ရတာ။ အရင်က သူ့ ယောက်ဖ လုပ်ကြံခံရတယ်။ ၄ လအတိမှာ သူလည်း ထပ်လုပ်ကြံခံရတယ်။”ဟု ဒေသခံတစ်ဦးက ဆိုသည်။
ဘီးလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးမြင့်ဆွေသည်လည်း ပြီးခဲ့သည့်မေလ ၂၇ ရက်နေ့က အလူးလေးကျေးရွာရှိ ကြက်မောက်ခြံသို့ သွားရာလမ်းခရီးတွင် သေနတ်ဖြင့် လုပ်ကြံခံရပြီးနောက် ၄ လအတိမှာ ၎င်း၏ ယောက်ဖဖြစ်သူ ဦးသန်းဝင်းထွန်း ထပ်မံလုပ်ကြံခံရပြီး သေဆုံးခဲ့ခြင်းဖြစ်သည်။
ဦးသန်းဝင်းထွန်းကို အမည်မသိလူတစ်စုကလာရောက်ပစ်ခတ်ခဲ့ပြီး ဆေးရုံသို့ပို့ဆောင်နေစဥ် သေဆုံးခဲ့ကြောင်း စုံစမ်းသိရှိရသည်။
အလားတူ ပြည်သူ့အကျိုးပြုကျောင်းသားများပါတီမှ မွန်ပြည်နယ်ဥက္ကဋ္ဌ ဖြစ်သူ ဦးတိုးနိုင် (ခ) ဦးရန်ရှင်းသည်လည်း စက်တင်ဘာ ၁၆ ရက် ညနေပိုင်းက ကျိုက်ထိုမြို့တွင် သေနတ်ဖြင့် ပစ်သတ်ခံရပြီး သေဆုံးခဲ့ရသည်။
ဖေဖော်ဝါရီက စစ်အာဏာသိမ်းမှုဖြစ်စဥ်အပြီး မွန်ပြည်နယ်အတွင်း ဘီးလင်း၊ ကျိုက်ထို၊ သထုံနှင့် ရေးမြို့နယ်တို့တွင် ပြည်ခိုင်ဖြိုးပါဝတီဝင်များ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူးများ ဆက်တိုက်လုပ်ကြံခံနေရကြောင်း သတင်းများက ဖော်ပြနေသည်။
