spot_img
Thursday, May 23, 2024
More
    spot_img
    Homeငြိမ်းချမ်းရေးတော်လှန်ရဲမှ လွတ်လပ်မည်

    တော်လှန်ရဲမှ လွတ်လပ်မည်

    -

    နိုင်ကဆုမွန် (နာဲကသုမန်)

    (၇၄ ကြိမ်မြောက် မွန်အမျိုးသားတော်လှန်ရေးနေ့ ဂုဏ်ပြုဆောင်းပါး)

    ယခုနှစ် ဝါခေါင်လပြည့်နေ့တွင် ကျရောက်သည့် (၇၄) ကြိမ်မြောက် မွန်အမျိုးသားတော်လှန်ရေးနေ့အတွက် မွန်လူငယ်များ ပေးအပ်ထားသည့် ကြွေးကြော်သံကား ‘တော်လှန်ရဲမှ လွတ်လပ်မည်’ ဟူတည်း။ လွန်ခဲ့သည့် နှစ်ပေါင်း (၇၄) ကဆိုလျှင် မွန်လူမျိုးတို့ ၏ လက်နက်ကိုင်တော်လှန်ရေးကို နိုင်ငံရေးသမားတွေမှ စတင်ခဲ့ခြင်း၊ သတ္တိပြောင်မြောက်သည့် ၁၉၄၈ ခုနှစ် မွန်လူငယ် Generation Y-Z များမှ ဂျိုင်းမြစ်ရိုးတလျှောက်တွင် ရှိသော မွန်ကျေးရွာများရှိ ပြည်သူ့ စစ်များ၏ လက်နက်များကို လုယူကာ တော်လှန်ရေးကို စတင်ခဲ့ပေသည်။

    မွန်လူငယ်များ Generation Y-Z များကို မွန်ရပ်ရွာများတွင် မွန်ဘာသာဖြင့် ‘စမွတ်’ (သူတ်) ဟု ခေါ်သည်။ ဟိုတုန်းဆိုလျှင် ဗမာ/ မြန်မာစစ်တပ်မှ မွန်ကျေးရွာများတွင် မွန်သူပုန်တွေကို ရှာဖွေသည့်အခါ ‘စမွတ်တွေ ဘယ်မှာလဲ’ မေးတတ်သည်။ ဗမာစကားကို ရေရေလည်လည် မပြောတတ်သော မွန်ရွာသားတွေက ဗမာစစ်သားများ၏ "မမေး (ခင်) သုံးချက်၊ မေးပြီး သုံးချက်" စသည်အားဖြင့် သေနတ်ဒင်ဖြင့်လည်းကောင်း စစ်ဖိနပ်ဖြင့်လည်းကောင်း ထုထောင်းခြင်း ခံရသေးသည်။ မွန်ရပ်ရွာများတွင် နှစ်စဉ် ဘုရားပွဲဖြစ်သည့်အခါ ဗမာစစ်သားများအတွက် ပေါ်တာ ဖမ်းဖို့ အကောင်းဆုံး ဖြစ်သည်ကို သတိရသေးသည်။

    မွန်လူမျိုးတို့ အနေဖြင့် နှစ်ပေါင်း (၇၄) ကြာကာလတွင် မွန်လူငယ်များ ဦးဆောင်ပုန်ကန်သော်လည်း နောက်ပိုင်းတွင် မွန်နိုင်ငံရေးသမားများမှ လက်နက်ကိုင်တော်လှန်ရေးကို ဦးဆောင်ကာ မွန်ပြည်သူ့ တပ်ဦးမှ (၁၉၄၈) ခုနှစ်မှ (၁၉၅၈) ခုနှစ်အထိ (၁၀) နှစ်တာ ကာလတွင်လည်းကောင်း၊ ယခု မွန်ပြည်သစ်မှ (၁၉၅၈) ခုနှစ်မှ ယခုအထိ မွန်တော်လှန်ရေးကို ဦးဆောင်ခဲ့ပြီး၊ မွန်လူမျိုးများအတွက် အမျိုးသားလွတ်မြောက်ရေး (Liberation)၊ အမျိုးသားတန်းတူရေး (Racial Equality)၊ ကိုယ်ပိုင်ပြဌာန်းခွင့် (Rights to Self-determination) နှင့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး (Establishment of Federal Union) တို့ အတွက် အခြားသောတိုင်းရင်းသားညီကိုမောင်နှစ်မများနှင့် အတူ ဆက်လက်တိုက်ပွဲ ဝင်ဆဲဖြစ်သည်။

    (၇၄) နှစ်ကာလအတွင်း မိမိတို့ ၏ အသက် သွေး ချွေး အား ပေးဆပ်ခဲ့သည့် ထောင်ပေါင်းများစွာသော မွန်တော်လှန်ရေးသမားများနှင့် မွန်ပြည်သူတို့ အား အလေးအနက် ဂါရဝပြုအပ်ပါသည်။

    +++++++++

    အရှေ့တောင်အာရှတွင် လွန်ခဲ့သည့် ထောင်စုနှစ်များက လက်ရှိမြန်မာပြည်အောက်ပိုင်းတွင် ရာမညဟု အမည်ထွင်သည့် လွတ်လပ်သည့် တိုင်းနိုင်ငံများ (ဒွာရာဝတီ၊ ဟံသာဝတီ၊ သုဓမ္မာဝတ႘ – သထုံ၊ ဒဂုံ စသည့်အားဖြင့်) ထူထောင်ခဲ့သည့် မွန်လူမျိုးများသည် သမိုင်းနှင့် ယဉ်ကျေးမှု အစဉ်အလာကြီးမားသော လူမျိုးဖြစ်သည်။ နောက်ဆုံး မွန်တို့ ၏ ဟံသာဝတီတိုင်းနိုင်ငံကို ခရစ်သက္ကရာဇ် (၁၇၅၇) ခုနှစ်တွင် အလောင်းဘုရားဦးအောင်ဇေယျမှ တိုက်ခိုက်သိမ်းပိုက်ကာ ဟံသာဝတီ (ပဲခူး) တွင် မွန်လူမျိုးတို့ အား မျိုးတုန်းသတ်ဖြတ် (Genocide) ခဲ့ပြီး ဗမာဘုရင်တို့ ၏ တတိယဗမာနိုင်ငံအင်ပါယာအတွင်းသို့ သွတ်သွင်းခြင်း ခံရသည်။ ၎င်းနောက် အင်္ဂလိပ်နယ်ချဲ့ လက်အောက်သို့ အခြားသောတိုင်းရင်းသားများနှင့်အတူ ထပ်မံရောက်ရှိခဲ့သည်။

    (၁၉၄၈) ခုနှစ်တွင် မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိခဲ့ပေသည်။ သို့ သော် ထိုလွတ်လပ်ရေးကား လူအများစုဖြစ်သည့် ဗမာလူမျိုး၊ ပင်မဗမာနိုင်ငံရေးအဖွဲ့ အစည်းနှင့် ဗမာ့တပ်မတော်တို့ အတွက် လွတ်လပ်ရေး သာ ဖြစ်သည်။ အခြားလူမျိုးအတွက်သာ မဟုတ်ပေ။ (၁၉၄၇) ပင်လုံစာချုပ်အရ တောင်ပေါ်ရှိ လူမျိုးများအတွက် ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်ရေး ရရှိသော်လည်း၊ ဗမာလူမျိုးများနှင့် မြေပြန့် တွင် အတူရှိနေသည့် သမိုင်းအစဉ်လာရှိပြီး လူဦးရေ အတော်တန်ရှိသော မွန်၊ ကရင်နှင့် ရခိုင်လူမျိုးများအတွက် ပြည်နယ်အခွင့်ရေး မရရှိခဲ့ပေ။

    ထို့ ကြောင့် ၁၉၄၈ ခုနှစ်တွင် ကရင်၊ မွန်နှင့် ပအိုဝ်းလူမျိုးတို့ မှ လက်နက်ကိုင်တော်လှန်ရေးကို စတင်ဆင်နွဲခဲ့သည်။ အင်္ဂလိပ်အစိုးရလက်ထက်တွင် လက်နက်ကိုင်တပ် မရှိခဲ့သော မွန်လူမျိုးတို့ မှာ စစ်ရေးအတွေ့ အကြုံ မရှိခဲ့ပေ။ သို့ရာတွင် မွန်လူငယ်များ အရဲစွန့် ပြီး လက်နက်ကိုင် တိုက်ပွဲကို စတင်ဆင်နွဲခဲ့ပေသည်။ ထိုအချိန်တွင်ကား မွန်အမျိုးသားအခွင့်ရေးနှင့် ပြည်နယ်ရရှိရေးအတွက် လှုပ်ရှားသည့် မွန်ခေါင်းဆောင်တချို့ ကား ထောင်သွင်းအကျဉ်းချခြင်း ခံရသည့်အပြင် အချို့ကား လုပ်ကြံသတ်ဖြတ်ခြင်း ခံရသည်။

    +++++++

    မွန်လက်နက်ကိုင်တော်လှန်ရေးကား (၂) ပိုင်း ရှိသည်။ ၁၉၄၈ ခုနှစ်တွင် မွန်လူငယ်များ တော်လှန်ရေး စတင်သော်လည်း မွန်အမျိုးသားခေါင်းဆောင်တို့ မှ တော်လှန်ရေးအင်အားစုတို့ မှ စုစည်းခဲ့ပြီး မွန်ပြည်သူ့တပ်ဦးပါတီ၏ နိုင်ငံရေးဦးဆောင်မှုတွင် တော်လှန်ရေးကို (၁၀) နှစ်တာ ဆင်နွဲခဲ့သည်။ သို့ ရာတွင် ထိုစဉ်တုန်းက ဦးနု၏ ဒီမိုကရေစီနှင့် လက်နက်လဲလှယ်ရေး ခေါ်ယူမှုကြောင့် မွန်ပြည်သူ့ တပ်ဦးမှ (၁၉၅၈) ခုနှစ် ဇူလိုင်လတွင် လက်နက် (၁၁၁၁) လက်အား ဗမာ့တပ်မတော်သို့ အပ်နှင်းကာ ပထမပိုင်း တော်လှန်ရေးတခန်းကို အဆုံးသတ်ခဲ့သည်။

    သိုရာတွင် တော်လှန်ရေးနယ်မြေတွင် ကျန်ရှိနေသည့် မွန်ပြည်သူ့ တပ်ဦးမှ ဗဟိုအလုပ်အမှုဆောင်ကော်မီ်တီတခု ဖြစ်သူ နိုင်ရွှေကျင်မှ မွန်ပြည်သစ်ပါတီကို ထူထောင်ကာ လူတဦး အလံတလက်ဖြင့် မွန်တော်လှန်ရေး အဆက်မပြတ်သွားရန် ထိန်းသိမ်းခဲ့သည်။ ၁၉၆၂ ခုနှစ် ဗိုလ်ချူပ်နေဝင်းမှ အာဏာသိမ်းလိုက်သည့်အခါ ယခင် တော်လှန်ရေးသမားများမှ မွန်ပြည်သစ်ပါတီသို့ ပြန်လည်ရောက်ရှိပြီး မွန်ပြည်သစ်ပါတီဥက္ကဌ နိုင်ရွှေကျင်နှင့် အတူ တော်လှန်ရေးကို အင်အားဖြည့်နိုင်ခဲ့ပေသည်။ ကွယ်လွန်လေပြီးသော မွန်ခေါင်းဆောင်များ (မွန်ပြည်သစ်ပါတီ ဥက္ကဌဟောင်းများ) ဖြစ်သည့် နိုင်နလ္လာ၊ နိုင်ထင်တို့ မှာ ဟိုးတုန်းကတည်းက မွန်ပြည်သစ်ပါတီကို အားဖြည့်ခဲ့ပေသည်။

    (၁၉၇၀) နောက်ပိုင်းတွင် တော်လှန်ရေးမျိုးဆက်သစ် လူငယ်များ အထူးသဖြင့် မွန်အထက်တန်းကျောင်းသားများ၊ မွန်တက္ကသိုလ်/ကောလိပ်ကျောင်းသားများနှင့် မွန်ရဟန်းပျိုးများမှ မွန်ပြည်သစ်ပါတီသို့ အားဖြည့်ခဲ့သည်။ ၎င်းတို့ ထဲတွင် နိုင်ရဿ၊ နိုင်ထဝ်မန်နှင့် နာဲဟံသာတို့ မှာ ထင်ရှားသည့် ခေါင်းဆောင်များ ဖြစ်သည်။ ပညာတတ်များ ရှိလာသည့် မွန်ပြည်သစ်ပါတီသည် မိမိတို့ အုပ်ချုပ်ရေးယန္တယားအား ၎င်းတု့ိထိန်းချုပ်ဒေသအနှံ့ တွင် ချမှတ်ခဲ့ပြီး မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (MNLA) ကိုလည်း စနစ်တကျ ထူထောင်ခဲ့သည်။

    ထို့ ကြောင့် မွန်ပြည်သစ်ပါတီ သြဇာညောင်းရာ နယ်မြေများတွင် ကျေးရွာ၊ မြို့နယ်နှင့် ခရိုင်အဆင့်ဆင့် အုပ်ချုပ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် ပညာရေးဝန်ဆောင်မှု ကျန်းမာရေး ဝန်ဆောင်မှု တရားဥပဒေစိုးမိုးရေး လုပ်ငန်းများကို ဆောင်ရွက်ပေးနိုင်ခဲ့ပေသည်။ မွန်အမျိုးသားစာသင်ကျောင်း အများအပြားကိုလည်း ထူထောင်ပေးနိုင်ခဲ့သည်။ သို့ ရာတွင် (၁၉၈၀) နောက်ပိုင်းတွင် ဗမာ့တပ်မတော်မှ ဖြတ် (၄) ဖြတ် မဟာဗျူဟာဖြင့် မွန်တော်လှန်ရေးအား အင်အားချိနဲ့ အောင် ဆောင်ရွက်ခဲ့သည်။ မွန်ကျေးရွာ အများအပြား မီးရှို့ခြင်း ခံရသည့်အပြင် မွန်ပြည်သူတို့ မှာလည်း ဒုက္ခရောက်ကြရသည်။ (၁၉၈၈) ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကာလတွင်လည်း မွန်လူငယ်/ ကျောင်းသားများ မွန်ပြည်သစ်ပါတီသို့ အင်အားဖြည့်တင်း ခဲ့ပေသည်။

    ၁၉၉၅ ခုနှစ်တွင် မွန်ပြည်သစ်ပါတီသည် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်လမ်းအရ ဖြေရှင်းရန် ဆိုကာ နဝတစစ်အစိုးရနှင့် အပစ်ခတ်ရပ်စဲသဘောတူညီချက် ရရှိခဲ့သည်။ သို့ ရာတွင် မည်သည့်နိုင်ငံဆွေးနွေး အဖြေရှာမှု မလုပ်နိုင်ပေ။ ၂၀၁၂ ခုနှစ် သမတဦးသိန်းစိန် အစိုးရလက်ထက်တွင် ပြည်နယ်အဆင့် အပစ်ခတ်ရပ်စဲရေး သဘောတူညီချက် ရယူကာ၊ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် တနိုင်လုံးအပစ်အခတ်ရပ်စဲရေးသဘောတူညီစာချုပ် (NCA) အား လက်မှတ်ရေးထိုးခဲ့သည်။ ၎င်းနောက် ၂၁ ရာစုပင်လုံငြိမ်းချမ်းညီလာခံတွင် ပါဝင်ကာ နိုင်ငံရေးပြဿနာအား နိုင်ငံရေးအရ အဖြေရှာရန် ကြိုးပမ်းခဲ့သည်။

    ++++++++++++++++++

    အပစ်အခတ်ရပ်စဲမှုတွင် မွန်တော်လှန်ရေးအတွက် အားနည်းချက်များ အားသားချက်များ ပြိုင်တူရှိနေပေသည်။ မွန်ပြည်သစ်ပါတီမှ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရယူပြီးနောက်ပိုင်းတွင် စိုးမိုးနယ်မြေများစွာ ဆုံးရှုံးရသည်။ ၎င်းတို့ ၏ ယခင်စစ်ရေးလှုပ်ရှားနေရာတွင် ဗမာ့တပ်မတော်မှ ဝင်ရောက်နေရာယူပြီး ယခင်က စစ်အစိုးရ/ အရပ်သားအစိုးရတို့ အုပ်ချုပ်ရေး ယန္တယား ပိုမိုကျယ်ပြန့် ခိုင်ခန့် လာအောင် ဆောင်ရွက်ခဲ့သည်။ မွန်လူမျိုးတို့ ၏ မြေယာ သံယံဇာတများကို လုယက်ရယူသည်။ ဤကား အားနည်းချက်များ ဖြစ်သည်။

    သို့ ရာတွင် အပစ်အခတ်သဘောတူညီချက်ကြောင့် မွန်ပြည်သူများအနေဖြင့် အေးချမ်းစွာ မိမိတို့ လယ်ယာလုပ်ငန်း ခြံလုပ်ငန်းများအား အေးအေးဆေးဆေး လုပ်ပိုင်ခွင့် ရရှိခဲ့သည်။ ဘာသာ သာသနာ စာပေ/ ယဉ်ကျေးမှု ထိန်းထိမ်းရေးလုပ်ငန်းတု့ိ အား ကောင်းမွန်စွာ လုပ်ဆောင်နိုင်သည်။ မွန်အမျိုးသားနေ့ များကို လွတ်လွတ်လပ်လပ် ကျင်းပနိုင်ပြီ ဖြစ်သည်။ ဤကား အားသာချက်များဟု ဆိုနိုင်ပေသည်။

    ယနေ့ မွန်လူမျိုးတို့ အနည်းအကျဉ်းရရှိထားသည့် အခွင့်ရေးကား စီးပွားရေး၊ လူမူရေးနှင့် ယဉ်ကျေးမှု အခွင့်ရေး အနည်းငယ်သာ ရှိသည်။ တော်လှန်ရေးကာလအစက မွန်လူမျိုးတို့ မှ နိုင်ငံရေးအခွင့်ရေးအတွက် တိုက်ပွဲဝင် တောင်းဆိုသည်။

    မွန်တော်လှန်ရေးကား မပြီးဆုံးသေးပေ။ မွန်လူမျိုးတို့ က မူလကတည်းက တောင်းဆိုခဲ့သော နိုင်ငံရေး အခွင့်ရေး၊ အမျိုးသားအခွင့်ရေးကား မရရှိသေးပေ။ မူလကတည်းက မွန်တော်လှန်ရေးကို အားဖြည့်ခဲ့သည့် မွန်လူငယ် (စမွတ်) များအနေဖြင့် မွန်တော်လှန်ရေးအား အင်အားဖြည့်တင်းစေလိုကြောင်း တိုက်တွန်းအပ်ပါသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    24,200SubscribersSubscribe
    spot_img

    Latest posts