Homeငြိမ်းချမ်းရေးမော့ကနင်ရွာသား ၃ ဦး ဒဏ်ကြေး ၇ သိန်းပေးဆောင်၍ ပြန်လည်လွတ်မြောက်လာ

မော့ကနင်ရွာသား ၃ ဦး ဒဏ်ကြေး ၇ သိန်းပေးဆောင်၍ ပြန်လည်လွတ်မြောက်လာ

-

မွန်သတင်းအေဂျင်စီ (၂၁ သြဂုတ် ၂၀၂၁)

ကရင်လက်နက်ကိုင်အဖွဲ့ ဖမ်းဆီးခေါ်ဆောင်သွားသည့် မော့ကနင်ရွာသား ၃ ဦးတို့ကို ဒဏ်ကြေးငွေကျပ် ၇ သိန်းပေးဆောင်စေ၍ ယမန်နေ့ညနေပိုင်းအချိန်တွင် ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။

ရေးမြို့နယ် မော့ကနင်ကျေးရွာအရှေ့ဘက်ခြမ်းရှိ ကရွန်-သရက်နှစ်ပင်လမ်းမပေါ်၌ ခုတ်လှဲပြီးရာဘာထုလုံးများကို မော်တော်ကားဖြင့် သွားရောက်သယ်ဆောင်သူ ရွာသား ၃ ဦးကို သြဂုတ် ၁၉ ရက်နေ့တွင် ဒေသခံကရင်လက်နက်ကိုင်အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ပြန်လည်လွတ်မြောက်လာသူတစ်ဦးမှ “ မနေ့ကလွှတ်ပေးတာ ဒီနေ့မနက်မှာ ဒဏ်ငွေသွားသွင်းရတယ်၊ စည်းကမ်းမလိုက်နာလို့ဆိုပြီးတော့ နိုင်ဝိုင် ၃ သိန်း ကျန်တဲ့နှစ်ယောက်က ၂ သိန်းစီ အားလုံးပေါင်း ၇ သိန်းပေါ့ ဖမ်းဆီးထားတဲ့အချိန်မှာတော့ ရိုက်နှက်တာ မရှိပါဘူး” ဟု ပြောသည်။

မော့ကနင်ကျေးရွာအရှေ့ဘက် ခြမ်းရှိ ကရွန်-သရက်နှစ်ပင်လမ်းမကို မိုးတွင်းကာလ ဇူလိုင်လ၁၅ ရက်မှ ၁၀ လပိုင်း ၁၉ ရက်နေ့ထိ ကုန်တင်ယာဉ်ကြီးများကို ဖြတ်သန်းသွားလာခွင့်ပိတ်ထားသည့်အပေါ် စည်းကမ်းမလို်က်နာသည့်အပြင် မခန့်လေးစားမှုပြုလုပ်လာခြင်းကြောင့် ဖမ်းဆီးခေါ်ဆောင်သွာခြင်းဖြစ်ကြောင်း ရေးမြောက်ပိုင်းဒေသတွင်လှုပ်ရှားနေသော KNU အဖွဲ့မှ တပ်ခွဲမှူး ချားနလာက မွန်သတင်းအေဂျင်စီကို ပြောသည်။

“သူတို့ကို အလေးချိန်များတဲ့ကားတွေမဝင်ဖို့ ၁၆ ရက်နေ့မှာ အသိပေးစာတွေပေးထားတာလည်းရှိတယ်၊ ညှိုနှိုင်းပြောဆိုကြဖို့ပြောတော့လည်း သူတို့က အတွေ့မခံဘူးဆိုတော့ ဖမ်းဆီးလာခဲ့ရတယ်၊ အခုလည်းသူတိုမိသားစုတွေက သက်ဆိုင်ရာကို လာရောက်ဖြေရှင်းကြတော့ အဆင်ပြေသွားပါတယ်” ဟု ၎င်းက ဆိုသည်။

အထူးသတိပေးချက်စာတစ်စောင်တွင် (၁၆-၈-၂၀၂၁) ရက်နေ့မှစတင်၍ ကရွန် သရက်နှစ်ပင်လမ်းအတွင်း ရာဘာထုလုံးတင်ကားအား လုံးဝ(လုံးဝ) ထပ်မံတင်ဆောင်ခြင်း ဖြတ်သန်းသွားလာခြင်း ခွင့်မပြုပါ၊ ထပ်မံသယ်ဆောင်သည်ကို တွေ့ရှိပါက ထိရောက်စွာ အရေးယူခြင်းခံရမည်။ ပုံ – ကရွန် သရက်နှစ်ပင်လမ်းပြပြင်ထိန်းသိမ်းရေးကော်မတီဟု ရေးသားဖော်ပြထားသည်။ 

အဆိုပါ မော့ကနင်ကျေးရွာအရှေ့ဖက်ခြမ်းရှိ ရာဘာခြံပိုင်ရှင်များအနေဖြင့် ခြံခွန်မြေခွန်နှင့် ရောင်းဝယ်ခွန်များကို သက်ဆိုင်ရာအစိုးရဌာနများအပြင် ဒေသအခြေစိုက် မွန်ပြည်သစ်ပါတီ NMSP နှင့် KNU အုပ်ချုပ်ရေးဌာနသို့လည်း သတ်မှတ်ချက်အတိုင်း နှစ်စဉ်ပေးဆောင်နေရသည်ဟု ခြံရှင်များက ပြောသည်။ မွန်ကရင် မဟာမိတ်သဘောတူညီချက်အရ အုပ်ချုပ်ရေးနယ်မြေသတ်မှတ်ခဲ့ကြရာတွင် မွန်ပြည်သစ်နယ်မြေနှင့် KNU နယ်မြေ စသည်ဖြင့် ခွဲခြားခြင်းမရှိဘဲ ကရင်ရွာ ကရင်အုပ်ချုပ် မွန်ရွာ မွန်အုပ်ချုပ် စနစ်မျိုးဖြစ်ပြီး အချို့ဒေသတွင် မွန်ကရင်ပူးတွဲအုပ်ချုပ်ရေးဒေသအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။


အဖမ်းခံရသူ ၃ ဦး (Aung Aung)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts