နိုင်ကဆုမွန်

မြန်မာနိုင်ငံ၏ နိုင်ငံရေးပဋိပက္ခ (၂) ရပ်
ကျွနု်ပ်တို့ နိုင်ငံမှာ ပြည်တွင်းစစ် အနှစ် (၇၀) ရှိခြင်းနှင့်အတူ မတူညီသော နိုင်ငံအမြင်ကြောင့် ဖြစ်ပေါ်သည့် နိုင်ငံရေးပဋိပက္ခမှာလည်း နှစ်ပေါင်း (၆၀) နီးပါးရှိခဲ့ပါပြီ။ နိုင်ငံရေးပညာရှင်နင့် နိုင်ငံရေးသုံးသပ်သူများအနေဖြင့် မြန်မာနိုင်ငံတွင် အဓိက ပဋိပက္ခ (၂) ရပ်ရှိသည်ဟု သုံးသပ်သည်။ ၎င်းတို့ ကား –
(က) ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးပြဿနာ။ ။ ဤပြဿနာကား လွတ်လပ်ရေး ရရှိကတည်းက ဖြစ်ပွားလာသည့် ပြဿနာဖြစ်သည်။ ပင်လုံစာချူပ်နှင့် ဆက်စပ်သည်။ တိုင်းရင်းသားများအပေါ် ပေးထားသည့် ကတိကဝတ်များ အပေါ် မြန်မာ့ (ဗမာ့) နိုင်ငံရေးခေါင်းဆောင်နှင့် စစ်ရေးခေါင်းဆောင် (ဗမာ့တပ်မတော်) မှ ချိုးဖောက်မှုကြောင့် ပြဿနာဖြစ်ပွားခြင်း ဖြစ်သည်။ ဖက်ဒရယ်ကို (၁၉၆၂) တွင် တပ်မတော်မှ အာဏာသိမ်းပြီး ပြည်တွင်းစစ်မီး ထပ်မံတောက်လောင်ခဲ့ပေသည်။
(ခ) ဒီမိုကရေစီပြဿနာ။ ။ ဒီမိုကရေစီအစိုးရမှ အာဏာကို ဖက်ဒရယ်အကြောင်းပြပြီး (၁၉၆၂) ခုနှစ် ဗိုလ်ချုပ်နေဝင်းမှ အာဏာသိမ်းလိုက်သည်။ ဒီမိုကရေစီအရေးအတွက် ထိုနှစ်ကတည်းက ကျောင်းသားလှုပ်ရှားမှု စတင်ခဲ့ပြီး ဗမာ့တပ်မတော် (စစ်သား) မှ အပြင်းအထန် နှိပ်ကွပ်ခဲ့သည်။
(၁၉၆၂) မှ (၁၉၈၈) အထိ တပါတီအာဏာရှင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) မှ အုပ်ချူပ်သည်။ ၎င်းပါတီသည် စစ်တပ်မှ ထိန်းချုပ်ထားသည့် ပါတီဖြစ်သည်။ (၁၉၈၈) ခုနှစ် ဒီမိုကရေစီအရေးတော်ပုံတွင် ကျောင်းသားများ အသက်ပေးပြီး တောင်းဆိုခဲ့သည်။ အပြင်းအထန်ပင် နှိပ်ကွပ်ခံရပြန်ပြီး၊ စစ်တပ်မှ (၂၀၁၀) အထိ စစ်အစိုးရအဖြစ် အုပ်ချုပ်သည်။ စစ်တပ်သည် (၁၉၉၀) ဒီမိုကရေစီရွေးကောက်ပွဲကို လုပ်ခဲ့သော်လည်း အနိုင်ရရှိသည့် အမျိုးသားဒီမိုကရေစီအစိုးရ (NLD) ကို အာဏာမလွဲခဲ့ပေ။ ၎င်းတို့ အလိုကျ (၂၀၀၈) ဖွဲ့ စည်းပုံအခြေခံဥပဒေအား (၂၀၁၀) ရွေးကောက်ပွဲကို ကျင်းပသည်။ NLD ပါတီ ပါဝင်ယှဉ်ပြိုင်မှု မရှိသည့်အတွက် စစ်ဗိုလ်ချုပ်ကြီးများ ယူနီဖောင်းချွတ်ပြီး အရပ်သားအနေဖြင့် ဦးဆောင်သည့် ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အနိုင်ရရှိသည်။ ၎င်းကာလတွင် ကြိုတင်မဲကိစ္စတွင် မဲသမာမှုအများအပြား ရှိသော်လည်း စစ်တပ်မှ ဝင်ရောက်စစ်ဆေးခြင်း မရှိခဲ့ပေ။
ဤပြဿနာကြီး (၂) ရပ်စလုံးကို ဖြေရှင်းနိုင်မှသာလျှင် မြန်မာနိုင်ငံ၏ နိုင်ငံရေးပဋိပက္ခ ငြိမ်းချမ်းရေးပဋိပက္ခသည် အဆုံးသတ်သွားနိုင်မည်။ သို့ သော်လည်း ဤဆောင်းပါးတွင် ဒုတိယပြဿနာဖြစ်သည့် ဒီမိုကရေစီပြဿနာကိုသာ ဖော်ပြသွားပြီး ဤပြဿနာနှင့် ဆက်စပ်နေသည့် ကျောင်းသားနှင့် ဗမာ့တပ်မတော် (စစ်သား) တို့ ၏ အခန်းကဏ္ဍကို မီးမောင်းထိုး ဖော်ပြသွားပါမည်။
ကျောင်းသားသဘာသဘဝနှင့် တရားမျှတမှုနှင့် လွတ်လပ်မှု တိုက်ပွဲများ
ဤနေရာတွင် ကျောင်းသားဟု ဆိုရာတွင် အသက် (၁၅) နှစ်မှ အသက် (၂၅) နှစ်အထိ အထက်တန်းပညာ၊ ကောလိပ်နှင့် တက္ကသိုလ်တို့ တွင် ပညာသင်ကြားနေသည့် လူငယ်လူရွယ်များကို ဆိုလိုပေသည်။ ကျောင်းသားသည် လူငယ်များ ဖြစ်သည်။ ၎င်းတို့ ၏ အသက်အပိုင်းအခြားအရ လူငယ်များမှ လွတ်လပ်မှုကို လိုလားသည်။ ဖိနှိပ်မှုကို မလိုလားပေ။ မတရားမှုကို မလိုလားပေ။ လူမှုတရားမမျှတမှုတို့ အပေါ် အမြဲတမ်းအလိုလို မကျေနပ် ဖြစ်နေတတ်သည်။ အများအကျိုးအတွက် စာနာသည်။ ကူညီ ယိုင်းပင်းသည်။ အများအတွက် နစ်နာခံလိုစိတ်ရှိသည်။
အုပ်ချုပ်သူလူတန်းစားများသည် ထိုကျောင်းသား လူငယ်များအပေါ် မကိုင်တွယ်တတ်လျှင် ၎င်းတို့ ပေါက်ကွဲတတ်သည်။ ပိုမိုကောင်းမွန် ပိုမိုပွင့်လင်း ကူညီယိုင်းပင်းကြသည့် လူ့ အဖွဲ့ အစည်းကို လိုလားသည်။ ရှင်းရှင်းလင်းလင်း ပြောမည် ဆိုပါက လူငယ်ကျောင်းသားများကား ဒီမိုကရေစီစနစ်နှင့် ကောင်းမွန်သော အုပ်ချုပ်ရေး လိုလားသည်။
ထိုကျောင်းသားလူငယ်များကား စုဖွဲ့ နေသည့် သဘောရှိသည်။ အရေးအကြောင်းတခုခုဖြစ်ပါက ဆွေးနွေးတိုင်ပင်ကြသည့် အနေထားရှိသည်။ တရားမှုနှင့် မတရားမှုများကို ကောင်းမွန်နားလည်ကြပြီး ၎င်းတို့ အင်အားကို အမြန်ပင် စုစည်းနိုင်သည့် အနေအထားရှိသည်။
ကျောင်းသားလူငယ်များသည် မြန်မာ့သမိုင်းတလျှောက် ဒီမိုကရေစီစနစ်တည်ဆောက်ရေးကို ဦးတည်သည့် လွတ်လပ်မှု၊ တရားမှုတမှုနှင့် ပွင့်လင်းမြင်သာမှုတို့ အတွက် ငြိမ်းချမ်းသည့် ဆန္ဒပြပွဲများကို အကြိမ်ကြိမ်ပင် ဆင်နွဲခဲ့သည်။ (၁၉၆၂) ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းသည်ကို ဆန့် ကျင်ခြင်း၊ (၁၉၇၄) ဦးသန့် အရေးအခင်း၊ (၁၉၇၆) ခုနှစ် ဆရာကြီး သခင်ကိုယ်တော်မှိုင်းအရေးအခင်းများတွင် မဆလ (စစ်အစိုးရ) အား ကျောင်းသားတို့ မှ ဆန္ဒပြခဲ့သည်။
မဆလ တပါတီအာဏာရှင်စနစ်အောက်တွင် တိုင်းပြည်မှာ ဆင်းရဲမွဲတေခဲ့သည်။ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်၊ ရေးသားပိုင်ခွင့်နှင့် စည်းရုံးပိုင်ခွင့် မရှိသည့် တပါတီအာဏာရှင်စနစ်အောက်တွင် လွတ်လပ်မှု၊ တရားမျှတမှု မရှိသည့်အတွက် (၁၉၈၈) တွင် ကျောင်းသားများ ဦးဆောင်မှုဖြင့် ဒီမိုကရေစီရရှိရေးအတွက် ဦးဆောင်တိုက်ပွဲဝင်ခဲ့ပေသည်။ (၈) လေးလုံး ဒီမိုကရေစီအရေးတော်ပုံတွင်ကား ယခု (၂၀၂၁) ဒီမိုကရေစီအရေးတော်ပုံကဲ့သို့ ပင် တိုင်းပြည်တနံတလျှားမှ ပြည်သူများ ပါဝင်ခဲ့ပေသည်။ သို့ရာတွင် စစ်တပ်မှ ဆန္ဒပြကျောင်းသားပြည်သူများအပေါ် ပြင်းပြင်းထန်ထန် နှိပ်ကွပ်ပြီး (၁၉၈၈) စက်တင်ဘာလ (၁၈) ရက်နေ့ တွင် အာဏာသိမ်းကာ နောက်ထပ် (၂၂) နှစ် စစ်အုပ်ချုပ်ရေးဖြင့် ဆက်လက်အုပ်ချုပ်ခဲ့သည်။ ကျောင်းသားအများစုကား ဒီမိုကရေစီအတွက် တိုက်ပွဲဝင်သည့် ခေါင်းဆောင်များ၊ တော်လှန်ရေးသမားများအဖြစ် ပြောင်းလဲသွားသည်။
တိုင်းရင်းသားကျောင်းသားလူငယ်များကား သက်ဆိုင်ရာ မိမိတို့ လူမျိုးများ၏ လက်နက်ကိုင်တော်လှန်ရေးတွင် တာဝန်ထမ်းဆောင်ကာ ဖက်ဒရယ်အရေးအတွက် ဆက်လက်တိုက်ပွဲဝင်သည်။
စစ်သားသဘောသဘာဝ၊ အမျိုးသားရေးနှင့် တိုင်းပြည်ကယ်တင်ရှင်
စစ်သားများတွင် သာမန်တပ်သားတဦးကား ဗမာ့တပ်မတော်သို့ ဝင်ရောက်ပြီး တာဝန်ထမ်းဆောင်ခြင်း သို့ မဟုတ် တပ်သားစုဆောင်းရေးဌာနသို့ ရောက်ရှိပြီး တာဝန်ထမ်းဆောင်ပြီး ပညာရေးအဆင့်တန်းအားဖြင့် နိမ့်သည်ဟု ဆိုနိုင်ပေသည်။ တပ်မတော် ဗိုလ်လောင်းသင်တန်း တက်သူများသာလျှင် အထက်တန်းပညာအထက် ရှိသူများဖြစ်ပြီး စစ်တပ်၏ ကေဒါအဖြစ် မွေးထုတ်ခြင်းခံရသူများ ဖြစ်သည်။
တပ်မတော်စစ်သင်တန်းကျောင်းများတွင် မြန်မာ့နိုင်ငံရေးတွင် တပ်မတော်၏ အခန်းကဏ္ဍသည် မည်မျှအရေးကြီးကြောင်းကို မြန်မာနိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းမှုကာလမှသည် (၁၉၆၂) အာဏာသိမ်းမှု၊ (၁၉၈၈) အာဏာသိမ်းမှု အကြောင်းကို တပ်မတော်၏ ရှုထောင့်မှ သမိုင်းကြောင်းကို သွတ်သွင်း သင်ကြားထားပေသည်။ တပ်မတော်၏ စကားလုံးတွင် "(ဖက်ဒရယ်စနစ်ကြောင့်) တိုင်းပြည်အစိတ်စိတ်အမွာမွာ ဖြစ်သွားမှာကို စိုးရိမ်သည့်အတွက် တပ်မတော်မှ ကယ်တင်လိုက်သည်" ဟူ၍လည်းကောင်း၊ "တိုင်းပြည်ဟာ ချောက်ကမ်းပါးထဲ ကျဖို့ လက်တလုံး အလိုမှာ တပ်မတော်က ကယ်တင်လိုက်ပါတယ်" ဟူ၍လည်းကောင်း ပြောဆိုတတ်ပေသည်။
တပ်မတော်သည် တိုင်းပြည်၏ ကယ်တင်ရှင်အဖြစ် ပုံဖော်ထားပေသည်။ ၎င်းသဘောတရားကို တပ်မတော်သားများတွင် သွတ်သွင်းထားသည်။ နိုင်ငံရေးသမားများမှာ လူလည်များဖြစ်သည်၊ ပဋိပက္ခများ ဖန်တီးသူဖြစ်သည်၊ မသမာသူများဖြစ်သည်၊ နိုင်ငံရေးသမားများကြောင့် ပြည်တွင်းစစ် ပဋိပက္ခဖြစ်ရသည်ဟု ပုံဖော်ကာ တပ်မတော်သည်သာ တိုင်းပြည် မပြိုကွဲရေး၊ အချုပ်ခြာအာဏာတည်မြဲရေး၊ တပါးကျွန် မဖြစ်အောင် လုပ်ဆောင်ခဲ့ပါသည်ဟု စသည့် အတွေးအခေါ်များကိုလည်း သွတ်သွင်းထားသည်။ ထို့ ကြောင့် တပ်မတော်၏ အခန်းကဏ္ဍသည် မြန်မာ့နိုင်ငံရေးအတွက် အရေးကြီးသည့်အတွက် (၂၀၀၈) ဖွဲ့ စည်းပုံအား ရေးဆွဲပြဌာန်းခဲ့သည်။
၎င်းအပြင် တပ်မတော်၏ တည်ဆောက်မှုမှာလည်း အမျိုးသားရေးဝါဒအပေါ် အခြေပြုသည်။ တပ်မတော်သည် မြန်မာ့သမိုင်းမှ ဗမာ့ဘုရင်များဖြစ်သည့် ကျန်စစ်သား ဘုရင့်နောင် နှင့် အလောင်းဘုရားတို့ ကား ပထမ၊ ဒုတိယနှင့် တတိယမြန်မာနိုင်ငံတော် အင်ပါယာများကို ထူထောင်နိုင်သူများဟု သမိုင်းသင်ခန်းစာကို စစ်သင်တန်းကျောင်းတွင် အတိအလင်းပြဌာန်းကာ အခြားတိုင်းရင်းသားနယ်မြေတို့ အား စစ်ရေးအရ မည်သို့ အောင်မြင်ခဲ့သည်ကို စစ်သင်တန်းကျောင်းများတွင် သင်ကြားခဲ့သည်။ "အားလုံးဟာ မြန်မာ (မဗာ) ပါ" ဟူသည့် စကားလုံးဖြင့် တိုင်းရင်းသားတို့ ၏ တန်းတူရေး ဖက်ဒရယ်တောင်းဆိုချက်အား ပယ်ဖျက်ကာ မဟာလူမျိုးကြီးဝါဒကို သွတ်သွင်းခဲ့ပေသည်။
မပြီးဆုံးသည့် ပဋိပက္ခ
ကမ္ဘာပေါ်တွင် ဒီမိုကရေစီစနစ်သည် လွတ်လပ်မှု၊ တရားမျှတမှုနှင့် အရပ်သားအုပ်ချူပ်မှုတို့ ကြောင့် မျက်ဝါးထင်ထင် ဖွံ့ဖြိုးတိုးတက်လာသည်ကို ကျောင်းသား လူငယ်များမှ မျက်ဝါးထင်ထင် တွေ့ ခဲ့သည်။ မြန်မာနိုင်ငံကိုလည်း ထိုနိုင်ငံကဲ့သို့ တိုးတက်စေချင်သည်။ ထိုကဲ့သို့သော နိုင်ငံမျိုးကို ထူထောင်နိုင်မည့် ခေါင်းဆောင်များကို ၎င်းတို့ လွတ်လွတ်လပ်လပ် ရွေးချယ်ပိုင်ခွင့် ရှိသည် ဆိုသည့် အချက်အပေါ်မူတည်ပြီး ယခု ၂၀၂၁ အာဏာသိမ်းပြီးနောက် ကျောင်းသားလူငယ် Gen Z များ လမ်းပေါ်တက် ဆန္ဒပြခဲ့ပေသည်။
သို့ရာတွင် တပ်မတော်ခေါင်းဆောင်များအတွက်ကား ဒီမိုကရေစီစနစ် ပွင့်လင်းလာသည်နှင့်အမျှ ၎င်းတို့ ၏ အခန်းကဏ္ဍနည်းသွားမည်။ စီးပွားရေးဖွံ့ ဖြိုးတိုးတက်လာသည်နှင့် အမျှ စစ်တပ်ပိုင်စီးပွားရေးသည်လည်း အခြားစီးပွားရေးအများစုနှင့် အပြိုင်အဆိုင် လုပ်ကိုင်ရတော့မည်။ တဖက်တည်းတွင် ဖက်ဒရယ်သို့ ဦးတည်သည့် အာဏာခွဲဝေမှုကို တပ်မတော်မှ မလိုလားပေ။ ၂၀၂၀ မှသည် နိုင်ငံရေးတိုးတက်မှုသည် တပ်မတော်၏ အခန်းကဏ္ဍကို တဖြည်းဖြည်းကျုံ့ သွားနိုင်မည် တပ်မတော်မှ ခံစားရမည် ဖြစ်သည်။ ၎င်းစိုးရိမ်မှုများကြောင့် (၂၀၀၈) ဖွဲ့ စည်းပုံကို ပြန်လည် ထိန်းသိမ်းရန်၊ တပ်မတော်၏ နိုင်ငံရေးအခန်းကဏ္ဍ ဆက်လက် ကျန်ရှိရန် ၂၀၂၁ ဖေဖေါဝါရီလ (၁) ရက်နေ့ တွင် အာဏာသိမ်းခြင်းဖြစ်သည်ဟု သုံးသပ်မိသည်၊
ကျောင်းသားအမြင်နှင့် စစ်သားအမြင်ကား လုံးဝပင် ဆန့်ကျင်ဘက် ဖြစ်ကာ၊ အရှေ့ နှင့် အနောက်ဖြစ်သည်။ တချိန်တည်းတွင် မြန်မာနိုင်ငံအတွင်း မကောင်းသော အလေ့အကျင့်တခု ဖြစ်သည့် ပဋိပက္ခကို ငြိမ်းချမ်းစွာ အဖြေရှာ ဒိုင်ယာလော့ လုပ်ခြင်းထက် အင်အားသုံး အကြမ်းဖက် ဖြေရှင်းသည့် လုပ်ရပ်သည် အမွေတရပ်အဖြစ် ကျန်ရှိနေဆဲဖြစ်သည်။ လက်နက်နှင့် ဖြေရှင်းမှ ရမည် ဆိုသည့် ရွေးချယ်စရာ မရှိသည့်အမြင်ကြောင့် ပဋိပက္ခကို ပိုမိုတိုးပွားစေသည့်အတွက် မြန်မာ့နိုင်ငံအရေးသည် ညှိနှိုင်းအဖြေရှာရန် မလွယ်ကူပဲ၊ ရှေ့ ဆက်သွားဖို့ ရာ ခက်ခဲကြောင်း သုံးသပ်တင်ပြရပါသည်။