Tuesday, March 10, 2026
More
    spot_img
    Homeသတင်းမီးရထားဝန်ထမ်းများ၏ ပင်စင်နှင့် လစာ နောက်ကျမှရရှိခဲ့ပြီး ကျန်ဝန်ထမ်းတချို့ လစာမရသေး

    မီးရထားဝန်ထမ်းများ၏ ပင်စင်နှင့် လစာ နောက်ကျမှရရှိခဲ့ပြီး ကျန်ဝန်ထမ်းတချို့ လစာမရသေး

    -

    မွန်သတင်းအေဂျင်စီ၊ (၂၀၂၁ သြဂုတ် ၄)

    မော်လမြိုင်မြို့နယ်ရှိ မီးရထားဝန်ထမ်းများ၏ လစာ နှင့် ပင်စင်လစာများ နောက်ကျမှရရှိခဲ့ပြီး ကျန်ဝန်ထမ်းတချို့လစာ မရသေးကြောင်း သိရသည်။

    ပြီးခဲ့သည့် ဇူလိုင် ၂၉ ရက်တွင် ပင်စင်လစာအားလုံးထုတ်ပေးရမည်ဖြစ်သော်လည်း ၃၀ ရက်မှ ထုတ်ပေးခဲ့ပြီး ဝန်ထမ်းလစာများကို ဩဂုတ် ၂ ရက်ထိ နောက်ကျကာ ထုတ်ပေးခဲ့ကြောင်း၊ ဝန်ထမ်းများ၏ အလုပ်တက်၊ အလုပ်ပျက်ကွက်စာရင်းကို အချိန်မီပေးပို့ထားသော်လည်း လစာရ နောက်ကျခြင်းကို မေးခွန်းထုတ်စရာ ဖြစ်လာကြောင်း မီးရထားဝန်ထမ်း တစ်ဦးက ပြောသည်။

    “ကျွန်တော်တို့ ဖေဖော်ဝါရီ နဲ့ မတ်လ အုပ်ချုပ်မှုယန္တရားကြီး ရပ်တော့မလို ဖြစ်သွားတာတောင်မှ ဝန်ထမ်းလစာကို ပုံမှန်ပေးသွားတယ်။ အခုချိန်မှာ ဘာလို့ မပေးနိုင်တာလဲ။ ဒါလည်း စဉ်းစားစရာ တချက်ပေါ့နော်။ ထို့အတူပဲ မနေ့ကထိ ရန်ကုန်တို့၊ ပုဂံတို့ဘက်မှာ ဝန်ထမ်းတွေက လစာတွေရော၊ ပင်စင်လစာတွေရော ရတဲ့သူမှ ရတယ်။ မရတဲ့သူက မရသေးဘူး။ မြန်မာတစ်ပြည်လုံးမှာပဲ”ဟု ၎င်းက ပြောသည်။

    ကိုယ်တိုင် လစာထုတ်ယူခွင့်ရသော ဝန်ထမ်းများသည် လကုန်ရက်ထက် ၃ ရက်နောက်ကျကာ လစာရရှိခဲ့ပြီး ကြီးကြပ်ရေးမှူးမှ တဆင့် လစာထုတ်ယူရသော ဝန်ထမ်းတချို့သည့် ပုံမှန်ထက် လေး၊ ငါးရက် နောက်ကျကာ လစာရရှိမည့် အခြေအနေဖြစ်ခဲ့ကြောင်း ၄င်းက ဆက်ပြောသည်။

    အလားတူ ပြီးခဲ့သည့်လကလည်း လစာကို ၁၅ ရက် နောက်ကျကာ ရရှိခဲ့ပြီး လက်ရှိ ဇူလိုင်လကုန် လစာကို မရရှိသေးကြောင်း မီးရထားဝန်ထမ်း တစ်ဦးက ပြောသည်။

    “အရင်ကဆို ၃၁ နဲ့ လကုန်ရင် ၃၀ ရက်လောက်က ပေးတယ်။ အဲလိုမျိုး အလွန်ဆုံး ၃၁ ရက်ဆို ရပြီ ထုတ်လို့ရပြီ။ အခု ဒီရက်ပိုင်းတွေကျတော့ ဒီအခြေအနေမှာက နည်းနည်းပေါ့။ နည်းနည်းမဟုတ်ပါဘူး ၁၅ ရက်လောက်မှ ရတဲ့အခါလည်း ရတယ်။ ပြီးခဲ့တဲ့ လက CDM ပြန်ဝင်ထားတဲ့ ဝန်ထမ်းတွေ ၁၅ ရက်လောက် နောက်ကျပြီးမှ ရတယ်”ဟု ၎င်းက ပြောသည်။

    ယခုကဲ့သို့ လစာနောက်ကျမှ ရရှိမည့် ကိစ္စနှင့် ပတ်သက်ပြီး မည်သည့်အထက်အရာရှိမှ ကြိုတင်အသိပေးခြင်း၊ ဖြေရှင်းပေးခြင်း မရှိသေးကြောင်း သိရသည်။

    လက်ရှိ အိမ်စောင့်အစိုးရအနေဖြင့် မီးရထား ဝန်ထမ်းများ၏ လစာ နှင့် ပင်စင်လစာ ‌နောက်ကျခြင်း၊ မရရှိသေးခြင်းကိစ္စရပ်များကို လုပ်ငန်းကျွမ်းကျင်သူများ‌စေလွှတ်ကာ ထဲထဲဝင်ဝင် သေသေချာချာ ဝင်ရောက်စစ်ဆေးစေလိုကြောင်း အဆိုပါဝန်ထမ်းများက အကြံပြုခဲ့သည်။




    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks