မွန်သတင်းအေဂျင်စီ (၂၀၂၁ ဩဂုတ် ၂)
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အသစ်ပြန်လည်ဖွဲ့စည်းလိုက်သည့် ပြည်နယ် နှင့် တိုင်း အသီးသီးရှိ အိမ်စောင့်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ရာထူး နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီး နေရာ ၅ နေရာကို ဩဂုတ်လ ၁ ရက်က ထုတ်ပြန်ကြေငြာခဲ့သည်။
ဝန်ကြီးချုပ်၊ လုံခြုံရေး နှင့် နယ်စပ်ရေးရာ ဝန်ကြီး၊ စီးပွားရေးဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီး၊ လူမှုရေးဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး နှင့် တိုင်းရင်းသားရေးရာ ဝန်ကြီး၊ ဥပဒေချုပ် နေရာများကို ပြင်ဆင်ဖွဲ့စည်းခဲ့သည်။
ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဦးဇော်လင်းထွန်းကို မွန်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့ပြီး ဗိုလ်မှူးကြီး နေထွဋ်ဦးကို လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး အဖြစ် ဆက်လက်တာဝန် ပေးအပ်ခဲ့သည်။
MUP ပါတီမှ နိုင်လယီတမ (ခေါ်) နိုင်ခင်မောင်ဇင် ကို စီးပွားရေးရာဝန်ကြီး နှင့် ပြည်ခိုင်ဖြိုးပါတီ USDP ဦးအောင်ကြည်သိန်း တို့ကို ပြည်နယ်သယံဇာတ ရေးရာ ဝန်ကြီး အဖြစ် တာဝန်ပေးခဲ့သည်။
မွန်ပြည်နယ် တိုင်းရင်းသား ရေးရာဝန်ကြီး ဦးခင်မောင်ဦး၊ လူမှုရေးရာဝန်ကြီး ဦးတင်ချယ် နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး အဖြစ် ရဲမှူးကြီး သက်နိုင် တို့ကို တာဝန်ပေးခဲ့သည်။
ထို့ပြင် တိုင်းဒေသကြီး နှင့် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးများသည် တိုင်းဒေသကြီး (သို့) ပြည်နယ်အစိုးရအဖွဲ့၏ အတွင်းရေးမှူးဖြစ်သည်ဟု ထုတ်ပြန်ထားသည်။
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီချမှတ်ထားသော ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၆ ရပ် တို့ နှင့် အညီ နိုင်ငံတော် တာဝန်များကို ပိုမို လွယ်ကူ၊ လျင်မြန်၊ ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီး (သို့) ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီများကို တိုင်းဒေသကြီး (သို့) ပြည်နယ်အစိုးရအဖွဲ့အဖြစ် ပြင်ဆင်ဖွဲ့စည်းကြောင်း ယမန်နေ့ ထုတ်ပြန်ထားခြင်း ဖြစ်သည်။
