HomeCovid 19အသက် ၆၅ နှစ်အထက်ဘိုးဘွားများကို ဦးစားပေးအစီအစဥ်ဖြင့် ကိုဗစ်ကာကွယ်ဆေးအရင်ထိုးပေး

အသက် ၆၅ နှစ်အထက်ဘိုးဘွားများကို ဦးစားပေးအစီအစဥ်ဖြင့် ကိုဗစ်ကာကွယ်ဆေးအရင်ထိုးပေး

-

မွန်သတင်းအေဂျင်စီ (၂၀၂၁ ဇူလိုင် ၃၀)

မွန်ပြည်နယ်တဝန်းရှိ အသက် ၆၅ နှစ်အထက်ဘိုးဘွားများကိုဦးစားပေးအစီအစဥ်ဖြင့် ယမန်နေ့မှစတင်၍ ကိုဗစ်ကာကွယ်ဆေးထိုးပေးနေကြောင်း တွေ့ရှိရသည်။

အသက် ၆၅ နှစ်အထက်ရှိ ဘိုးဘွားများအပြင် အစိုးရနှင့် ပုဂ္ဂလိကကျန်းမာရေးဝန်ထမ်းများ၊ ပရဟိတ/စေတနာ့ဝန်ထမ်းများ၊ ဘိုးဘွားရိပ်သာများ၊ ဘုန်းတော်ကြီးကျောင်း၊ သီလရှင်ကျောင်း၊ ဘာသာရေးကျောင်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်းများ၊ ပုဂ္ဂလိကစက်ရုံလုပ်သားများ၊ ဟိုတယ်ဝန်ထမ်းများ၊ အကျဉ်းသား/အချုပ်သားများ၊ ပုဂ္ဂလိကပို့ဆောင်ရေးလုပ်ငန်းများ၊ စျေးများ၊ စူပါမားကတ်များတွင် အလုပ်လုပ်ကိုင်သူများကို စာရင်းပြုစုထားပြီး ကာကွယ်ဆေးထိုးသည့် အစီအစဥ်များကို မြို့နယ်အလိုက်သတ်မှတ်နေရာများတွင် ရုံးချိန်အတွင်း သက်ဆိုင်ရာ ကျန်းမာရေးဌာနက ဆောင်ရွက်ပေးလျက်ရှိသည်။

သံဖြူဇရပ်မြို့နယ် ကိုဗစ်ကပ်ရောဂါကာကွယ်ရေးအဖွဲ့မှ နိုင်မင်းလတ်က “မနေ့ကစပြီး ကာကွယ်ဆေးထိုးပါပြီ၊ အသက် ၆၅ နှစ်အထက်တွေကို ဦးစားပေးတစ်ပေါ့နော်၊ WHO အသိအမှတ်ပြုကာကွယ်ဆေးတွေဖြစ်တော့ အခါအခွင့်သင့်ရင် လူတိုင်းဆေးထိုးသင့်ပါတယ်၊ ကာကွယ်ဆေးမထိုးလို့မဖြစ်တော့ပါဘူး ဒီရောဂါပို့အမြစ်ပြတ်မသွားဘူးဆိုရင် ဘာအလုပ်အကိုင်မှလည်း လုပ်ကိုင်စားလို့မရ၊ ပိုပြီးတော့ကြပ်တည်းလာဖို့ပဲ ရှိတော့တယ်၊ နိုင်ငံရေးကလည်း တည်ငြိမ်နေတာမဟုတ်ဘူး”ဟု မွန်သတင်းအေဂျင်စီကို ပြောသည်။  

ထို့အတူ ရေးမြို့နယ်အတွင်း နေရာ ၅ နေရာခွဲပြီး ရက်သတ္တပတ် သုံးပတ် (၂၁ရက်) တိတိ ကိုဗစ်ကာကွယ်ဆေး ထိုးပေးနေပြီဖြစ်ကြောင်း ရေးမြို့မှ ပရဟိတလုပ်ငန်းဆောင်ရွက်နေသူ ဦးအောင်နိုင်ဝင်းက ဆိုသည်။

“ထိုးမယ့်အစီအစဉ်က နေရာ ၅ ခုမှာ ခွဲပြီးထိုးမှာပေါ့။ ဦးစားပေးအုပ်စုတွေကို ‌ခွဲပြီးတော့ နေရာ ၅ ခုမှာ နေ့စဉ်ထိုး ပေးသွားမယ်ပေါ့။ ရုံးဖွင့်ချိန်ပေါ့ မနက် ၉နာရီကနေ ညနေ ၄နာရီထိ ထိုးပေးမယ့် အစီအစဉ်လုပ်ထားတယ်လို့ သိရပါတယ်”ဟု ၄င်းက ပြောသည်။

ကာကွယ်ထိုးပေးမည့် နေရာ ၅ နေရာများကို ရေးမြိုနယ်အထွေထွေအုပ်ချုပ်ရေးရုံးအစည်းအ‌ဝေးခန်းမ၊ သီရီနန္ဒာရပ်ကွက် ဓမ္မာရုံ၊ အဏ္ဏဝါရပ် အထက ခွဲကျောင်းနှင့် ရေးမြိုနယ် အစင်ကျေးရွာ ဝေလုလင် ဓမ္မာရုံတွင် သတ်မှတ်ထားပြီး  အချုပ်သားများကို ရဲစခန်းအချုပ်ခန်းများတွင် လိုက်လံထိုးပေးမည်ဖြစ်ကြောင်း ဆက်ပြောသည်။

မွန်ပြည်နယ် ၁၀ မြို့နယ်တွင် မြို့နယ်တစ်ခုစီအလိုက် ပြည်သူ ၉၀၀၀ ခန့် ကိုဗစ်ကာကွယ်ဆေးထိုးပေးရန် ဆေးခွဲတမ်း ရရှိထားကြောင်း သိရသည်။

ရေးမြို့နယ်မှ ဒေသခံတစ်ဦးက”ထိုးမယ့်ပြည်သူတွေက အရမ်းများတယ်။ ကိုဗစ်ကူးတာတွေလည်း များလာတော့ ပြည်သူတွေက ထိုးစေချင်တယ်။ အကုန်လုံးကို ထိုးပေးနိုင်ရင်တော့ ပိုကောင်းတာပေါ့”ဟု ပြောသည်။

အလားတူ နေပြည်တော်ကောင်စီနယ်မြေ၊ ဧရာဝတီတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံကိုဗစ်ကာကွယ်ဆေးထိုးပေးနေကြောင်း သတင်းရရှိသည်။

တရုတ်နိုင်ငံမှ ပေးပို့လာသော ကိုဗစ်ကာကွယ်ဆေးအလုံးရေ ၃ သန်း ဇူလိုင်လ ၂၂ ရက်နေ့က မြန်မာနိုင်ငံကို ရောက်ရှိခဲ့ပြီး ၄င်းဆေးအရေအတွက်သည် မြန်မာနိုင်ငံ လူဦးရေ၏ ၃.၂ ရာခိုင်နှုန်းကိုသာ ထိုးနှံပေးနိုင်မည်ဖြစ်ကြောင်း ရိုက်တာ သတင်းက ဖော်ပြသည်။

ရေးမြို့ကာကွယ်ဆေးထိုးနှံနေကြစဥ် (Aung Naing Win)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts