HomeCovid 19NLD CEC ဦးဉာဏ်ဝင်း ကွယ်လွန်သည့်အပေါ် SNLD ဝမ်းနည်းကြောင်း သဝဏ်လွှာပို့

NLD CEC ဦးဉာဏ်ဝင်း ကွယ်လွန်သည့်အပေါ် SNLD ဝမ်းနည်းကြောင်း သဝဏ်လွှာပို့

-

မွန်သတင်းအေဂျင်စီ (၂၀-ဇူလိုင် ၂၀၂၁)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD-CEC ) ဗဟိုအလုပ်မှုဆောင် ဦးဉာဏ်ဝင်း ကွယ်လွန်သွားသည့်အပေါ်  သက်ဆိုင်ရာမိသားစုဝင်များနှင့် အတူ ဝမ်းနည်းကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)က သဏ်လွှာပေးပို့ခဲ့သည်။

အင်းစိန်ထောင်အတွင်း ဖမ်းဆီးထိန်းသိမ်းခံထားရသော NLD ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်းသည် ယနေ့ ဇူလိုင် ၂၀ ရက် နံနက် ၉ နာရီခန့်က ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ကွယ်လွန်သွားခြင်းဖြစ်သည်။

“ကွယ်လွန်သွားတာ စိတ်မကောင်းဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့နဲ့ ကျနော်နှစ်ပေါင်း တော်တော်လေးကြာတယ် အတူတူ အလုပ်လုပ်ခဲ့ကြတာ။ အခု မထင်မှတ်ဘဲ အဲလိုဖြစ်သွားတာ။ အမှန်တော့ အကျဉ်းထောင်မှာ အဲလိုဖြစ်တယ်ဆိုတာ သူတို့ဘက်က တာဝန်ရှိတာပေါ့နော်။ အဲလိုမဖြစ်အောင် သူတို့ တာဝန်ယူပေးဖို့ လိုတာပေါ့။ ဒါပေမယ့် မဖြစ်ခဲ့ဘူး။ ဒါမျိုးတခြားလူတွေရော လာဦးမလားမသိတော့ဘူး။ တခြား အလုပ်မှုဆောင်ထဲမှာ ကူးစက်ခံရတဲ့လူတွေ ရှိနေတယ်လို့ ကြားရတယ်” ဟု SNLD ဥက္ကဌ စိုင်းညွန့်လွင်က ပြောသည်။

ဦးဥာဏ်ဝင်း ကွယ်လွန်ချိန်တွင် အသက် ၇၉ နှစ်ရှိပြီဖြစ်ကာ ဆီးချိုနှင့် သွေးဝမ်းသွားရောဂါ အခံရှိသလို ကိုဗစ် -၁၉ ကူးစက်ခံရသည့်အတွက် ဇူလိုင် ၁၁ ရက်နေ့မှ စတင်၍ အင်းစိန်ထောင်မှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းကုသနေရခြင်း ဖြစ်သည်။

“ဟိုးအရင်ကတည်းက ကျနော်တို့ တရားစွဲခံရတဲ့အချိန်မှာ ကျနော်တို့ အမှုလိုက်ပေးတာပါ။ အယူခံတက်တာပေါ့နော် အယူခံတက်တဲ့ အမှုအားလုံး၊ သူနဲ့ ကျနော်နဲ့ အခုနောက်ပိုင်းမှာလည်း တော်တော်လေး အဝင်အထွက်ရှိတယ်။ ပြောမယ်ဆိုရင် NLD ရဲ့ CEC ထဲမှာ ကျနော်နဲ့ ခင်မင်မှုအများဆုံးကတော့ ဦးဉာဏ်ဝင်းပဲ ဖြစ်တယ်။ ကျနော်တို့အပြင် ပါတီထဲက တော်တော်များများနဲ့လည်း သူတော်တော်များများနဲ့ ခင်ကြပါတယ်။ အခုလိုဖြစ်သွားတော့ စိတ်မကောင်းဘူးပေါဗျာ” ဟု စိုင်းညွန့်လွင်က ပြောသည်။

စစ်တပ်မှ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးနောက် NLD ပါတီခေါင်းဆောင်များကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး တရားစွဲဆိုမှုများ ပြုလုပ်ခဲ့ရာ NLD ဗဟိုကော်မတီဝင် တဦးဖြစ်သည့် ဦးဉာဏ်ဝင်းကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)ဖြင့်  တရားစွဲဆိုထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts