HomeCovid 19မွန်သမိုင်း သုတေသနပညာရှင် ဆရာကြီးဦးစံဝင်း အသက် (၇၄) နှစ် ကွယ်လွန်

မွန်သမိုင်း သုတေသနပညာရှင် ဆရာကြီးဦးစံဝင်း အသက် (၇၄) နှစ် ကွယ်လွန်

-

မွန်သတင်းအေဂျင်စီ (၂၀-ဇူလိုင် ၂၀၂၁)

မွန်သမိုင်းသုတေသနပေါင်းများစွာ ပြုစုရေးသားခဲ့သူ သုဝဏ္ဏဘူမိမြို့ဟောင်းကို တူးဖော်ခဲ့သည့် မွန်သမိုင်း သုတေသနပညာရှင် ယဉ်ကျေးမှုဝန်ကြီးဌာန အငြိမ်းစား လက်ထောက်ညွှန်ကြားရေးမှူး ဆရာကြီး ဦးစံဝင်း အသက် (၇၄) နှစ်သည် ယနေ့ ဇူလိုင် ၂၀ ရက် မွန်းလွဲ ၂ နာရီခန့်တွင် ရန်ကုန်တိုင်း ရွှေပြည်သာမြို့ နေအိမ်၌ ကွယ်လွန်သွားကြောင်း သတင်းရရှိသည်။

ဆရာကြီး ဦးစံဝင်း ကွယ်လွန်ခြင်းသည် မွန်လူမျိုးတို့အတွက် အစားထိုးမရသော သုတေသနပညာရှင် တစ်ဦးဖြစ်သလို မြန်မာနိုင်ငံအတွက် သမိုင်းနှင့် ပတ်သက်၍ အစားထိုးမရသည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်ဟု ရန်ကုန် မွန်စာပေယဥ်ကျးမှု ကော်မတီ ဥက္ကဌ နိုင်စိုးအောင်က ဆိုသည်။

“ကျနော်တို့ကတော့ အလွန်ပဲ နှမြောတာပေါ့ဗျာ။ ဆရာက ကျနော်တို့ မွန်လူမျိုးအတွက် အင်မတန်မှ အစားထိုးမရတဲ့ သုတေသန ပညာရှင်တစ်ယောက်လို့ ပြောရမယ်။ နောက်တစ်ခုက မြန်မာနိုင်ငံအတွက်လည်း သူက သမိုင်းကော်မရှင်အဖွဲ့ဝင်ဆိုတော့လေ မြန်မာနိုင်ငံသမိုင်းအတွက်လည်း အင်မတန်မှ အစားထိုးလို့မရတဲ့ ပုဂ္ဂိုလ်ကြီးတစ်ယောက်ပေါ့နော်။ သူက သုတေသနဘက်မှာ အရမ်းအားသန်တယ်” ဟု နိုင်စိုးအောင်က ပြောသည်။

ဆရာကြီး ဦးစံဝင်း

သမိုင်းသုတေသနများကို ကိုယ်တိုင်တစိုက်မတ်မတ် ဦးစီးလုပ်ကိုင်လာသူဖြစ်ပြီး သမိုင်းတူးဖော်ရေးလုပ်ငန်းများကိုလည်း အသက်အရွယ်နှင့် မမျှအောင် လုပ်ဆောင်နိုင်သည်ဟု နိုင်စိုးအောင်က ဆိုသည်။

သူပြုစုရေးသားခဲ့သော သုဝဏ္ဏဘူမိ သုတေသန (Research on Suvannabhumi) စာအုပ်ဖြင့် ၂၀၁၃ ခုနှစ်တွင် အမျိုးသားစာပေဆုရရှိခဲ့ပြီး သမိုင်းဆိုင်ရာစာတမ်းဖတ်ပွဲများကို ပြည်တွင်းတွင်လည်းကောင်း ထိုင်းနိုင်ငံတက္ကသိုလ်များသို့လည်းကောင်း အကြိမ်ကြိမ်သွားရောက်ဖတ်ကြားခြင်း၊ ရန်ကုန်အရေးပိုင်ဟောင်း မောရစ်ကောလစ်၏ ယိုးဒယားဝှိုက်၊ ရာမညဒေသ ကျိုက္ကသာမြို့ဟောင်း သုတေသနခရီး၊ Mini Dictionary of Abhidhamma (University of Abhidhamma) စသည့်စာအုပ်များရေးသားထုတ်ဝေခဲ့သည့်အပြင် သမိုင်းသုတေသနဆောင်းပါးများစွာ ရေးသားပြုစုခဲ့သူလည်း ဖြစ်သည်။

ဆရာကြီး ဦးစံဝင်းသည် မွန်ပြည်နယ် ပေါင်မြို့နယ် ဖြူဘရွာ ဇာတိဖြစ်ကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့်ရက်ပိုင်းက မွန်စာပေသမိုင်းပညာရှင် နိုင်မောင်တိုး (၇၇ နှစ်) သည်လည်း ဇူလိုင် ၁၇ ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts