HomeCovid 19မော်လမြိုင်တွင် ဖျားနာကုသရေး အိမ်သုံးဆေးဝါးတစ်ချို့ ပြတ်လပ်၊ ဆေးခန်းများပိတ်ထား

မော်လမြိုင်တွင် ဖျားနာကုသရေး အိမ်သုံးဆေးဝါးတစ်ချို့ ပြတ်လပ်၊ ဆေးခန်းများပိတ်ထား

-


မွန်သတင်းအေဂျင်စီ (၂၀၂၁ ဇူလိုင် ၂၀)


မော်လမြိုင်မြို့‌ပေါ် ဆေးဆိုင်‌‌များတွင် ဖျားနာကုသရေးအတွက် လိုအပ်သော အိမ်သုံးဆေးဝါးတစ်ချို့  ပြတ်လပ်မှုရှိနေပြီး ပုဂ္ဂလိကဆေးခန်း တော်တော်များများ ပိတ်ထားကြောင်းသိရသည်။

မော်လမြိုင်မြို့ပေါ် ဆေးခန်းဖွင့်လှစ်ထားသော ဆရာဝန်တစ်ဦးက “ မော်လမြိုင်မြို့ပေါ်မှာ ဆေးခန်းတော်တော်များများပိတ်ထားပေမယ့် ကျနော်က လူနာတွေကိုသနားလို့ ဆေးခန်းဖွင့်ပါတယ်၊ ကျနော့်ဆေးခန်းမှာက လူနာ ၅၀ ဝန်းကျင်လောက်နေ့စဥ်လာပါတယ်၊ အဲဒီလူနာထဲက ထက်ဝက်နီးပါးဟာ အနံ့မရတာ အရသာမသိတဲ့လူနာတွေဖြစ်နေကြတယ်၊ ဒါကြောင့် ကျနော်တို့ မော်လမြိုင်မြို့မှာ ကိုဗစ်တော်တော်ပြန့်နေတဲ့အနေအထားရှိနေပြီ၊ နောက်တစ်ခုက ပါရာစီတမောကအစ မြို့ပေါ်မှာ လိုက်ဝယ်လို့မရဖြစ်နေပြီ၊ ဆေးလည်းပြတ်နေတဲ့အတွက် ကျနော်လည်း ဒီမနက်မှာပဲ ဆေးခန်းတစ်ပတ်ပိတ်လိုက်ရပါပြီ” ဟု ဆိုသည်။

ထို့အတူ ကိုဗစ်ကုသရေးအတွက် အိမ်တွင်း‌ ဆောင်ထားကြရန် အကိုက်အခဲပျောက်ဆေး၊ အဖျားပျောက်ဆေး နှင့် အားဆေးများကို အများဆုံး ဝယ်ယူနေကြကြောင်း မော်လမြိုင်၊ သီရီမြိုင်ရပ်ကွက်ရှိ “စွမ်း”ဆေးဆိုင်ပိုင်ရှင်က ပြောသည်။

“အစ်မတို့ဆိုင်မှာတော့ ရောက်တာနဲ့ ကုန်တာက အဖျားပျောက်ဆေးတွေပဲ။ နောက်အားဆေးပေါ့။ ပါရာ၊ ဒီကိုဂျင်၊ အန်နာဗွန်-စီ၊ ဘရမ်းဌက်သိုက် အဲဒါတွေကတော့ ရောက်ကုန်ပဲ။ တစ်ကယ်လိုအပ်တဲ့သူတွေ လာဝယ်တယ် မရောင်းပေးနိုင်ဘူးဖြစ်နေတယ်။ ပစ္စည်းတွေက ပြတ်ကုန်တော့လေ”ဟု ပြောသည်။

ထို့အပြင် ပါရာစီတမော၊ ပါရာကဒ်၊ ဒီကိုဂျင်၊ Ceovit၊ Afrin၊ Envervon C ကဲ့သို့ ဆေး‌များ သာမက ကွမ်းရွက်ပုံ၊ အဆုတ်သန့်ဆေး၊ အဘထ ရှုဆေး နှင့် ရင်လူးဆေး စသည့် ဆေးများလည်း ပြတ်လပ်မှု ရှိနေကြောင်း ဆက်ပြောသည်။

မော်လမြိုင် ဇေယျာသီရီရပ်ကွက်မှ ဆေးခန်းဖွင့်ထားသည့် ဆရာမ တစ်ဦးက “အရင်ကဆို ဆေးတစ်ခါတည်း ပေးတယ်။ အခုက ဆရာမမှာလည်း လိုအပ်တဲ့ဆေးတွေက မရောက်ဘူး။ မှာထားတယ်။ ရောက်မလာသေးတာပေါ့။ အဲတော့ ဆေးညွှန်းပဲ ရေးပေးတယ်။ ဆရာမဆီမှာ ရှိတဲ့ ဆေးတွေဆိုရင်တော့ ဆရာမ တစ်ခါတည်း ပေးတယ်”ဟု ပြောသည်။

ယခင်တွင် ပါရာစီတမော တစ်ကဒ် ၂၅၀ကျပ်၊ ဒီကိုဂျင် ၄၀၀ကျပ်၊ ဘရမ်း ဌက်သိုက် တစ်ဗူး ၂၅၀၀ကျပ်၊ အဘထ ရှုဆေး တစ်ဗူး ၆၀၀ကျပ် ရောင်းဈေးရှိခဲ့ရာမှ ယခုအခါ ပါရာစီတမော တစ်ကဒ် ၆၀၀ကျပ်၊ ဒီကိုဂျင် ၈၀၀ကျပ်၊ ဘရမ်း ဌက်သိုက် တစ်ဗူး ၄၀၀၀ကျပ်၊ အဘထ ရှုဆေး တစ်ဗူး ၁၂၀၀ကျပ် ဖြင့် ရောင်းချလျှက်ရှိကြောင်း သိရသည်။

လက်ရှိ မော်လမြိုင်တွင် ကိုဗစ်သံသယလက္ခဏာရှိသူများ မိမိတို့နေအိမ်တွင်သာ သီးခြားနေထိုင် ကုသနေသောကြောင့် ဆေးဝါး ဝယ်ယူမှုရှိနေသည်ဟုလည်း ယူဆကြသည်။ ကိုဗစ်တတိယလှိုင်းဖြစ်ပေါ်ခဲ့သည့် ဇွန်လနှင် ဇူလိုင်လဝက်အတွင်း မွန်ပြည်နယ်တွင် ရောဂါကူးစက်ခံရသူ ၄၃၆၇ ဦးအနက် ၁၉၈ ဦး အသက်သေဆုံးခဲ့သဖြင့် သေဆုံးမှုနှုန်း ၄ ဒဿမ ၅ ဖြစ်ကြောင်း၊ ရောဂါဖြစ်ပွားမှုနှုန်း ကူးစက်မှုနှုန်း သေဆုံးမှုနှုန်းမြင့်တက်လာနေကြောင်း မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သတင်းရရှိသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts