Home Covid 19 မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေများအတွင်း ကိုဗစ်ကုသရေး ဆေးရုံ ၅ ခု ဖွင့်လှစ်သွားမည်

မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေများအတွင်း ကိုဗစ်ကုသရေး ဆေးရုံ ၅ ခု ဖွင့်လှစ်သွားမည်


မွန်သတင်းအေဂျင်စီ (၁၅ ဇူလိုင်-၂၀၂၁)

ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်မှု ပိုမိုပြင်းထန်လာပြီး အစိုးရဆေးရုံများနှင့် ကိုဗစ်စင်တာများတွင် သွားရောက်ကုသရန်ပိုမိုခက်ခဲလာခြင်းကြောင့် အတည်ပြုလူနာနှင့် သံသယလူနာများ ကုသရေးအတွက် မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေများအတွင်း ဆေးရုံ ၅ ခု မကြာမီ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ (ဗဟို) ကိုဗစ်ကူးစက်ရောဂါ ထိန်းချုပ်ရေးကော်မတီမှ သိရသည်။

မွန်ပြည်သစ်ပါတီ တပ်တည်ခွင့်ရနေရာများဖြစ်သည့် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်းရှိ မွန်ပြည်သစ်ပါတီ သထုံခရိုင်ဌာနချုပ်၊ ဘုရားသုံးဆူမြို့နယ် ဗလဲ့ဒွန်ဖိုက်စခန်း၊ မော်လမြိုင်ခရိုင်အခြေစိုက်ရာဒေသဖြစ်သည့် ကြာအင်းဆိပ်ကြီးမြို့နယ် တောင်ပေါက်ကျေးရွာ၊ ထားဝယ်ခရိုင် ဝယ်ဇင်ကျေးရွာနှင့် ရေးချောင်းဖျားဒေသ ပနန်းပုံကျေးရွာများ၌ ယာယီဆေးရုံများ ဖွင့်လှစ်သွားရန် ရှိကြောင်း မွန်ပြည်သစ်ပါတီ(ဗဟို)ကိုဗစ်ကူးစက်ရောဂါ ထိန်းချုပ်ရေးကော်မတီ ဥက္ကဌ ပြည်တွင်းရေးရာတာဝန်ခံ နိုင်ဗညားလယ်က ပြောသည်။

“ကုသရေးအပိုင်းမှာဆိုရင် ဆရာဝန်တွေ သူနာပြုတွေ မွန်ပြည်သစ်ကဆေးမှူးတွေနဲ့ ပရဟိတလူငယ်တွေ ပါဝင်နိုင်တဲ့ ဆေးရုံတွေကို အမြန်ဆုံးအကောင်အထည်ဖော်နိုင်ဖို့ ဆောင်ရွက်နေပါတယ်။ ကာကွယ်ထိန်းချုပ်တဲ့အပိုင်းမှာဆိုလည်း ကျွန်တော်တို့ နယ်မြေအတွင်းမှာပဲ ကျန်းမာရေးစစ်ဆေးဂိတ် ၁၈ ခုကို ဆက်ပြီး ဖွင့်လှစ်သွားဖို့ ရှိတယ်” ဟု နိုင်ဗညားလယ်က ပြောသည်။

ထို့အပြင် မွန်လူမျိုးအများစုနေထိုင်သည့် မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေမဟုတ်သည့် ဒေသများတွင်လည်း ကိုဗစ်ကာကွယ်ထောက်ပံ့ရေးလုပ်ငန်းများကို ဝိုင်းဝန်းကူညီဆောင်ရွက်သွားရန် မည်သည့်အခန်းကဏ္ဍတွင်မဆို ပါဝင်သွားမည်ဖြစ်ကြောင်းလည်း ၎င်းကဆက်ပြောသည်။

 “တစ်နိုင်ငံလုံး တစ်မြို့လုံး ကပ်ဘေးနဲ့ ရင်ဆိုင်နေရတဲ့လက်ရှိအချိန်မှာဆိုရင် ဟိုအဖွဲ့ ဒီအဖွဲ့ ဟိုပါတီ ဒီပါတီဆိုပြီးတော့ ခွဲခြားနေဖို့မသင့်တော့ဘူး။ ဘယ်လိုကာကွယ်ရမယ် ဘယ်လိုပူးပေါင်းပါဝင်ရမယ်ဆိုတဲ့စိတ်ဓါတ် လူမျိုးတိုင်းမှာထားရှိဖို့ အရမ်းအရေးနေပြီး” ဟု နိုင်ဗညားလယ်က ဆိုသည်။

မွန်ပြည်သစ်ပါတီထိန်းချုပ်ရာနယ်မြေတွင် ကျေးရွာပေါင်း၊ ၁၀၀ ကျော် အိမ်ခြေ ၁၅,၀၀၀ ကျော်ရှိပြီး လူဦးရေ ၇၀,၀၀၀ ကျော်ရှိကြောင်း သတင်းမှတ်တမ်းများက ဖော်ပြသည်။


မွန်ပြည်သစ်ပါတီ (ဗဟို) ကိုဗစ်ကူးစက်ရောဂါ ထိန်းချုပ်ရေးကော်မတီ ဥက္ကဌ နိုင်ဗညားလယ် (NMSP)

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here

This site uses Akismet to reduce spam. Learn how your comment data is processed.