HomeCovid 19မော်လမြိုင်တက္ကသိုလ်မှ စာမေးပွဲဖြေဆိုပြီး ကျန်းမာရေးမစစ်ဆေးဘဲ နေရပ်ပြန်ရောက်သူများ ရှိနေ

မော်လမြိုင်တက္ကသိုလ်မှ စာမေးပွဲဖြေဆိုပြီး ကျန်းမာရေးမစစ်ဆေးဘဲ နေရပ်ပြန်ရောက်သူများ ရှိနေ

-

မွန်သတင်းအေဂျင်စီ (၃ ဇူလိုင် ၂၀၂၁)

ကိုဗစ်ရောဂါဖြစ်ပွားသူ (၁၀၀) ကျော် ဖြစ်ပွားနေသော မော်လမြိုင်တက္ကသိုလ်ဝင်းထဲမှ စာမေးပွဲဖြေဆိုပြီး နေရပ်ပြန်ရာတွင် ကိုဗစ်ရောဂါပိုး ရှိ၊ မရှိ ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်ခြင်းမရှိဘဲ နေရပ်ပြန်သွားကြသည့် ကျောင်းသား၊ ကျောင်းသူများ ရှိနေကြောင်း သိရသည်။

မော်လမြိုင်တက္ကသိုလ်မှ စာမေးပွဲဖြေဆိုပြီး နေရပ်ကို ပြန်သွားသည့် ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် သက်ဆိုင်ရာမြို့နယ်အလိုက် Quarantine ဝင်ရောက်ပြီး ကျန်းမာရေးစစ်ဆေးမှု ခံယူသင့်ကြောင်း ကျောင်းသားသမဂ္ဂဥက္ကဌ မင်းသံစဉ်ဦးက ဆိုသည်။

“တကယ်တန်းကျတော့ ကျောင်းမတက်ပါနဲ့လို့ ကျောင်းမတက်လို့ရှိရင်တော့ ဒီလိုမျိုး ပြဿနာတွေ လိုက်လုပ်စရာမရှိဘူးပေါ့နော်၊ အာဏာရှင်ဆန့်ကျင်ရေး လမ်းကြောင်းတစ်ခုထဲကိုပဲ သွားလို့ရတယ်။ သူတို့ကသူတို့ ဘယ်လောက်ပဲကျောင်းသွားတက်တက်၊ မိဘက တိုက်တွန်းမှု ကိုယ်တိုင်အခက်အခဲ တစ်ခုကြောင့်လည်း ဖြစ်မယ်။ ဒါပေမယ့် သူတို့က ကျောင်းသားပဲပေါ့နော်။ ပြန်ပြီးတိုက်တွန်းချင်တာက ဖြစ်နိုင်မယ်ဆိုရင်တော့ အနည်းဆုံးတော့ Quarantine စင်တာမှာ တစ်ပတ် ဒါမှမဟုတ် ၁၄ ရက် ထားပြီးတော့၊ ခနထားပြီး ပြန်လွှတ်တာက သင့်တော်တယ်ပေါ့။ အခုချိန်ကတော့ အကုန်ပြန်ကုန်ပြီးပေါ့” ဟု မင်းသံစဉ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇွန်လအတွင်းက မော်လမြိုင်တက္ကသိုလ်အတွင်း ကျောင်းသားကျောင်းသူများ၊ ဆရာနှင့် ဝန်ထမ်း ၁၀၀ ကျော် ကိုဗစ်ရောဂါပိုးတွေရှိခဲ့သည့်အပြင် အင်ကြင်းဆောင်ရှိ ကျောင်းသူ ၄၂ ဦး ဇွန်လ ၂၇ ရက်နေ့က ကိုဗစ်ပိုးတွေ့ရှိခဲ့ကြောင်း မော်လမြိုင်တက္ကသိုလ်သတင်းဌာနက ထုတ်ပြန်ခဲ့သည်။

“စာမေးပွဲလည်းဖြေပြီးပြီး၊ ကျောင်းမှာလည်း ကိုဗစ်ပိုးကိုအားလုံးကြောက်လန့်နေရတာ ပြန်လို့ရပြီဆိုတော့ အိမ်ကိုချက်ချင်းပြန်ကြတာပဲပေါ့” ဟု ရေးမြို့မှ အမည်မဖော်လိုသူ ကျောင်းသူတစ်ဦးက ဆိုသည်။

ယင်းသို့ တက္ကသိုလ်တွင် တစ်ဆောင်လုံးနီးပါး ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့သော်လည်း လက်ရှိ မော်လမြိုင်တက္ကသိုလ် တာဝန်ရှိသူများက တိကျသည့် ဆောင်ရွက်ချက်၊ အသိပေးချက်များ ပြုလုပ်ခဲ့ခြင်းမရှိခဲ့ပေ။

တစ်ကျော့ပြန် ရောဂါကူးစက်မှုအတွင်း မွန်ပြည်နယ်အတွင်း မော်လမြိုင်မြို့နှင့် သံဖြူဇရပ်မြို့နယ်တို့တွင် ကိုဗစ်ရောဂါပိုးရှိသူ အများဆုံးတွေ့ရှိနေပြီး မော်လမြိုင်ဆေးရုံကြီး၌ ကိုဗစ်အတည်ပြုလူနာ ၁၅ ဦး သေဆုံးသူပြီဖြစ်ကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts